Tuesday, 19 May 2015
Zbigniew Herbert ရဲ့  လွမ်းစရာ့ ကဗျာတစ်ပုဒ် - ကျော်မျိုး
မြန်မာလိုခေါ်ရခက်တဲ့ နာမည်နဲ့  ZbigniewHerbert ဆိုတဲ့ ကဗျာဆရာကြီးကို ကျွန်တော် စ သိတာကတော့ ဆရာ မောင်သစ်မင်းဘာသာပြန်တဲ့ “သုံးယောက်ကောင်းကင်” ဆိုတဲ့ ဘာသာပြန်ကဗျာစာအုပ်လေးကနေ သိတာပဲ ။ အဲဒီစာ
အုပ်လေးက၁၉၉၀ နှစ်များကထွက်တာပါ။ခုနှစ်အတိအကျတော့ မမှတ်မိဘူး ။ သူငယ်ချင်းတစ်ယောက်ဆီက နောက်ဆယ်စုနှစ်တစ်ုနီးပါး၂၀၀၁ လောက်မှာ ဖတ်ဖူးတာပဲ ။ နောက်တော့ ကံကောင်းတိုက်ဆိုင်လို့ ကွယ်လွန်သူ စာရေးဆရာကြီး ဥိးငြိမ်းကျော်ရဲ့သားအငယ် ညီအကိုတော်ကို မောင်မောင်သော်(ကိုသော်) က သူ့ အဖေရဲ့ စာအုပ်တွေ အမျိုး
သားစာကြည့်တိုက်ကိုအပြီးမလှူလိုက်ခင်မှာ ကျွန်တော်အဲဒီတုန်းက သိနေတဲ့ အရှေ့ ဥရောပကဗျာဆရာတွေဖြစ်တဲ့ ဟောလဗ် ၊ဟားဗတ် တို့ ရဲ့ ပင်ဂွင်း မော်ဒန် ယူရိုပီယန်ပို့ ယတ် စီးရီးစ် စာအုပ်လေးနှစ်အုပ် ။မော်စကို ပရောဂရတ် ဆစ်ပါဗလစ်ရှာကထုတ်တဲ့ Marx-Engles-On Literature and Arts နဲ့  Lenin-On Literature and Arts စာအုပ်နှစ်အုပ်ရယ် ၊ပြီးတော့ ဆရာငြိမ်းကျော်သို့  လို့ ရည်ညွှန်း ထားတဲ့ဆရာမောင်သိန်းဇော်ရဲ့ “ပြုံးနေတဲ့သံဆူးကြိုးလေး”
ကဗျာစာအုပ်(အဲစာအုပ်ကစာမူကြိုတင်ခွင့်ပြုချက်နဲ့ ထုတ်ဝေတာဗျ ။ 
စာအုပ်ရဲ့ ပုံနှိပ်နေ့ စွဲက ၁၉၈၈ ။မတ်လ ။၈၈ အရေး တော်ပုံကြီးအရှိန်မကြီးလာခင် လပိုင်း ကာလများ အလိုပေါ့ ) ။ ကွယ်လွန်သူ ဆရာကြီး ဦးငြိမ်းကျော်ရဲ့ကျေးဇူးက အဲလို ကျွန်တော့်အပေါ်အဲလိုရှိသဗျ။
ဒါပေမဲ့ ဦးငြိမ်းကျော်ကို သေသည်အထိကျွန်တော် အနီးကပ်မမြင်ဖူးပါဘူး ။၁၉၉၂
လောက်က အင်းစိန်ပေါက်တောဝမှာစတိတ်ရှိုးလုပ်တော့ ဂစ်တာတီးတာ ကိုသော်ပဲ ။အဲမှာ ပရိသတ်လူငယ်တွေက အောက်မှာဆူနေလို့ ဆိုပီး ဆရာငြိမ်းကျော်က စင်ပေါ်တက်ပြီး ပွဲထိန်းတော့ ဆရာစကားပြောတာ ခပ်ထွေထွေနဲ့ရယ် ။ နာရီဝက်ကျော်လောက်ကြာနေပြီး၊ “သားတို့ ဆူနေရင် သော်သော့်ကို ဆရာ အခုပြန်ခေါ်သွားတော့မယ်” ချည်းပြော
နေတာနဲ့ ၊ပြီးတော့ဆရာစကားပြောတာ ကြာလာလို့  အောက်က ပရိသတ်က စိတ်ညစ်လာပြီး ဟိုအော်ဒီအော်တွေ လုပ် လာကြတာလေးတော့ခပ်ဝေးဝေးက ကြုံဖူးသဗျ ။ အင်မတန်နာမည်ကြီးတဲ့ အဲဒီလို စာရေးဆရာကြီးကို ကျွန်တော် ခပ်လှမ်းလှမ်းကမြင်ဖူးလိုက်ပေမဲ့ နောင်မှာ သူ့ သားနဲ့ ရော ၊သူ့ စာအုပ်လေးတွေတချို့ ပါ ကျွန်တော်နဲ့အင်မတန်ခင်မင် လာမယ်ဆိုတာတစ်ခါမှ စိတ်မကူးခဲ့မိတာလဲအမှန်ပါ ။ထားပါ ။အဲဒီအမှတ်တရလေးတွေ ။နောင်မှပဲအက်ဆေးလေး ဘာ
ေေေေ  လေးသီကုံးမယ်ဗျာ။
ဒီလိုနဲ့ ဇာတ်လမ်းကို အတိုချုပ်ရရင်တော့အဲဒီတုန်းက ကျွန်တော်လက်ဆောင်ရခဲ့တဲ့ စာအုပ်လေး
တွေဟာ ကျွန်တော့်ဘဝမှာ ခုထိအရေးပါနေခဲ့တော့တာ တွေ့ ရပါတယ် ။ အဲဒီအထက် စာအုပ်တွေထဲမယ် ယောလဗ်နဲ့  ဟားဗတ်စာအုပ်တွေကကျွန်တော့်ကဗျာဘဝမှာ အမှတ်တရဖြစ်သလို ၊မောင်သိန်းဇော်ဟာလည်းကျွန်တော်အနှစ်သက် ဆုံးကဗျာဆရာများထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ် ။
အခု ကျွန်တော်တင်ဆက်လိုက်တာကတော့ဆရာမောင်သစ်မင်းရဲ့ သုံးယောက်ကောင်းကင် ကဗျာစာအုပ်
လေးထဲပါတဲ့ကဗျာတစ်ပုဒ်ပါပဲ ။ အသစ်မဟုတ်ရပါဘူး ။ဖတ်ဖူးတဲ့သူတွေသိကြမှာပါ ။ခုက လက်ထဲမှာ ဆရာမောင်သစ်မင်း ဘာသာပြန်မူမရှိတာနဲ့ ကိုယ်ပိုင်တဲ့စာအုပ်လေးထဲက ဂျွန်နဲ့ ဘော့ဂ်ဒါနာ ကာပင်တာတို့ ရဲ့ မူကိုယူပြန်ပြီးဒီမှာ တင်ဆက်လိုက်၇ပါတယ်။ဒါ့ကြောင့် ဆရာမောင်သစ်မင်းတို့ ခေတ်အခါက ကိုင်ပြန်တဲ့ ပင်ဂွင်းခေတ်ပေါ်ကဗျာဆရာများစီးရီး
PenguinModern European Poets series ထဲက မူတွေနဲ့ တော့ တူချင်မှ တူမှာပါ ။
ဒါပေမဲ့  တူချင်မှလည်းတူပါလိမ့်မယ် ။ နဲနဲကွဲနေတာလည်း ရှိနိုင်ပါတယ် ။ဟားဗတ်ကဗျာတွေကိုကျွန်တော်အရင်ကလည်း အချို့ အဝက် ပြန်ဖူးပါတယ်။
အခုယူပြန်တာကတော့ဂျက်ဖရီပိန်း Jeffery Paine တည်းဖြတ်တဲ့ The Poetry of Our World:An InternationalAn-Theologyof Comtemporary Poetry ကပါ ။ ဒီစာအုပ်လေးကို လက်ဆောင်အဖြစ် မိတ္တူပေးကူးတာကတော့YangonSchoolof Political Science က မိတ်ဆွေကြီး ကိုစိုင်းရဲကျော်စွာဖြစ်ပါကြောင်း ကျေးဇူးစကားလေးလည်းမမေ့မလျော့ဆိုရင်းနဲ့ ….။
               ကဲဖတ်ကြည့်နိုင်ပါပြီ ရဲဘော်များခင်ဗျား။ကျေးဇူးတင်ပါတယ် ။နောက်လည်း               ကဗျာတွေတင်ပါဦးမယ်ဗျာ။
The Rain
When myolder brother
came backfrom the war
he had a little silver star on his forehead
and under the star
an abyss
a splinter of shrapnel
hit him at Verdun
or perhaps at Gru”nwald
(he didn’t remember the details)
He talk a lot in many languages
but most of all he liked
the language of history
until losing breath
he called to his dead comrades under the ground
Roland Jones Hannibal
he shouted
that  this is the last crusade
soon Carthage will fall
and then sobbing confessed
that Napolean doesn’t like him
we watched
him become paler
his senses abandoned him
slowly he was turning into a monument
into musical shells of ears
entered a  stone forest
the skin of his face
was fastened
with two blind dry
buttons of eyes
all he had left
was touch
what stories
he told with his hand
in the right he had romances
in the left soldiers’s memories
they took my brother
and carried him out of town
he returns now every autumn
thin and quiet
he doesn’t want to enter the house
he knocks at the window for me to come out
we walk on the streets
and he tells me
unbelievable tales
touching my face
with blind fingers of weeping
           ZbigniewHerbert
Translated from Polish intoEnglish by John and Bogdana Carpenter
မိုး
ကျွန်တော့်အကို
စစ်ထဲက ပြန်လာတော့
သူ့ နဖူးပေါ်မှာငွေကြယ်တစ်ပွင့်ပါလာခဲ့
ကြယ်ပွင့်ရဲ့အောက်မှာက
ချောက်နက်နက်တစ်ခု
ဗာဒွန်းမှာသူ့ ကို
ဗုံးစတစ်စထိမှန်ခဲ့
ဒါမှမဟုတ်ဂရွန်းဗာ့လ်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်သပေါ့
(အသေးစိတ်တွေသူအတိအကျမမှတ်မိ)
ဘာသာစကားမျိုးစုံနဲ့ သူပြောတယ်
ဒါပေမဲ့ အားလုံးထဲသူ့ အကြိုက်ဆုံးက
သမိုင်းဘာသာစကားပဲ
အသက်ရှုမရပ်သွားခင်အထိ
မြေအောက်ကသူ့ ကျဆုံးရဲဘော်တွေကို သူခေါ်တယ်
ရိုလန် ရေ ဂျုန်း ရေ ဟန်နီဘော ရေ
သူ အော်ဟစ်ခဲ့တယ်
ဒါဟာဖြင့်နောက်ဆုံးခရူးဆိတ်စစ်ပွဲပဲ
ကာသေ့ခ်ျမကြာခင် ကျရမယ်
ဒီ့နောက်ရှိုက်ငိုရင်း ဝန်ခံပြန်တယ်
နပိုလီယန်ဟာဖြင့်သူ့ ကို မကြိုက်ဘူးတဲ့
သူ တဖြေးဖြေးဖြူဖျော့လာတာကို
ကျွန်တော်တို့စောင့်ကြည့်ခဲ့တယ်
သူ့ အာရုံတွေကသူ့ ကို စွန့်ပစ်ခဲ့ပြီ
တဖြည်းဖြည်းနဲ့သူဟာ ရုပ်တုတစ်ခု အဖြစ်
နားရွက်တွေရဲ့ ခရုသင်းခရာအဖြစ် အသွင်ပြောင်းသွားခဲ့
ကျောက်သားသစ်တောထဲကိုဝင်ရောက်သွားခဲ့
သူ့ မျက်နှာရဲ့ အရေပြားက
တင်းတင်းချည်နှောင်ခံထားခဲ့ရ
မျက်လုံးတွေရဲ့
ခြောက်သွေ့နေတဲ့ အကန်းကြယ်သီးနှစ်လုံးနဲ့ အတူပေါ့
သူချန်ခဲ့သမျှအားလုံးကတော့
အထိအတွေ့ မျှသာပဲရှိရဲ့
သူ့ လက်တွေနဲ့အတူ သူပြောရဲ့ 
ညာဘက်လက်ထဲမယ်အချစ်အလွမ်းဇာတ်လမ်းတွေ
ဘယ်ဘက်လက်ထဲမယ်စစ်သားတစ်ယောက်ရဲ့ မှတ်ဥာဏ်တွေ
သူတို့ ကျွန်တော့အကိုကို ခေါ်သွားကြပြီး
မြို့ ပြင်ကိုသယ်ထုတ်သွားခဲ့ကြတယ်
ခုတော့ ဆောင်းတွင်းရောက်တိုင်းသူပြန်လာတယ်
ပိန်ပိန်ပါးပါးနဲ့တိတ်ဆိတ်လို့ 
သူ အိမ်ထဲကိုဝင်ချင်ပုံမရဘူး
အပြင်ထွက်လာဖို့ကျွန်တော့်ကို တံခါးခေါက်တယ်
ကျွန်တော်တို့လမ်းတွေပေါ်လျှောက်ကြပေါ့
ပြီးတော့သူက ပြောရဲ့ ကျွန်တော့်ကို
မယုံနိုင်စရာပုံပြင်တွေရယ်
ငိုကြွေးနေတဲ့မိုးရေလက်ချောင်းအကန်းတွေနဲ့ 
ကျွန်တော့်မျက်နှာကို ထိစမ်းရင်းလေ
                   ဇဗစ်ဂညူး ဟားဗတ်      
              ဘာသာပြန်-ကျော်မျိုး
Saturday, 16 May 2015
မောင်ချောနွယ် ချန်ထားတဲ့အရက်
 “အောင်ချိမ့်ကြီး ကဗျာဆရာတွေကို သေနတ်နဲ့ပစ်ချလိုက်တော့
  အားလုံး အိုက်တင်အမျိုးမျိုးနဲ့ လဲကျသွားကြ
  ( သူပစ်လိုက်တာက ရေသေနတ်နဲ့ ပစ်တာ )
  ခဏနေတော့ အားလုံးတဟားဟားရယ်ပြီး ထလာကြ ၊
  ကဗျာဆရာဆိုတာ ဘယ်တော့မှ မသေဘူး ”
မောင်ချောနွယ်၏ “ စစ်အတွင်းက ကွဲသွားသော သူငယ်ချင်း ညီအစ်ကိုတစ်တွေ
ပြန်တွေ့တဲ့နေ့ ” မှ )
မောင်ချောနွယ် တစ်ယောက်ဆုံးသွားပြီ ။သူရှေ့မှာလည်း ဖော်ဝေးတို့ ၊ ဘယ်သူတို့ ။သူတို့ဟာ ဟောဒီလောကကြီးအကြောင်းကို အလျင်အမြန်ဖွဲ့ဆို ၊ ပြီး ... အလျင်အမြန် ထွက်သွားတဲ့ တစ္ဆေတွေလိုပ်ပဲ ။ကျန်ရစ်သူတွေမှာတော့ သူတို့ကဗျာတွေဖတ်ပြီး ငြီးငွေ့ချောက်ချားကျန်ရစ်ခဲ့ရတယ်။လူ့သက်တမ်းဟာ တိုသလောက် ကဗျာဆရာတွေရဲ့ သက်တမ်း
က ပိုလို့တောင် တိုသေးရဲ့ ။ဘိုင်ရွန်က ၃၆ နှစ်မှာ သေတယ်။ရှယ်လီက ၃၀၊ကိတ်စ်က ၂၆နှစ်၊ Stendhal ကလူဟာနွေမနက်ခင်းမှာ မွေးလာပြီး ၊နေ့လည်ကျတော့ သေသွားသတဲ့ ယင်ကောင်တွေလို
ပဲတဲ့။ညဆိုတာကို သူ ဘယ်လိုနားလည်ပါ့မလဲ။ဒါပေမယ့် မောင်ချောနွယ် မသေပါဘူး။ရှယ်လီ မသေသလို၊(ကိတ်)စ် မသေသလို ၊ ဘိုင်ရွန်မသေသလို ၊မောင်ချောနွယ် မသေဘူး။ခင်ဗျားတို့ မောင်ချောနွယ်ကို မြှုပ်မပစ်လိုက်ကြပါနဲ့ ။
                                   (၂)
      “အဲသည်လိုနဲ့ နာကျင်မှုတွေလည်း အရသာဖြစ်ခဲ့ပေါ့ ”
      ( မောင်ချောနွယ်၏ အထက်တန်းကျတဲ့ ရေ ” မှ )
မော်ဒန်ကဗျာဆရာဟာ မော်ဒန်အတွေ့အကြုံ (modern experience)ကို နာကျင်မှုနဲ့ ဖွဲ့ဆိုခဲ့သူပါ။
မော်ဒန်ကဗျာဆရာများဟာ သူတို့ရဲ့ ဒဏ်ရာတွေကို အလွန်လှပစွာ တင်ဆက်ပြသနိုင်သူတွေဖြစ်တယ်။
၁၉၈၀ နဲ့ ၁၉၉၀ နှစ်များကနေ ယနေ့ထိ အားကောင်းလာတဲ့ မြန်မာမော်ဒန်ကဗျာတွေကိုကြည့်ပါ။
အများစုဟာ မှောင်တဲ့ကာလရဲ့ စိတ္တဇနဲ့ လူအဖြစ်ရဲ့ ဒုက္ခတွေကို စီးကုံးထားတဲ့ နာကျင်မှု ဒိုင်ယာရီ
တွေသာ ဖြစ်တယ်။အသက်ရှင်ခြင်းရဲ့ နာကျင်မှုတွေကြားမှာ တိုက်ခတ်လာတဲ့အေးမြတဲ့ လေပြေ
လေညင်းတွေအကြောင်းလည်းပါတာပေါ့လေ။ ဒါပေမယ့် ခြုံပြောရရင် မော်ဒန်ကဗျာဆရာရဲ့ စိတ္တဇ
ဟာ မည်းမှောင်ရှုပ်ထွေးလို့ လာခဲ့တယ်။ဖင်စီခံထိ ကျွမ်းလောင်ခဲ့သော ဆေးပေါ့လိပ်တိုများ ၊ ပန်းဆိုးတန်းလမ်းဘေးမျာ ရှားပါးသော penguin modern classics များကို ကိုင်ထားဆဲမှာပင် သေး ငယ်သွားသော ငွေစက္ကူရွက်များ ၊ ဓာတ်မီးတိုင်အောက်မှ အိုဆာနေသော ပြည့်တန်ဆာများ၊အလင်းရောင် အားနည်းသောတောအရက်ဆိုင်ကလေးများ၊စိုစွတ်သော ရန်ကုန်မိုး
နေ့ မိုးညများ စသည့် စသည်များမှ ဗန်ဂိုးရဲ့ ဦးခေါင်းထဲသို့ ကျီးငှက်များ ၀င်ရောက်သည့်နှယ် မြန်မာ
မော်ဒန်ကဗျာဆရာရဲ့ အဇ္ဈတ္တထဲသို့ ၀င်ရောက်လို့ လာခဲ့ပါတယ်။
     ဥပမာ.... မောင်ချောနွယ်ကို ကြည့်ရအောင်။မောင်ချောနွယ်ဟာ အော်ဂလီဆန်မှုနဲ့ အလွမ်းကို အချိုးကျစွာ ရောစပ်ပြီး ထုတ်လုပ်ခဲ့သူပါ။သူ ထုတ်လုပ်ဖန်တီးခဲ့တဲ့ တောအရက်ဟာ ကျွန်တော်တို့ရဲ့
အသည်းကို ထိခိုက်ပျက်စီးစေမှန်းသိပေမယ့် အင်မတန်ချိုမွှေးနေတော့ကာ ခင်ဗျားတို့၊ကျွန်တော်တို့
မသောက်ပဲမနေနိုင်ခဲ့ကြဘူး။တကယ်တော့ မောင်ချောနွယ်တိုက်တဲ့ တောအရက်ဟာ ပြင်သစ်ဝိုင်
ကောင်းကောင်းတစ်ခွက်ထက်တော့ မညံခဲ့ပါဘူး။သူရောကျွန်တော်တို့ပါ ရီးဝေေ၀နဲ့ ။ကျွန်တော်တို့အားလုံးမူးနေတဲ့ အချိန်မှာမှ သူက ရသေ့ရဟန်းတစ်ပါးလို အတည်ပေါက်တွေထပြောတတ်တယ်။ မောင်ချောနွယ်ဟာ အဲဒီလိုလူ။သူဟာ မြို့ပြရဲ့ မည်းမှောင်တဲ့ထောင့်ကျဉ်းလေးတွေ ထဲထိရောက်ခဲံပါတယ်။သူဟာ စိတ်နဲ့ပြည်မြို့ကို အခေါက်ပေါင်းများစွာ ကူးချည်သန်းချီပြုခဲ့တယ်။ သူဟာညမန်မာပြည်ရဲ့ လှပတဲ့တောမြို့ ကလေးတွေဆီရောက်ခဲ့တယ်။ သူဟာပါရီကိုရောက်ခဲ့တယ်။ ဗင်းနစ်ကို ရောက်ခဲ့တယ်။ တောင်တန်းတွေဆီေ၇ာက်ခဲ့သလို တိမ်တွေဆီလည်းေ၇ာက်ခဲ့တယ်။
   “မောင်ချောနွယ် အတု”မျာ လောင်ကျွမ်းနေတဲ့ ဝေဒနာတွေကို တွေ့ရတယ်။ဒါပေမယ့် မောင်ချောနွယ်အတုဟာ အလွန်ပါးနပ်တယ် ။သူရဲ့ ဝေဒနာတွေ ၊ အလွမ်းတွေကို သူရဲ့အနုပညာနဲ့၊မာနနဲ့၊ဘ၀တဏှာ ဖုံးဖိပြခဲ့တယ်။အစောပိုင်း မောင်ချာနွယ်ဟာ “အထက်တန်း ကျတဲ့ရေ ” ထဲမှာ
                    “ဘ၀လမ်းခရီးဟာ
                     ငှက်ဆိတ်တဲ့ သစ်စည်းတစ်စည်းမှာတောင်
                     အဓိပ္ပါယ်တွေ သိပ်သည်းခဲ့ပါတယ် ”
လို့ ရေးခဲ့တယ် ။ ........
 “အောင်ချိမ့်ကြီး ကဗျာဆရာတွေကို သေနတ်နဲ့ပစ်ချလိုက်တော့
  အားလုံး အိုက်တင်အမျိုးမျိုးနဲ့ လဲကျသွားကြ
  ( သူပစ်လိုက်တာက ရေသေနတ်နဲ့ ပစ်တာ )
  ခဏနေတော့ အားလုံးတဟားဟားရယ်ပြီး ထလာကြ ၊
  ကဗျာဆရာဆိုတာ ဘယ်တော့မှ မသေဘူး ”
မောင်ချောနွယ်၏ “ စစ်အတွင်းက ကွဲသွားသော သူငယ်ချင်း ညီအစ်ကိုတစ်တွေ
ပြန်တွေ့တဲ့နေ့ ” မှ )
မောင်ချောနွယ် တစ်ယောက်ဆုံးသွားပြီ ။သူရှေ့မှာလည်း ဖော်ဝေးတို့ ၊ ဘယ်သူတို့ ။သူတို့ဟာ ဟောဒီလောကကြီးအကြောင်းကို အလျင်အမြန်ဖွဲ့ဆို ၊ ပြီး ... အလျင်အမြန် ထွက်သွားတဲ့ တစ္ဆေတွေလိုပါပဲ ။ကျန်ရစ်သူတွေမှာတော့ သူတို့ကဗျာတွေဖတ်ပြီး ငြီးငွေ့ချောက်ချားကျန်ရစ်ခဲ့ရတယ်။လူ့သက်တမ်းဟာ တိုသလောက် ကဗျာဆရာတွေရဲ့ သက်တမ်း
က ပိုလို့တောင် တိုသေးရဲ့ ။ဘိုင်ရွန်က ၃၆ နှစ်မှာ သေတယ်။ရှယ်လီက ၃၀၊ကိတ်စ်က ၂၆နှစ်၊ Stendhal ကလူဟာနွေမနက်ခင်းမှာ မွေးလာပြီး ၊နေ့လည်ကျတော့ သေသွားသတဲ့ ယင်ကောင်တွေလို
ပဲတဲ့။ညဆိုတာကို သူ ဘယ်လိုနားလည်ပါ့မလဲ။ဒါပေမယ့် မောင်ချောနွယ် မသေပါဘူး။ရှယ်လီ မသေသလို၊(ကိတ်)စ် မသေသလို ၊ ဘိုင်ရွန်မသေသလို ၊မောင်ချောနွယ် မသေဘူး။ခင်ဗျားတို့ မောင်ချောနွယ်ကို မြှုပ်မပစ်လိုက်ကြပါနဲ့ ။
                                   (၂)
      “အဲသည်လိုနဲ့ နာကျင်မှုတွေလည်း အရသာဖြစ်ခဲ့ပေါ့ ”
      ( မောင်ချောနွယ်၏ အထက်တန်းကျတဲ့ ရေ ” မှ )
မော်ဒန်ကဗျာဆရာဟာ မော်ဒန်အတွေ့အကြုံ (modern experience)ကို နာကျင်မှုနဲ့ ဖွဲ့ဆိုခဲ့သူပါ။
မော်ဒန်ကဗျာဆရာများဟာ သူတို့ရဲ့ ဒဏ်ရာတွေကို အလွန်လှပစွာ တင်ဆက်ပြသနိုင်သူတွေဖြစ်တယ်။
၁၉၈၀ နဲ့ ၁၉၉၀ နှစ်များကနေ ယနေ့ထိ အားကောင်းလာတဲ့ မြန်မာမော်ဒန်ကဗျာတွေကိုကြည့်ပါ။
အများစုဟာ မှောင်တဲ့ကာလရဲ့ စိတ္တဇနဲ့ လူအဖြစ်ရဲ့ ဒုက္ခတွေကို စီးကုံးထားတဲ့ နာကျင်မှု ဒိုင်ယာရီ
တွေသာ ဖြစ်တယ်။အသက်ရှင်ခြင်းရဲ့ နာကျင်မှုတွေကြားမှာ တိုက်ခတ်လာတဲ့အေးမြတဲ့ လေပြေ
လေညင်းတွေအကြောင်းလည်းပါတာပေါ့လေ။ ဒါပေမယ့် ခြုံပြောရရင် မော်ဒန်ကဗျာဆရာရဲ့ စိတ္တဇ
ဟာ မည်းမှောင်ရှုပ်ထွေးလို့ လာခဲ့တယ်။ဖင်စီခံထိ ကျွမ်းလောင်ခဲ့သော ဆေးပေါ့လိပ်တိုများ ၊ ပန်းဆိုးတန်းလမ်းဘေးမျာ ရှားပါးသော penguin modern classics များကို ကိုင်ထားဆဲမှာပင် သေး ငယ်သွားသော ငွေစက္ကူရွက်များ ၊ ဓာတ်မီးတိုင်အောက်မှ အိုဆာနေသော ပြည့်တန်ဆာများ၊အလင်းရောင် အားနည်းသောတောအရက်ဆိုင်ကလေးများ၊စိုစွတ်သော ရန်ကုန်မိုး
နေ့ မိုးညများ စသည့် စသည်များမှ ဗန်ဂိုးရဲ့ ဦးခေါင်းထဲသို့ ကျီးငှက်များ ၀င်ရောက်သည့်နှယ် မြန်မာ
မော်ဒန်ကဗျာဆရာရဲ့ အဇ္ဈတ္တထဲသို့ ၀င်ရောက်လို့ လာခဲ့ပါတယ်။
     ဥပမာ.... မောင်ချောနွယ်ကို ကြည့်ရအောင်။မောင်ချောနွယ်ဟာ အော်ဂလီဆန်မှုနဲ့ အလွမ်းကို အချိုးကျစွာ ရောစပ်ပြီး ထုတ်လုပ်ခဲ့သူပါ။သူ ထုတ်လုပ်ဖန်တီးခဲ့တဲ့ တောအရက်ဟာ ကျွန်တော်တို့ရဲ့
အသည်းကို ထိခိုက်ပျက်စီးစေမှန်းသိပေမယ့် အင်မတန်ချိုမွှေးနေတော့ကာ ခင်ဗျားတို့၊ကျွန်တော်တို့
မသောက်ပဲမနေနိုင်ခဲ့ကြဘူး။တကယ်တော့ မောင်ချောနွယ်တိုက်တဲ့ တောအရက်ဟာ ပြင်သစ်ဝိုင်
ကောင်းကောင်းတစ်ခွက်ထက်တော့ မညံခဲ့ပါဘူး။သူရောကျွန်တော်တို့ပါ ရီးဝေေ၀နဲ့ ။ကျွန်တော်တို့အားလုံးမူးနေတဲ့ အချိန်မှာမှ သူက ရသေ့ရဟန်းတစ်ပါးလို အတည်ပေါက်တွေထပြောတတ်တယ်။ မောင်ချောနွယ်ဟာ အဲဒီလိုလူ။သူဟာ မြို့ပြရဲ့ မည်းမှောင်တဲ့ထောင့်ကျဉ်းလေးတွေ ထဲထိရောက်ခဲံပါတယ်။သူဟာ စိတ်နဲ့ပြည်မြို့ကို အခေါက်ပေါင်းများစွာ ကူးချည်သန်းချီပြုခဲ့တယ်။ သူဟာညမန်မာပြည်ရဲ့ လှပတဲ့တောမြို့ ကလေးတွေဆီရောက်ခဲ့တယ်။ သူဟာပါရီကိုရောက်ခဲ့တယ်။ ဗင်းနစ်ကို ရောက်ခဲ့တယ်။ တောင်တန်းတွေဆီေ၇ာက်ခဲ့သလို တိမ်တွေဆီလည်းေ၇ာက်ခဲ့တယ်။
   “မောင်ချောနွယ် အတု”မျာ လောင်ကျွမ်းနေတဲ့ ဝေဒနာတွေကို တွေ့ရတယ်။ဒါပေမယ့် မောင်ချောနွယ်အတုဟာ အလွန်ပါးနပ်တယ် ။သူရဲ့ ဝေဒနာတွေ ၊ အလွမ်းတွေကို သူရဲ့အနုပညာနဲ့၊မာနနဲ့၊ဘ၀တဏှာ ဖုံးဖိပြခဲ့တယ်။အစောပိုင်း မောင်ချာနွယ်ဟာ “အထက်တန်း ကျတဲ့ရေ ” ထဲမှာ
                    “ဘ၀လမ်းခရီးဟာ
                     ငှက်ဆိတ်တဲ့ သစ်စည်းတစ်စည်းမှာတောင်
                     အဓိပ္ပါယ်တွေ သိပ်သည်းခဲ့ပါတယ် ”
လို့ ရေးခဲ့တယ် ။
အဲဒီမှာ သတိပြုရမျာက သူ့ရဲ့လေးနက်မှု။သေးဖွဲသိမ်နုတ်တဲ့ အရာရာတိုင်းမှာတောင် လေးနက်မှုတွေ၊အဓိပ္ပါယ်တွေ သိပ်သည်းနေတယ်လို့ သူသိမြင်ခဲ့တယ်။ပြီးတော့ ရှာဖွေခဲ့တယ်။
အဲဒါဟာမောင်ချောနွယ်အစစ်ပါ။တကယ်တော့သူဟာ အဲဒီလိုပြင်းထန်တဲ့သူ။လေးနက်တဲ့သူ။မောင်ချောနွယ်အစစ်ဟာ Midasလို အရာရာကို ထိကိုင်လိုက်တိုင်း ဝေဒနာတွေ၊ပြင်းထန်မှုတွေအဖြစ် ပြောင်းလဲကုန်လို့ ၀မ်းနည်းဖွယ်အဖြစ်နဲ့ ကြုံခဲ့ရတယ်။သူ့အတွက်(ခင်ဗျားတို့ ကျွန်တော်တို့အတွက်)ဖြေဆည်ရာဟာ အရက်ပဲ။ဒါပေမယ့် သူို့ အထင်မသေးမိဖို့ကတော့ အရက်ဆိုင်ထဲက ထွက်လာတဲ့ မောင်ချောနွယ်ဟာ အင်မတန်ကိုယ်ရောင်ကိုယ်ဝါ တောက်ပတဲ့ နတ်သားတစ်ပါး ဖြစ်သွားတယ်။ပြီးရင်တော့ သူဟာ သူရဲ့ အတောင်ပံကြီးတွေကို တဖြတ်ဖြတ်ခတ်ရင်း နက်မှောင်တဲ ကောင်းကင်ဆီကို ပျ့သန်းသွားပေလိမ့်မယ်။
           နှောင်းပိုင်း မောင်ချောနါယ်(ငှက်ဆိပ်တဲ့သစ်စည်း”ကဗျာစာအုပ်)ကိုကြည်ရင်တော့ မောင်ချောနွယ်ရဲ့
ပြင်းထန်မှုဟာ တချို့နေရာတွေမှာ လေးနက်တဲ့ သည်းခံမှု၊ငြိမ်းချမ်းတဲ့ ပျော်ရွှင်မှုအသွင်ကို ပြောင်းသွားခဲ့ပြီဆိုတာ တစ်စွန်းတစ်စရိပ်မိနိုင်တယ်။ ဒါပေမယ့်သူရဲ့လေဟာ လုံးလုံးပြောင်းမသွားသေးပေဘူး။
သူရဲ့ပြင်းထန်တဲ့ ဘ၀တဏှာကိုတော့ သူ မစွန့်လွှတ်နိုင်ပြန်ဘူး။ လောကကြီးကို သူ ချစ်ခဲ့တာဟာ ဗသျှိုးလို လွယ်ကူလို့၊သစ်တောနဲ့ တောင်တန်းတွေ ၀တ်ဆင်အိမ်ရာပြုလို့  သေခြင်းတရားဆိုတာ သောက်ဖော်စားဖက်ပါပဲ ” တဲ့ ။“ငါ နေကောင်းသွားပြီ ပန်းကလေးရေ ” ၊ “ပေါ့ပါးသောလက်ချောင်းများနဲ့ ရွှေတံခါးကြီး ဖွင့်ကြမယ်ကွယ် ” တို့မှာ သူရဲ့ ငြိမ်းချမ်းမှု ၊ ပျော်ရွှင်မှုကို မြင်ရတယ် ။ နေမကောင်းဖြစ်နေတဲ့ အချိန်မိုလို့ သူရဲ့လွမ်းဆွတ်ခြင်းဟာ ထင်ရှားလာတယ်။လူတွေ ၊ နေရာတွေ၊အချိန်တွေကို သူလွမ်းနေတယ်။ ဗျိုင်းအဖြူတွေ ၀ိုင်းရံထားတဲ့ တောသုဿန်လေးရယ်၊ ဂျာမန်တောရပ်ပိုင်းနဲ့တူတဲ့ ဆတ်သွားဘူတာရုံလေးရယ်။သစ်လုံးထွားထွားကြီးကြီးတွေရယ်၊တောပန်းဝါ၀ါတွေရယ်၊ သော်ကဘုရားကြီးရယ်၊သူချစ်တဲ့ ညီငယ်၊ညီမငယ်၊မိတ်ဆွေသူငယ်ချင်းတွေရယ် …….. ။ ယုတ်စွအဆုံး ခွေးကလေး “ဂျူံးနီ”ကိုတောင် သူလွမ်းနေရဲ့ ။ဒါပေမယ့် အရင်က သူဒူးတင်ပေါင်တင်နေလာခဲ့တဲ့ လောကဓံ
ကိုတော့ နည်းနည်းတောင်ပန်းတိုးလျှိုးတဲ့ အသံတွေပါလာတယ်။
           “အမှားမကျူးဘဲ ရှုံးနိမ့်ရသူ ငါ့မှာ
            ငှက်ဆိပ်တဲ့ သစ်စည်းလေးဖြစ်လို့
             မွမွကိုကျေလို့ ငါဟာ ငှက်ဆိတ်ခံရရှာသူ သစ်စည်းကလေးပါ ”
      အကြီးအကျယ် ထုထောင်းရိုက်ပုတ်တာမျိုး မဟုတ်ဘဲ နှုတ်သီးချွန်နဲ့ သူ့ဦးခေါင်းကို အမြဲမပြတ် ထိုးဆိတ်ကလိနေတဲ့ လောကဓံကို သူဖွဲ့ဆိုခဲ့ခြင်းပါ။ ထူဆန်းတာက အရင်တုန်းက သူမြင်ဖူးခဲ့တဲ့ ငှက်ဆိတ်ခံရတဲ့သစ်စည်းကလေးဟာ နောက်ဆုံးမှာ သူကိုယ်တိုင် ဖြစ်သွားခြင်းပါပဲ ။
      “ကြေကွဲမှုအရောင် ” မှာတော့ အောက်ပါအတိုင်း ရေးဖွဲ့ခဲ့တယ်။ အလွန်ထိခိုက်စေတဲ့ စာသားတွေပါ။
                      “ ငါတို့တွေဟာ
                        ပြဇာတ်ထဲက ဆက်တင်လို အိမ်မှာ
                        နေခဲ့ကြရ
                         ငါတို့တွေဟာ
                         ပြဇာတ်ထဲက ဇာတ်ဝင်ခန်းထမင်းတွေကို
                         စားကြရ ”
    မောင်ချောနွယ်က သိမြင်ခဲ့တယ်။ အဆုံးမျာတော့ မောင်ချောနွယ်ဟာ လူနာခုတင်ပေါ်မှာ ဘ၀ကို သိမြင်ခဲ့ပေါ့။
                                                 (၃)
  “ The mere sight of  people and things had such an effect on me I throught I was going to faint and I felt very ill ”
Vincent Van Gough
မောင်ချောနွယ်ဟာ လူတွေကို မြို့တွေကို ၊ လောကကြီးကို၊ဘ၀ကို အငမ်းမရ ဖတ်ရှုခံစားခဲ့သူပါ။ သူဟာ ဘယ်ဝါဒမှ မစွန်းထင်းတဲ့၊ပြီး … ဘာနဲ့မှလည်း မလွတ်ကင်းတဲ့ လူသားဝါဒီ ကဗျာဆရာဖြစ်တယ်။ အဲဒီတော့ လူတစ်ယောက်ရဲ့ ဘ၀မှာ တွေ့ရတတ်တဲ့ ဒုက္ခတွေ ငြိမ်းချမ်းတဲ့ အခိုက်အတန့်တွေကို သူ့ကဗျာရေစီးမှာ တွေ့မြင်နေရတယ်။အဲဒီကဗျာ  စမ်းချောင်းကလေးကနေ ထွက်ပေါ်လာတဲ့ လူအဖြစ်ရဲ့ နာကျင်မှု ဂီတသံကိုလည်း ကျွန်တော်တို့ ဆွတ်ပျံကြည်နူးဖွယ် ကြားနေရပါတယ်။
                          (၄)
“ အားလုံးမျက်နှာဖုံးတွေ စွပ်လိုက်ကြရဲ့ ၊ အားလုံး တစ္ဆေတွေ ၊ သူရဲတွေ
    ဘီလူးတွေ ၊ ဖုတ်ပြိတ္တာတွေ ၊ မှင်စာတွေ ဖြစ်သွားကြရဲ့ ”
မောင်ချောနွယ်၏ “စစ်အတွင်းက ကွဲသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတွေ ပြန်တွေ့တဲ့နေ့ ” မှ .....
မောင်ချောနွယ် တစ္ဆေကဖီးမှာ ထိုင်နေပါတယ်။ဘိုင်ရွန်တို့ ရှယ်လီတို့ ၊ကိ(တ်)စ်တို့က ထိုင်နေတာ ကြာလှပေါ့ ။ ရှေးကျတဲ့ အ၀တ်အစားတွေနဲ့။ဟိုး ချောင်ကျကျ စားပွဲတစ်ခုမှာက ဗန်ဂိုး ။ သူကနားရွက်တစ်ဖက် မရှိဘူး ။မျက်လုံးတွေက ရူးနေတဲ့ မျက်လုံးတွေ ။အလွန်ပြင်းထန်တဲ့ မျက်လုံးတွေ။
စားပွဲတစ်လုံးမှာ မြို့မငြိမ်း၊ခေါင်းမှာ ဒဏ်ရာကြီးနဲ့ ။ နောက် တစ်နေရာမှာက ပေါ်ဦးသက် ၊ စီးကရက်မီးခိုးတွေကြားထဲမှာ။နောက်ဆုံးရောက်လာတာက မောင်ချောနွယ်ပါ။သူဟာ လွတ်နေတဲ့
စားပွဲတစ်ခုမှာ ခပ်အေးအေးလေးထိုင်လို့။ရှပ်အင်္ကျီ အဖြူခပ်နွမ်းနွမ်းကလေးရယ်၊နေစားနေတဲ့ ပုဆိုးလေးရယ်နဲ့ပေါ့။နွားဆေးပေါ့လိပ်လေးလည်းဖွာလို့ .ပြီးမှ လွယ်အိတ်ထဲက ပုလင်းလေးတစ်လုံး ထုတ်လိုက်တယ် ။သူကြိုက်တဲ့တောအရက်ပုလင်းလေးပေါ့ ။
                     “သေခြင်းတရားဆိုတာ
                       စောစောက လပ်စကီးလူစီယာနိုရယ်
                      ဘီယာဘူးတွေနဲ့ ပစ်ပေါက်လိုက်တော့
                      ဖန်တွေ မှန်တွေ ကျကွဲသွားကြတယ် မဟုတ်လား
                      သေခြင်းတရားဆိုတာ
                      ရဲဘော်တို့ ရဲရဲမှတ်ထားကြ
                      စားပွဲပေါ်က ဖန်ခွက်တစ်လုံး
                      သမံတလင်းပေါ် ကျကွဲသလောက်ပဲ ရှိတယ်
                      သေခြင်းတရားဆိုတာ
                      လေယာဉ်ပျံတစ်စီးကနေ
                      လေယာဉ်ပျံတစ်စီး
                      ပြောင်းစီးသလောက်ပါကွာ ”
မောင်ချောနွယ်ဟာ သေခြင်းတရားကိုလည်း အဲဒီလို မမေ့မလျော့ဖွဲ ဆိုခဲ့တဲ့သူပါ။မောင်ချောနွယ် ထွက်သွားပြီ ။တစ္ဆေကဖေးမှာ သွားထိုင်နေလေရဲ့။တခြားမော်ဒန်ကဗျာဆရာတွေ ၀င်လာကြတယ် ။ထွက်သွားတယ်။ဝင်လာကြတယ်။မော်ဒန်ကဗျာလမ်းခရီးဟာ ဒီထက်တိုးတက်လာခဲ့ရင် မောင်ချောနွယ်ဟာ မော်ဒန်ကဗျာလမ်းခရီးရဲ့အစမှာ မားမားမတ်မတ် ရပ်နေတဲ့ကြေးရုပ်ကြီးအဖြစ် ကျန်ခဲ့မှာပါ။သူဟာ မော်ဒန်မဟုတ်ဘူးလို့ ခင်ဗျားတို့ ငြင်းကောင်းငြင်းလိမ့်မယ် ။ဒါပေမယ့် ပြင်သစ်ကဗျာမှာ Baudalaire ဟာမော်ဒန်ဖြစ်သလို မြန်မာကဗျာမှာ မောင်ချောနွယ်ဟာ မော်ဒန်ဖြစ်ကြောင်း ခင်ဗျားတို့ ငြင်းမရဘူး ဆိုတာ အလွန်သေ
ချာပါတယ် ။
                                       စတိုင်သစ် မဂ္ဂဇင်း ၊ မေလ ၊ ၂၀၀၄
                                              အောင်ခင်မြင့်
ဂီတ
လမ်းဘေးမှာအေးအေးဆေးဆေးအိပ်နေတဲ့ခွေး
ရုတ်တရက်ကားဖြတ်နင်းခံရ
ခြေနှစ်ချောင်းသွင်သွင်ကျိုး
နာလွန်းလို့ခမျာမှာ
ဘယ်လိုအော်ရမှန်းမသိ
သူ့အသက်ရှု ရေ ငင် ပုံး လေး
ရေတွင်းနက်နက်ကြီးထဲ
ငင်ငင်နေတာမြင်ရ ။
မောင်ချောနွယ်
ကဗျာထဲမှာရုတ်တရက်ပေါ်ပေါက်လာတဲ့နာကျင်မှုဟာချက်ချင်းပဲ
အထွတ်အထိပ်ကိုရောက်ရှိသွားခဲ့တယ်။မောင်ချောနွယ်ဖော်ပြတဲ့
နာကျင်မှုဟာအသက်ဓါတ်မီးစာကိုလှုပ်ရှားယိမ်းထိုးသွားစေတဲ့အထိ
ပြင်းထန်ပါတယ်။သူ့အသက်ရှု ရေ ငင် ပုံး လေး ၊ ရေတွင်းနက်နက်ကြီးထဲ
ငင်ငင်နေတာမြင်ရ  ဆိုတဲ့အလွန်လှတဲ့နမိတ်ပုံကြောင့်သူ့ဆီကနေထွက်ပြေးဖို့
ကြိုးစားနေတဲ့အသက်ဓါတ်လေးကိုပြန်လည် ဆွဲငင် ထိန်း သိမ်း
ယူနေရတဲ့သတ္တဝါရဲ့အဖြစ်ဟာထိတ်လန့်ဖွယ်ပေါ်လွင်လာခဲ့  ။
ဒီနမိတ်ပုံကြောင့်ပဲကဗျာကပေးတဲ့နာကျင်မှုဟာဒီဂရီ အမြင့်ဆုံး
ရောက်ရှိခဲ့ခြင်းဖြစ်တယ်။
တကယ်တော့မောင်ချောနွယ်ရဲ့ကဗျာတွေဟာသူ့စကားနဲ့ပြောရရင်
ကိုယ့်သွေးအန်ဖတ်တွေနဲ့ကိုယ်ဆောက်ထားတဲ့ဇီဝဇိုးငှက်သိုက်လေး
တွေပဲဖြစ်ပါတယ်။
အောင်ခင်မြင့် ရဲ့ နာကျင်မှုသို့မဟုတ်၂၀ရာစုအနုပညာ၏အကြောင်းအရာမှ
 http://www.mysuboo.com မှ
ခေတ်ပေါ် ၊ ခေတ်ပြိုင် ၊ ကွန်တမ်ပိုရာရီ
ခေတ်ပေါ်ကဗျာနဲ့ မတူချင်လို့ ၊ ခေတ်ပေါ်ကဗျာနဲ့ ခြားနားချင်လို့ ၊ ခေတ်ပေါ်ကဗျာက မသုံးတဲ့နည်းတွေကို စမ်းသပ်သုံးစွဲလာခဲ့တာ အခုဆို ၁၀ နှစ်ပြည့်ခဲ့ပါပြီ ။
အဲသလို မတူအောင် ၊ ကွဲပြားခြားနားအောင် တမင်ပြု လုပ်ယူခဲ့ရတဲ့ နည်းတွေနဲ့ ရေးသားဖွဲ့ စည်းပြုလုပ်လာတဲ့ကဗျာတွေကို ခေတ်ပေါ်/ ခေတ်ပြိုင်ဆိုပြီး ‘ရော’ မချသင့်ပါဘူး ။
ခေတ်ပေါ်နဲ့ မတူအောင်တမင်ရေးသားပြုလုပ်ခဲ့တဲ့ကဗျာအရေးအသားတွေကို ကဗျာလို့ မခေါ်ချင်နေ ၊ ‘အရေးအသား’ လို့ ပဲခေါ်လည်းရတယ်လို့ ပြောခဲ့ပြီးပါပြီ ။
ခေတ်ပေါ်နဲ့ မတူအောင်ရေးတာတွေကို’ခေတ်ပြိုင်’ လို့ ခေါ်ခဲ့ဘူးပါတယ် ။ ဒါပေမယ့် ‘ခေတ်ပြိုင်’ ကဗျာ ဆိုတဲ့ကဗျာလက်ရွေးစင်တွေထွက်ခဲ့ပါတယ် ။ အဲဒီအသုံးအနှုံးထဲမှာ ခေတ်ပေါ်ရော ခေတ်ပေါ်မဟုတ်တဲ့ ကဗျာတွေရောရောထွေးထည့်သွင်းခံရတာတွေ့ ရပါတယ် ။ အဲဒါကြောင့် ‘ကွန်တမ်ပိုရာရီ’ လို့ ပြောင်းသုံးခဲ့ပါတယ် ။
ခေတ်ပြိုင်ကဗျာခေါင်းစဉ်အောက်မှာ ခေတ်ပေါ်ကဗျာ နဲ့  ကွန်တမ်ပိုရာရီ ကဗျာတို့ ရှိကြတာဖြစ်ပါတယ် ။
အဲသလိုမှ မသတ်မှတ်ရင် ၊ အဲသလိုမှအသိအမှတ်မပြုရင် ကျိုးစားခဲ့ရတဲ့လုပ်ရပ်ဟာအချီးအနှီးဖြစ်သလို အဲဒီလုပ်ရပ်ကြောင့်ဒီနေ့ မြန်မာကဗျာလောကမှာ အထင်အရှားပေါ်ထွက်လာတဲ့ ၊ ပင်မရေစီးနဲ့ မတူအောင်ပြုလုပ်ယူထားရတဲ့ ‘အသစ်’ ဟာ ရောရောယောင်ယောင်နဲ့  အလကားဖြစ်သွားပါလိမ့်မယ် ။
ကွန်တမ်ပိုရာရီ ‘အသစ်’ တွေ ဟာ ‘ ခေတ်ပေါ် / ခေတ်ပြိုင်’ နဲ့  တူညီတဲ့ ဘုံရန်သူရှိပေမယ့် အနုပညာစံ ၊ အနုပညာရည်ရွယ်ချက် နဲ့  ကဗျာနည်းလမ်းတွေ နည်းနာတွေမတူကြပါဘူး ။ အဲဒီနည်းလမ်းတွေ နဲ့ နည်းနာတွေဟာလည်း  ‘ဘက်မလိုက်’ တာမျိုးမဟုတ်ပါဘူး ။
ခေတ်ပေါ်ရဲ့အနုပညာစံအခြေခံတွေနဲ့ ကွဲပြားကြပါတယ် ။
အဲဒါကြောင့် မိမိရဲ့ကဗျာစံ မိမိသိဖို့ လိုပါတယ် ။ ခေတ်ပေါ် နဲ့  ကွန်တမ်ပိုရာရီ (၀ါ) ပင်မရေစီး နဲ့  ‘ အသစ် ‘ ဟာ ရန်ဘက်မဆောင်ကြသလို ရန်သူတွေလည်းမဟုတ်ကြပါဘူး ။ ရန်လိုခဲ့ရင်လည်း ဘယ်ဘက်က သည်းကြီးမည်းကြီးလဲ ဆိုတာ မှတ်တမ်းတွေရှိပါတယ် ။
များမကြာမီမှာ ကွန်တမ်ပိုရာရီကဗျာတွေဟာ ပိုတွင်ကျယ်လာလာလိမ့်မယ်လို့ တစ်ထစ်ချ ပြောလို့ ရချင်မှရမှာပါ ။ ဘာကြောင့်လဲဆိုတော့ ကွန်တမ်ပိုရာရီ ဟာ experimental poetry ဖြစ်လို့ ပါပဲ ။
Experimental ကဗျာတွေသာပဲ ကဗျာကိုေ၇ှ့ ဆက်လမ်းပြခဲ့တာဟာ ကမ္ဘာ့ ကဗျာသမိုင်းကြောင်းကို အကြမ်းဖျဉ်းသိရင်တောင် တွေ့ မြင်နိုင်ရမှာ ဖြစ်ပါတယ် ။
ဇေယျာလင်း
၂၉ အောက်တိုဘာ ၊ ၂၀၁၄
ခေတ်ပေါ် ၊ ခေတ်ပြိုင်နှင့် ၂၁ ရာစုမြန်မာကဗျာရှုခင်း
(၁)
            ကျွန်တော်တို့မြန်မာကဗျာဟာ ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်အတွင်းရောက်ရှိလာပါပြီ။ မြန်မာနိုင်ငံရဲ့ ၂၁ ရာစုထဲပဲရောက်လာ သလား ၊ ကမ္ဘာကြီးရဲ့ ၂၁ရာစုထဲရောက်လာပြီလားဆိုတာတော့ စောဒကတက်စရာပါပဲ။ ဒီမှာ ခေတ်ပေါ်ကဗျာပေါ်ထွန်းစက အမေရိက မှာ L=A=N=G=U=A=G=E= Poetry ပေါ်နေပါပြီ။ ဒီမှာ Robert Frost ကိုအရေးတယူလုပ်နေတုန်းက အမေရိကမှာ John Ashbery ဟာ ထိပ်တန်းကဗျာဆရာ စာရင်းဝင်နေပါပြီ။ ဒီမှာ ခေတ်စမ်းကဗျာရေးနေတုန်းက ယူကေမှာ တီအက်စ် အဲလိယစ်တ်ဟာ The Wasteland ကဗျာရှည်ကြီးကို ရေးပြီးပါပြီ။ ခေတ်ပြိုင်ကိစ္စကို ပြောတာပါ။ မြန်မာခေတ်ပြိုင်နဲ့ ကမ္ဘာခေတ်ပြိုင်။
nolvadex online buy-buy cheap nolvadex-online nolvadex buy
(၂)
            ကျွန်တော်တို့လက်ရှိမြန်မာကဗျာလောကမှာ `ခေတ်ပြိုင်´ဆိုတဲ့ အသုံးအနှုံးဟာတဖြေးဖြေးနဲ့ တွက်ကျယ်စပြုလာပါပြီ။ ဒီ ၂၀၀၉ ခုနှစ်မှာပဲ ၊ စိတ်ကူးချိုချိုစာအုပ်တိုက်ထုတ် `ခေတ်ပြိုင်ကဗျာအချို့´နဲ့ `ခေတ်ပြိုင်ကဗျာရှည်အချို့´လို့ ကဗျာစာအုပ်နှစ်အုပ်ကို `ခေတ်ပြိုင်´ ခေါင်းစဉ်တပ်ပြီး သုံးစွဲထားတာတွေ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း `ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန်´ လို့ဆောင်းပါး ရေးထားတာရှိပါတယ်။ (`ကဗျာဘ၀ရှာတော်ပုံ´ ၊ ၂၀၀၉)။ ရှိရင်းစွဲအစဉ်အလာကဗျာ ၊ ခေတ်ပေါ်ကဗျာတို့နဲ့ ကွာခြားတဲ့ကဗျာအဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ လှိုင်းသစ်မဂ္ဂဇင်းမှာလည်းငြိဏ်းဝေရဲ့ `ခေတ်ပြိုင်မြန်မာကဗျာဗေဒလမ်းကြောင်း´ဆောင်းပါးဆက် ကိုတွေ့ရပါတယ်။ လှိုင်းသစ်မဂ္ဂဇင်းအမှတ် ၃ မှာ မင်းချမ်းမွန်ရဲ့ `ခေတ်ပြိုင်မြန်မာမော်ဒန်ကဗျာလောက´ဆိုတဲ့ အသုံးအနှုံးလည်းတွေ့ ရှိရပါတယ်။ ခက်တာက `ခေတ်ပြိုင်´ အသုံးအနှုံးကိုအရပ်သုံးအဓိပ္ပါယ်နဲ့သုံးတာလား ၊ ကဗျာဗေဒ (၀ါ) ကဗျာပညာရပ်ဆိုင်ရာ အသုံးအ နှုံးအဖြစ်သုံးတာလားဆိုတာ မကွဲပြားခြင်းပါပဲ။
ခေတ်ပေါ်ကဗျာကိုပဲ ကြည့်ကြပါစို့။ အရပ်သုံးစကားနဲ့ဆို`ခေတ်ပေါ်´ဟာ `ကာလပေါ်´၊ သို့မဟုတ် `ခေတ်မှာပေါ်လာသော´ ဆိုတဲ့ နာမ၀ိသေသနအဓိပ္ပါယ်သက်ရောက်ပါတယ်။ ခေတ်ကာလ(Time) ကိုအခြေပြုတဲ့သဘောပါ။ `ခေတ်ပေါ်´ကဗျာလို့(မျက်တောင် အဖွင့်အပိတ်နဲ့)ဆိုလိုက်ရင်တော့ သီးခြားကဗျာအမျိုးအစားတစ်ခုရဲ့ နာမည်အခေါ်အဝေါ်ကိုရရှိပါတယ်။ အစဉ်အလာလေးလုံးစပ်ကဗျာ နဲ့ ကွဲပြားခြားနားတဲ့ ကဗျာအမျိုးအစားမှန်းကဗျာဖတ်သူတို့သိကြပါတယ်။ `ကာလပေါ်´ ဆိုတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ပဲ သီးခြားကဗျာဗေဒ နဲ့ ကဗျာရေးဖွဲ့နည်းစနစ်တစ်မျိုးအဖြစ်အတည်ပြုလက်ခံထားကြတဲ့ အမည်ဖြစ်ပါတယ်။ ဒီ`ခေတ်ပေါ်´ကဗျာကိုလည်းရည်ရွယ်ချက်ရှိရှိ နဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၆၈ သပြေညိုကဗျာဝပ်ရှော့ ၊ ၁၉၆၈/၆၉`ခေတ်ပေါ်ကဗျာကြေငြာစာတမ်း´၊နဲ့ ၁၉၆၈ `ထင်ရူး ပင်ရိပ်´တို့ဟာ `ခေတ်ပြိုင်´ ကဗျာရဲ့သမိုင်းအစတွေပါပဲ။ `မော်ဒန်´ ကဗျာလို့လည်း ရောရောနှောနှောခေါ်ခဲ့ကြပါသေးတယ်။ သစ္စာနီရဲ့ `မော်ဒန်ရှင်းတမ်း . . . . ´ဆောင်းပါးပေါင်းချုပ်ထဲမှာ ဟောသလိုတွေ့ရှိရပါတယ်။
`အဲဒီအချိန်(၇၀)ခုနှစ်တစ်ဝိုက်မှာ မိုးဝေကဗျာတွေနဲ့ အတူခေတ်စားစပြုလာတဲ့ကဗျာဝါဒ တစ်ရပ်ကတော့ မော်ဒန်                           ကဗျာအယူအဆဖြစ်ပါတယ်။ မော်ဒန်ကဗျာက အစ်ဇင်းအသစ် ၊ သီအိုရီအသစ် ၊ နိမိတ်ပုံအသစ် ၊ အတတ်ပညာအသစ်တွေကို တောင်းဆိုလာပါတယ်။ မိုးဝေကဗျာသမားတွေလည်း မော်ဒန်အယူအဆနဲ့ ထိပ်တိုက်တွေ့ကြရပါတယ်။ နောက်ဆုံးတော့ ဒဂုန်တာရာလမ်းညွှန်မှုပေးတာကိုပဲ သူတို့ခံယူခဲ့ကြတယ်။´ (စမန ၁၅၄)။
အဲဒီတုန်းက`တော်လှန်ကဗျာ´ဆိုတာလည်းပေါ်လာခဲ့ပါသေးတယ်။ နတ်နွယ်ကို ကိုးကားရရင် ––
`၁၉၆၉။
သည်တုန်းက ကဗျာအယူအဆများ လှုပ်ခတ်လျှက်ရှိသည်။ ခေတ်ပေါ်ကဗျာနှင့် မြို့ပြခံစားမှု။ ကျေးလက်အာရုံနှင့်  မော်ဒန်ပေါ်ယဲ့ထရီ။ ကာရန်နှင့်အသံစီးဆင်းမှု ၊ ရစ်သမ်နဲ့ နရီစည်းချက်များ ၊ ကဗျာလက်နက်ထက်မြက်ရေး ၊ကဗျာနှင့် လောကအမြင် ၊ အစဉ်အလာနှင့်ကာရန်မဲ့ ၊ အနုပညာပုံဏ္ဍာန်နှင့်အကြောင်းအရာ ကျယ်ပြန့်မှု။´
ဤကာလမှာပင် တော်လှန်ကဗျာထွက်ပေါ်လာသည်။
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – -
တော်လှန်ကဗျာတွင် ပါဝင်ရေးသားခဲ့ကြသောကဗျာဆရာများသည်အများအားဖြင့် ထိုစဉ်က မိုးဝေမဂ္ဂဇင်းတွင်                                အဓိကထားရေးသားနေကြသူများဖြစ်သည်။ အကြောင်းမှာ ၊ သူတို့၏ စူးရဲသောအတွေးအမြင် ၊ ခေတ်မီတိုးတက်                             သောအကြောင်းအရာ ၊ တီထွင်ဆန်းသစ်သောအရေးအဖွဲ့တို့ကို ဖေါ်ပြပေးနေသော မဂ္ဂဇင်းဟူ၍လည်းထိုစဉ်က                              မိုးဝေမဂ္ဂဇင်းတစ်စောင်လောက်သာရှိခဲ့တာကြောင့်ဖြစ်သည်။ ယင်းကြောင့်လည်းသူတို့၏ ကဗျာများကို“မိုးဝေကဗျာ´´ဟု ယနေ့တိုင်ခေါ်ဝေါ်သုံးစွဲနေကြခြင်းဖြစ်သည်။       (စမန ၁၀၆ – ၁၀၇)။
အထက်ပါကောက်နှုတ်ချက်မှာတော့ ကဗျာအတတ်ပညာနဲ့ ပတ်သက်လို့`တီထွင်ဆန်းသစ်သောအရေးအဖွဲ့´ဆိုတာရှိပါ တယ်။ အဲဒီ`တီထွင်ဆန်းသစ်´တဲ့အရေးအဖွဲ့တွေနဲ့ `မော်ဒန်´ရဲ့`သီအိုရီအသစ်´၊`နိမိတ်ပုံအသစ်´၊`အတတ်ပညာအသစ်´တို့နဲ့ ဘယ်လိုများကွာခြားခဲ့ပါလိမ့်။ ဘာတွေများကွာခြားခဲ့ပါလိမ့်။ ကွာခြားမှုတွေရှိခဲ့လို့ပဲ သစ္စာနီဟာ `မော်ဒန်အယူအဆတွေနဲ့ မိုးဝေကဗျာ သမားတွေထိပ်တိုက်တွေ့ခဲ့တယ်´လို့ပြောတာပဲလို့ယူလို့ရ၏ပေါ့။ ဒဂုန်တာရာ ၀င်ဖြေရှင်းပေးရတဲ့အထိပေါ့။ အဲဒီ`မော်ဒန်အယူအဆ´ သမားတွေဟာ `မိုးဝေကဗျာ´သမားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာ `တော်လှန်ကဗျာ´သမားတွေနဲ့လည်းထို့အတူပဲလို့ယူဆရမှာပဲဖြစ်ပါ တယ်။ `မော်ဒန်´ကတစ်ဘက် ၊ `မိုးဝေ´နဲ့ `တော်လှန်´ကတစ်ဘက်။ နတ်နွယ်ဆီကပဲ သဲလွန်စထပ်ရတာက ––
`ဤနေရာတွင်မျက်မှောက်ခေတ်ကိုထင်ဟပ်သောကဗျာများအရ မိမိအသုံးပြုထားသည်ကို စာဖတ်သူများသတိပြုမိပါလိမ့်မည်။ စကားလုံးကို တိုတိုသုံးရလျှင် မျက်မှောက်ခေတ်ကဗျာများဟု ဆိုနိုင်ပါသည်။ အကျယ်ကိုဆိုရလျှင်မျက်မှောက်ခေတ်နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေးတို့ကို ထင်ဟပ်သော ကဗျာများဖြစ်ပါသည်။ . . . ပြည်သူလူထု ကြုံတွေ့နေရသော စားဝတ်နေရေးပြဿနာ ၊ လူတန်းစားကွာဟမှုမှဖြစ်ပေါ်လာသော ပဋိပက္ခများ ၊ နိုင်ငံတကာတွင် ထိုစဉ်က ရှေ့တန်းရောက်နေသော ငြိမ်းချမ်းရေး ၊ နယ်ချဲ့ဆန့်ကျင်ရေး ၊ အမျိုးသားလွတ်မြောက်ရေးနှင့်                          အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးတို့ဖြစ်သည်။. . .  ယင်းကဗျာများသည် နောင်အခါလူအများက “မိုးဝေ ကဗျာ´´၊“ခေတ်ပေါ်ကဗျာ´´၊“တော်လှန်ကဗျာ´´ဟုခေါ်သောကဗျာခေတ်တစ်ခေတ်၏မူလအစပင်ဖြစ်ပေလိမ့်မည်။´  (စမန ၄၁ – ၄၂)။
ဒီနေရာမှာ ၊ အထက်မှာပါရှိတဲ့အတိုင်း ဒဂုန်တာရာဝင်ဖြေရှင်းပေးလိုက်တော့ `မော်ဒန်ကဗျာ´ဟာ `ခေတ်ပေါ်ကဗျာ´ဖြစ် သွားပြီး `မိုးဝေကဗျာ´ ၊ `တော်လှန်ကဗျာ´ တို့နဲ့ပေါင်းစပ်သွားတယ်ဆိုတဲ့သဘောကိုတွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ `မိုးဝေကဗျာ´ နဲ့ `တော်လှန်ကဗျာ´တို့ပျောက်သွားပြီး `ခေတ်ပေါ်ကဗျာ´ပဲကျန်ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်`မိုးဝေကဗျာ´နဲ့ ´တော်လှန် ကဗျာ´ဟာမပျောက်သွားပဲ `ခေတ်ပေါ်ကဗျာ´ထဲဝင်ပူးပေါင်းလိုက်တာလားဆိုတာတွေးတောစရာဖြစ်လာပါတယ်။ `မော်ဒန်ကဗျာ´ ဘယ်ပျောက်သွားသလဲဆိုတာ လိုက်ရှာကြည့်တော့ သစ္စာနီရဲ့ `မော်ဒန်ရှင်းတမ်း . . . .´မှာ အောက်ပါအတိုင်းတွေ့ရှိရပါတယ် ––
`. . . . “ဩော် ၊ မော်ဒန်ကဗျာဆိုသည်ကား ခေတ်ပြိုင်ဝါဒကိုး´´ ဟူသော(ဒဂုန်တာရာ၏) အဆိုဖြစ်သည်။ထိုစကားနှင့်အတူ ခေတ်ပြိုင်ခံစားမှုဆိုသောစကားလည်းခေတ်စားလာပါတယ်။ သူ့ (ဒဂုန်တာရာ့) ဩဇာသက်  ရောက်သောလူငယ်များက ဆင့်ကဲဆင့်ကဲလက်ခံသုံးစွဲရာမှ မော်ဒန်ကဗျာဆိုသောစကားလုံးမှာ ခေတ်ပေါ်ကဗျာဟူသော အသုံးအနှုံးဖြင့် အခြေကျနေပြီးကာမှ မလိုချင်ဘဲ ထပ်ရသောမယားငယ်လို ခေတ်ပြိုင် ၊ ခေတ်ပြိုင်ခံစားမှု စသောစကားလုံးများနှင့် ရှုပ်ထွေးလာရပြန်တော့သည်။ . . . ခေတ်ပေါ်ကဗျာတွင် အရေးကြီးဆုံးသောစကားလုံးမှာ  ခေတ်ပေါ်အာရုံခံစားမှု (modern sensibility) ဖြစ်ပါသည်။ ခေတ်ပြိုင်ခံစားမှုမဟုတ်ပါ´။ (စမန ၁၉ – ၂၀)
အထက်ပါကိုးကားချက်အရ ၊ သစ္စာနီဟာ `မော်ဒန်´ ၊ `ခေတ်ပေါ်´ ၊`ခေတ်ပြိုင်´စတဲ့အသုံးအနှုံးတွေကိုခွဲခြားထားချင်ပုံရပါ တယ်။ သစ္စနီဟာ `ခေတ်ပေါ်ကဗျာ´ကိုလက်ခံပေမယ့် `မော်ဒန်´ဆိုတဲ့ အသုံးအနှုံးကိုလည်းပစ်ပယ်ချင်ပုံမရပြန်ဘူး။ စာအုပ်နာမည်ကို က`မော်ဒန်ရှင်းတမ်း . . . .´။ အဲဒီစာအုပ်ထဲမှာပဲ `ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်တစ်ချို့´ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရှိပါတယ်။ အဲဒီ `ခေတ်ပေါ်ကဗျာ´ဟာ သစ္စာနီဆိုလိုတဲ့ `မော်ဒန်ကဗျာ´ ဟုတ်မဟုတ်တော့ အတိအကျရေးသားထားတာမတွေ့ရပါဘူး။ ဆိုလိုတာက ၊ `မော်ဒန်´=`ခေတ်ပေါ်´လို့ အတိအလင်းရေးသားထားတာမတွေ့ရပါဘူး။ သစ္စာနီဟာ`ခေတ်ပြိုင်`၊`ခေတ်ပြိုင်ခံစားမှု´ကိုလည်းလက်ခံ ချင်ပုံမပေါ်ဘူး။ အဲဒီစာအုပ်ရဲ့ စာမျက်နှာ (၁၁)မှာပဲ ဒဂုန်တာရာရဲ့ `မော်ဒန်ကဗျာဆိုတာ ခေတ်ပြိုင်ခံစားမှုကိုရေးဖွဲ့ခြင်း´ဆိုတဲ့ အဆို ပေါ်ပြန်လည်ရှင်းလင်းချေပထားတာကတော့ `ခေတ်ပြိုင်ခံစားမှုဖြင့် ခေတ်ပြိုင်အခြေအနေကို မော်ဒန်သမားများသာမဟုတ်ဘဲ အစဉ်အ လာသရုပ်မှန်သမားများပါရေးဖွဲ့နေခြင်း ၊ ရေးဖွဲ့နိုင်ခွင့်ရှိခြင်း´လို့တွေ့ရပါတယ်။ ဒီမှာ ရှုပ်ထွေးနေတာက အယူဝါဒနဲ့ ကဗျာ(ဗေဒ) ပုံဏ္ဍာန်(၀ါ) ကဗျာတည်ဆောက်ဖွဲ့စည်းမှုကိစ္စပါပဲ။ အကယ်၍အယူဝါဒတူပြီး ကဗျာပုံသဏ္ဍာန်တွေပဲကွာတာဆိုရင် အယူဝါဒ ဦးစား ပေးသူဟာ ဘာပြဿနာလုပ်စရာလိုသလဲ(အကယ်၍ ကဗျာပုံသဏ္ဍာန်တစ်မျိုးပဲရှိရမယ်လို့ မသတ်မှတ်ရင်ပေါ့)။ ကဗျာ(ဗေဒ) ပုံသဏ္ဍာန် တည်ဆောက်ဖွဲ့စည်းမှုဘက်ကပြောရရင်တော့ ကဗျာ(ဗေဒ)ပုံသဏ္ဍာန်တည်ဆောက်ဖွဲ့စည်းမှုကိုယ်တိုင်ကို အခြေခံအယူဝါဒမပြောင်း သည့်တိုင် ကဗျာအာရုံခံစားမှုပြောင်းလဲသွားပြီဆိုတာပြနေတာပဲဖြစ်ပါတယ်။ ပုံသဏ္ဍာန်ဟာလည်း ကဗျာတစ်ပုဒ်ရဲ့ အကြောင်း အရာတစ်ခုပဲလေ။ သစ္စာနီပြောသလိုဆိုရင် ဒဂုန်တာရာလည်း`ခေတ်ပြိုင်ခံစားမှု´ကိုလေးလုံးစပ်အခြေပြုပုံသဏ္ဍာန်နဲ့ရေးတာပဲ ၊ မောင်ချောနွယ် ၊ အောင်ချိမ့်တို့လည်း`ခေတ်ပြိုင်ခံစားမှု´ကို မော်ဒန်(?)/ခေတ်ပေါ်ကဗျာပုံသဏ္ဍာန်နဲ့ ရေးတာပဲ။ ကွဲပြားခြားနားမှုဟာ  အရင်းခံအယူဝါဒမဟုတ်တော့ဘူး။ ကဗျာအမြင် ၊ ကဗျာအသိ ၊ ကဗျာအတတ် ၊ ကဗျာဗေဒဖြစ်လာပြီ။ အယူဝါဒဘက်ဇောင်းပေးခြင်း အစွန်းရောက်မှုကို ကဗျာဗေဒနဲ့ပြန်ဆွဲယူလိုက်ရတာလည်းဖြစ်တယ်။ ကဗျာတစ်ပုဒ်ကို အယူဝါဒရဲ့ ပါးစပ်ပေါက်အဖြစ်ကနေ ကဗျာတစ် ပုဒ်အဖြစ် ၊ ကဗျာအဖြစ်ပြန်လုပ်ယူရတာလည်းဖြစ်ပါတယ်။ အယူဝါဒရဲ့ လက်နက်ကနေ လက်နက်ရဲ့ အယူဝါဒအဖြစ်ပြောင်းလိုက်တာ လည်းပါရင်ပါမှာပေါ့။ ကဗျာတစ်ပုဒ်ဟာ အယူဝါဒတစ်ခုရဲ့/အတွက်လက်နက်ဖြစ်ရင် အဲဒီလက်နက်/ကဗျာဟာလည်း ကဗျာအယူဝါဒ(၀ါ)  ကဗျာဗေဒတစ်ခုခုကိုပြနေတာလည်းဖြစ်တယ်။ အဲဒီမှာ ၊ အယူဝါဒနဲ့ ကဗျာဗေဒရဲ့ တင်းအားဟာ ပေါ်လာတော့တာပါပဲ။ အဲဒီတင်းအား ကိုယ်တိုင်ဟာ အဲဒီကဗျာတစ်ပုဒ်ရဲ့ အလှတရားလည်းဖြစ်လို့ရတယ်။ အဲဒီအလှတရားဟာလည်း ထဲထဲဝင်ဝင်လေ့လာသင့်သေးတဲ့ အက်စ်သက်တစ်က် (aesthetic) ကိုပြောတာဖြစ်ပါတယ်။ ရုပ်လှခြင်း ၊ ရုပ်ဆိုးခြင်းဆိုတဲ့ အရပ်စကားမဟုတ်ပါဘူး။
(၃)
အခုလည်း`ခေတ်ပြိုင်´ကိစ္စဟာပေါ်လာနေပြန်ပါပြီ။ ကျွန်တော်သိသလောက်ကတော့ စိတ်ကူးချိုချိုစာအုပ်တိုက်က ထွက်တဲ့ `ခေတ်ပြိုင်´ ကဗျာစာအုပ်စီစဉ်ရွေးချယ်သူ မိုဃ်းဇော်ဟာ ခေတ်ပေါ်ကဗျာဆရာအဖြစ် သူကိုယ်တိုင်ဝန်ခံထားသူပါ။ ဒီနေရာမှာ (ကို) မိုဃ်းဇော်နဲ့ ကျွန်တော်ရန်ဘက်သဘောဆောင်တဲ့ အနေအထားမျိုး ကျွန်တော့်ဘက်ကတော့မရှိပါဘူး။ ကဗျာရေးသူအချင်းချင်းဘာ ရန်သဘောဆောင်စရာလိုလို့လည်းလေ။ တားဂက်က အတူတူပဲဟာ။ ကဗျာဖြစ်မြောက်ရေးပဲ မဟုတ်ဘူးလား။ ကဗျာရေးသူဟာ ကဗျာ ရေးနေတဲ့အချိန်မှာ ကဗျာအလုပ်ပဲလုပ်နေရတာပဲ။ အခြားအချိန်မှာတော့ အခြားအလုပ်တွေလုပ်နေမှာပေါ့။ ကဗျာရေးသူနဲ့ ကဗျာထပ်တူ ဖြစ်ရေးဟာ အယူဝါဒတစ်ခုရဲ့ အနုပညာကို ခုတုံးလုပ် အသုံးချရေးအတွက်သုံးစွဲခဲ့တဲ့စကားပါ။ လိုရင်းပြန်ကောက်ရရင် ၊ (၁) မိုဃ်းဇော် ဟာ ခေတ်ပေါ်ကဗျာဆရာဖြစ်တယ်။ (၂) မိုဃ်းဇော်ဟာ `ခေတ်ပြိုင်ကဗျာ´ဆိုတဲ့အသုံးအနှုံးကိုသုံးတယ်။ ခေတ်ပေါ်ကဗျာဆရာဟာ `ခေတ်ပြိုင်ကဗျာ´လို့သုံးစွဲလာတဲ့အတွက် စဉ်းစားစရာအမှန်တကယ်ဖြစ်ရပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ ရှုပ်ရှုပ်ထွေးထွေးသမိုင်း အထောက်အထားတွေရှိလို့ပါ။ ဘာသာစကားကို ပေါ့ပေါ့ဆဆသဘောထားခဲ့ကြတာလည်းတစ်ကြောင်းပေါ့။
အကယ်၍ ခေတ်ပေါ်ကဗျာဆရာတွေဟာ သူတို့ကိုသူတို့ ခေတ်ပြိုင်ကဗျာဆရာတွေလို့ပြောင်းခေါ်ကြရင် အထက်ပါ ဒဂုန် တာရာရဲ့ စကားနဲ့ ကိုက်ညီတဲ့အတွက်ဘာမှပြောစရာမလိုပါဘူး။ အရပ်သုံးစကားမှာ ခေတ်ပေါ်နဲ့ ခေတ်ပြိုင်ဟာ အချိန်ကာလအကြောင်း ပြုပြီး ဖယ်လှယ်သုံးလို့ရလို့ပါပဲ။ ကဗျာ(ဗေဒ)ပညာရပ်အသုံးအနှုံးနဲ့ကြည့်ရင်တော့ ပြဿနာတက်ပြီ။ ဘာကြောင့်လည်းဆိုတော့ `ခေတ်ပေါ်´ ကဗျာဆိုတာ သဘာဝအရပေါ်လာတာမဟုတ်ပဲ ၊တမင်တီထွင်ဖန်တီးတည်ဆောက်ဖြန့်ချိချဲ့ထွင်ထားတဲ့ကဗျာအမျိုးအစား၊ ကဗျာဗေဒဖြစ်လို့ပါပဲ။ အကယ်၍`ခေတ်ပေါ်´=`ခေတ်ပြိုင်´ ဆိုရင်အထက်မှာပါခဲ့တဲ့ သစ္စာနီရဲ့ ဒဂုန်တာရာကို တုန့်ပြန်စကားဆီပဲ ပြန်ရောက်သွားပါလိမ့်မယ်။ ခေတ်ပြိုင်ဟာပြောင်းနေတဲ့ အနေအထားတွေနဲ့ မပြောင်းသေးတဲ့ အနေအထားတွေရဲ့ လမ်းဆုံမှာရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ခေတ်ပြိုင်ကို အဲဒီဆုံပွိုင့်လို့မြင်ပါတယ်။ အဲဒီဆုံပွိုင့်ဟာလည်း ဘယ်ခေတ်မှာမဆို ၊ ဘယ်ကာလမှာ မဆိုရှိနေမှာပါ။ အဲဒီဆုံပွိုင့်ကို ခေတ် စမ်းကြုံခဲ့တယ်။ တာရာကြုံခဲ့တယ်။ မိုးဝေကြုံခဲ့တယ်။ ခေတ်ပေါ်ကြုံခဲ့တယ်။ အခုကြုံနေရပြီ။ ကြုံနေရပြန်ပြီပေါ့။ အဲဒီဆုံပွိုင့်မှာပဲနေခဲ့ရင် သူ့ရှေ့ရောက်သွားတဲ့ ဆုံပွိုင့်ရဲ့နောက်မှာ သူကျန်ခဲ့မှာပဲ။ ခေတ်ပြိုင်ရဲ့ အရွေ့သဘော။ အချိန်ကာလ Time ရဲ့တည်ရှိမှုထဲမှာပဲ Space အသစ်တွေစူးစမ်းရှာဖွေဖန်တီးတည်ဆောက်သွားရတာပါပဲ။ မြစ်တစ်စင်းထဲမှာပဲလူတစ် ယောက်ဟာ နှစ်ခါနစ်မသေနိုင်တဲ့သဘောပေါ့။ အဲဒီတော့ ၊ ခေတ်ပေါ်ဟာခေတ်ပြိုင်လား။ `ခေတ်ပေါ်´ကဗျာဟာ `ခေတ်ပြိုင်´ ကဗျာ လား။
(၄)
`ခေတ်ပေါ်´ကဗျာဟာ `ခေတ်ပြိုင်´ကဗျာမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ `ခေတ်ပေါ်´ကဗျာဟာ`ခေတ်ပေါ်´ ကဗျာအဖြစ်အခိုင်အမာရှိနေလို့ပါပဲ။ အဲသလို အခိုင်အမာရှိနေလို့ပဲ `ခေတ်ပေါ်´ကဗျာရဲ့ စရိုက်လက္ခဏာတွေ ၊ ဂုဏ်အင်္ဂါတွေ ၊ တန်ဘိုး တွေကိုထုတ်ပြနိုင်ခဲ့တာပဲမဟုတ်လား။ ကျွန်တော်တို့မြန်မာကဗျာလောကမှာ `ခေတ်ပေါ်´ကဗျာဆိုတာ ကဗျာမျက်ကန်းကိုတောင် ခြောက်နေမယ့်တစ္ဆေလိုမျိုးပါ။ ဆိုလိုတာက `ခေတ်ပေါ်´ကဗျာဟာ ကျွန်တော်တို့မြန်မာကဗျာလောကမှာ အရှိတရားဧကန်စစ်စစ်ဖြစ်ခဲ့ ပြီ။ မဂ္ဂဇင်းလောကမှာ ပင်မရေစီးနေရာရခဲ့ပြီ။ ကျွန်တော်တို့ငယ်စဉ်က လူငယ်တွေအတွက် ပသို့ဆိုစေ စံထားစရာကဗျာဖြစ်ခဲ့ပြီ။ ပြီးတော့ ကျွန်တော်တို့ကြီးပြင်းသွားကြတယ်။ အို . . . နေရိုင်း။ အို . . . မောရူးစိုး။ အို . . . ခင်အောင်အေး။ အို . . .(ဟိုတုန်းက) ပိုင်စိုးဝေ။ အို . . . (ဟိုတုန်းက)နေမျိုး။ အဲဒီ`ခေတ်ပေါ်´ကဗျာအမျိုးအစားဟာ တကယ်ရှိခဲ့ပြီ။ အဲဒီနို့သက်ခံစို့ပြီးကြီးပြင်းလာကြသူတွေ ဟာ အဲဒီ`ခေတ်ပေါ်´ကဗျာကို အမိရင်ခြေစုံကန်ပြီး သိုက်မြုံက ထွက်သွားကြတော့မလားကွယ်ရို့။ အင်းပေါ့လေ ၊ အခုတော့လည်း `ခေတ်ပြိုင်´ဖြစ်ပြီပေါ့လို့ အင်္ကျီကို ရှိုးတိုးရှန့်တန့်ဝတ်လို့။ ဒါပေမယ့် ဒီကိုယ်ကြီးပါဗျာလို့ စိတ်ကျေနပ်အောင်ပြောဖို့ကလည်း ပစ္စည်း သစ်သုံးစွဲထားတဲ့ အနံ့ကကပ်လို့။ အဲဒီတော့ ၊ `ခေတ်ပေါ်´ ပေါ်လည်းသံယောဇဉ်ကြီး ၊ `ခေတ်ပေါ်´ကိုလည်းမပစ်ရက် ၊ သဘာဝအရ ကြီးပြင်းလာရခြင်းကြောင့် `ခေတ်ပေါ်´ကို ခေတ်မီအောင် `ခေတ်ပြိုင်´လို့ပြောင်းခေါ်ကြတော့မလား။ ခက်တာက ပညတ်သွားရာဓါတ် သက်ပါ။ ရှေးဟောင်းနှောင်းဖြစ်စကားတွေ နွေးထွေးလုံခြုံအောင်ပြောပြီး ဆက်သွားကြရတာပဲမဟုတ်လား။ ဘယ်ကလာတယ်ပြောလို့ ရတယ် ၊ ဘယ်မှာရှိနေတယ်ပြောလို့ရတယ် ၊ ဘယ်ဆက်သွားမယ်ပြောကောင်း ပြောလို့ရတယ်။ ဘယ်ကလာတယ်ဟာ ဘယ်မှာရှိနေ တယ်နဲ့ ခေတ်ပြိုင်မဟုတ်ဘူး။ဘယ်မှာရှိနေတယ်ဟာ ဘယ်ဆက်သွားမယ်နဲ့ ခေတ်ပြိုင်မဟုတ်ဘူး။ သက်ရှိထင်ရှားရှိနေကြသေးတဲ့ ဒဂုန် တာရာနဲ့ အောင်ချိမ့် ၊ အောင်ချိမ့်နဲ့ မောင်ပြည့်မင်း ၊ မောင်ပြည့်မင်းနဲ့ အောင်ပြည်စုံဟာ ခေတ်ပြိုင်တွေလား။ ကျွန်တော်နဲ့စာဖတ်သူဟာ ခေတ်ပြိုင်ဖြစ်ကောင်းဖြစ်ပေမယ့် ကျွန်တော့်ခေတ်ပြိုင်နဲ့ စာဖတ်သူရဲ့ ခေတ်ပြိုင်အချင်းချင်းကတော့ ခေတ်ပြိုင်ဖြစ်ချင်မှဖြစ်မယ်။ ကျွန်တော်တို့ဟာ `ခေတ်ပေါ်´ကဗျာ ဥခွံထဲကထွက်လာကြတယ်။ ကျွန်တော်တို့ထွက်လာခဲ့ကြတဲ့ `ခေတ်ပေါ်´ဥခွံဟာ ကျွန်တော်တို့နဲ့ ခေတ်ပြိုင်လား။
(၅)
ခေတ်ပြိုင်ဟာ ပြောင်းနေတဲ့အနေအထားတွေနဲ့ မပြောင်းသေးတဲ့ အနေအထားတွေရဲ့ လမ်းဆုံမှာ ရှိနေတာဖြစ်ပါတယ်။ မပြောင်းသေးတဲ့ အနေအထားတွေဟာလည်း ပြောင်းချင်မှပြောင်းတော့မယ့် အနေအထားတွေလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ရိုသေစွာမှတ်တိုင်စိုက်ထူပေးခဲ့မှာဖြစ်ပါတယ်။
(၆)
ကျွန်တော့်အတွက် ကျွန်တော်အခုလောလောဆယ်နားလည်ထားတဲ့ ခေတ်ပြိုင်ကဗျာဟာ အဲဒီဆုံပွိုင့်ကို စူးစမ်းခြင်းပါပဲ။ ထင်ဟပ်တာမဟုတ်ဘူး။ ပြန်လည်ရေးသားဖေါ်ပြတာမဟုတ်ဘူး။ စူးစမ်းတာ။ ခံစားမှုဖေါ်ပြတဲ့ Expressive ကဗျာမဟုတ်ဘူး။ လူမှု စီးပွားရေးကိစ္စတွေပြန်ရေးသားပြတဲ့ Social – Realist ကဗျာမဟုတ်ဘူး။ ဘာသာစကား/စာသားနဲ့တည်ဆောက်မှုသက်သက်/ Language – based/ Language – oriented ကဗျာမဟုတ်ဘူး။ ဒါပေမယ့် အဲဒါတွေကိုလည်း နည်းတွေအဖြစ်သုံးရင်သုံးမှာပဲ။ ကျွန်တော်အခုလောလောဆယ် နားလည်ထားတဲ့ ခေတ်ပြိုင်ကဗျာဟာ Investigative/Exploratory စူးစမ်းရှာဖွေဖေါ်ထုတ်မှုကဗျာ မျိုးဖြစ်ပါတယ်။ ကဗျာကို ဒီလိုရေးလို့ရမလား (၀ါ)ဒီလိုရေးရင် ကဗျာဖြစ်မလားဆိုတာကိုလည်း စူးစမ်းရှာဖွေခြင်းပဲပေါ့။
ဇေယျာလင်း
12 – Dec – 2009
မှတ်ချက်။             ။ ၂၀၀၉ ကရေးခဲ့တဲ့ ဆောင်းပါးပါ – ဘယ်မှာမှမဖေါ်ပြရသေးပါဘူး။ အဲဒီတုန်းက `ကွန်တမ်ပိုရာရီ´ ကိစ္စ ၊ `ခေတ်ပေါ်´ကိစ္စ ၊ `ခေတ်ပြိုင်´ကိစ္စတွေကို စဉ်းစားတွေးကြည့်မိပုံသာဓကလေးပါ။ အခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။
ခေတ်ပြိုင်မြန်မာကဗျာရဲ့ တက်ခ်စ်တ်ချာ
ခေါင်းစဉ်မှာပါရှိတဲ့`ခေတ်ပြိုင်´မြန်မာကဗျာဆိုတဲ့ အသုံးအနှုံးကို ရှင်းလင်းချင်ပါတယ်။ ဒီအသုံးအနှုံးဟာ လွယ်မလိုနဲ့ ခက်ပြီး ရှင်းမလိုနဲ့ ရှုပ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကလာတဲ့ Contemporary ကွန်တမ်ပိုရာရီကိုယ်တိုင်ဟာ အချိန်ကာလအနက် တစ်ခု တည်းကို ဆောင်တာမဟုတ်သလို Contemporary Poetry မှာလည်း Contemporary ပိုင်းဟာ ဒီနေ့အထိအဖြေထက်မေးခွန်းတွေပဲ ထုတ်နေတဲ့ problematic ဖြစ်တဲ့ အသုံးအနှုံးပါပဲ။ ဩစတြေးလျကဗျာဆရာ Louis Armand တည်းဖြတ်တဲ့ Contemporary Poetics၁ ရဲ့ အဖွင့် အမှာစာမှာ `ကွန်တမ်ပိုရာရီကဗျာဗေဒ´ရဲ့ အဓိပ္ပါယ်ကို အချိန်ကာလတစ်ခုခု ၊ ခေတ်ကာလတစ်ခုခုပေါ် အမှီပြုထားတာ မဟုတ်သလို ပစ္စုပ္ပန်ပေါ်လည်း အမှီပြုထားတာမဟုတ်ပဲ ‘condition of writing’ `အရေးအသား/ရေးသားပြုလုပ်မှု အခြေအနေ/အနေ အထား´ ပေါ်အမှီပြုတာလို့ဆိုပါတယ်။ အဲဒီ `အခြေအနေ/အနေအထား´ ဟာလည်းသမိုင်းနဲ့မကင်းသလို ‘present time of writing’ `အရေးအသား/ရေးသားပြုလုပ်မှု´ပြုနေတဲ့ ပစ္စုပ္ပန်ကာလနဲ့ အတူ ဆက်စပ်ပတ်သက်နေတဲ့ မြေလှန်ကဗျာဗေဒ(တွေ)နဲ့လည်းတိုက်ရိုက် ဆက်နွယ်နေပါတယ်။
`အရေးအသား/ရေးသားမှုပြုလုပ်နေတဲ့ကာလ´ဆိုတာဟာလည်း ပစ္စုပ္ပန်ကာလသက်သက်ကိုပြောတာမဟုတ်ပဲ ပစ္စုပ္ပန်ကာလရဲ့ အရှိတရား ၊ အသိတရားတွေပေါ်အခြေစိုက်ထားတာကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ ၊ အခုပစ္စုပ္ပန်မှာ ကျွန်တော်ဒီ ဆောင်းပါးရေးနေပြီး အခုပစ္စုပ္ပန်မှာ ဒီဆောင်းပါးကို စာဖတ်သူက ဖတ်နေတာဖြစ်ပါတယ်။ `ကွန်တမ်ပိုရာရီ´ဆိုတာ ဒီပစ္စုပ္ပန်အချိန်ကို ပြောတာထက် ဒီပစ္စုပ္ပန်ကာလမှာ ရှိနေတဲ့ အရှိတရား ၊ အသိတရားတွေရဲ့ အစုအဝေးကို ဆိုလိုတာဖြစ်ပါတယ်။ Contemporary American Poetry ကဗျာပေါင်းချုပ်ကို ကြည့်လိုက်ပြန်တော့ ၁၉၆၀ နောက်ပိုင်းကနေ ဒီဘက်အထိကို Contemporaryလို့သုံးထားတာ တွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း Contemporary ဆိုတဲ့ အသုံးအနှုံးကိုအနက်ဖွင့်ဖို့ အယူအဆအမျိုးမျိုးနဲ့ကျိုးစားကြတာတွေ့ရပါ တယ်။ တစ်နေရာမှာ ဖတ်ဖူးတာကတော့ Post-postmodernism ကာလလို့ရေးသားထားတာဖြစ်ပါတယ်။ ၁၉၉၀ ကနေ ဒီဘက်ရာစု ပေါ့။ ဆိုလိုတာက `ခေတ်ပြိုင်´ (၀ါ) `ကွန်တမ်ပိုရာရီ´ဆိုတဲ့ အသုံအနှုံးကို `ခေတ်ကာလတစ်ခုတည်းမှာ အပြိုင်ရှိနေတာ´ လို့ သတ်သတ်မှတ်မှတ်ပြောလို့မရပါဘူး။
ကဗျာ/ကဗျာဗေဒနဲ့ ပတ်သက်လာရင် `ခေတ်ပြိုင်´ဆိုတာကို အချိန်ကာလနဲ့ ပြောတာထက် ကဗျာဗေဒနဲ့ ပြောတာပိုမှန်လိမ့်မယ်လို့ယူဆပါတယ်။နောက်ကြောင်းပြန်ရရင် `Post – ခေတ်ပေါ်ကဗျာဗေဒမှတ်စုများ´၂ မှာ ခေတ်ပေါ်ကဗျာနဲ့ Post – ခေတ်ပေါ်ကဗျာတို့ကို အမည် ၊ နောက်ကွယ်သဘောတရားများ ၊ နဲ့ နည်းနာများလို့ အပိုင်း ၃ ပိုင်းခွဲပြီးယှဉ်ပြခဲ့ပါတယ် (၂၀၀၅)။ `ခေတ်ပြိုင်ကဗျာ´ဆိုတဲ့ အသုံးအနှုံးကို `ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန်´၃ မှာ `အစဉ်အလာကဗျာ ၊ ခေတ်ပေါ်ကဗျာနဲ့ ကွာခြားတဲ့ တတိယကဗျာအမျိုးအစားကို `ခေတ်ပြိုင်´ကဗျာလို့ကျွန်တော်ခေါ်ဝေါ်သတ်မှတ်ချင်ပါတယ်´လို့ပါရှိပါတယ်။ တစ်ဖန် `ခေတ်ပြိုင်ကဗျာကို ချဉ်းကပ်ခြင်း ၁´၄ မှာ `ကျွန်တော်နားလည်ထားသလောက်တော့ ခေတ်ပြိုင်(၀ါ) ကွန်တမ်ပိုရာရီ Contemporary ဆိုတဲ့ အသုံးအနှုံးဟာ အချိန်ကာလပြ အသုံး အနှုံးသဘောပါဝင်ပေမယ့် ဒီထက်ပိုကျယ်ဝန်းနက်ရှိုင်းပါတယ်။ ပိုပြီး complex ဖြစ်ပါတယ်။ အချိန်ကာလအပြင်နောက်ဆုံးပေါ်တွေ့ရှိ ချက်တွေ ၊ သိမှု ပိုထွန်းကားလာမှုနဲ့ သိမှုအရွေ့တွေ ၊ နောက်ဆုံးပေါ်နည်းပညာကိစ္စတွေ နက်နက်ရှိုင်းရှိုင်းပါရှိပါတယ်။ အဲဒီတော့ Contemporary Poetics နဲ့ Contemporary Poetry ခေတ်ပြိုင်ကဗျာဗေဒနဲ့ခေတ်ပြိုင်ကဗျာဆိုတာဟာလည်း ဒီသိမ်မွေ့နက်ရှိုင်းတဲ့ Contemporary ဖြစ်ခြင်းသဘောကို ထင်ဟပ်နေတာဖြစ်ပါတယ်။
 Contemporary ဆိုတဲ့ အသုံးအနှုံးဟာ Postmodernism နှောင်းပိုင်း မှာ ပေါ်လာသလို Postmodernism နဲ့လည်းကင်းရှင်းတာမဟုတ်ပါဘူး။´လို့ပါရှိပြန်ပါတယ်။ ၂၀၁၂ ထုတ် `ဖြစ်နိုင်ခြေရှိသော ခေတ်ပြိုင် မြန်မာကဗျာအလားအလာများ´မှာ ပါရှိတဲ့ အထက်ပါဆောင်းပါးဟာ ၂၀၀၅ က `Post – ခေတ်ပေါ်ကဗျာဗေဒမှတ်စုများ´ကို update လုပ်ထားတာဖြစ်ပါတယ်။ ၂၀၀၅ က Post – ခေတ်ပေါ်ကဗျာဟာ `ခေတ်ပြိုင်´ကွန်တမ်ပိုရာရီကဗျာဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်ဟာ ခေတ်ပေါ်ကဗျာကို တိုက်ခိုက်ခြင်း ၊ ဘေးဖယ်ထုတ်ခြင်းသဘောမျိုးရှိလည်းမရှိခဲ့ ၊ အခုလည်းမရှိ ပါဘူး။ ကြီးစိုးလွှမ်းမိုးတဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာကနေ `ကဗျာ´ကို တတ်နိုင်သလောက်ချဲ့ထွင်လိုက်ပြီး ခေတ်ပေါ်ကဗျာမဟုတ်တဲ့ `အခြား´အော်လ်တာနေးတစ်ဗ် ကဗျာအမျိုးအစားတွေ မြန်မာကဗျာလောကမှာ ပေါ်လာစေချင်တဲ့ စေတနာလောက်ပါပဲ။
ဒီထက်လည်း ရေးကြီးခွင်ကျယ်မရှိခဲ့ ၊ အခုလည်းမရှိပါဘူး။ ပင်မရေစီးခေတ်ပေါ်ကဗျာ (အမျိုးအစား)မှသာလျှင် ကဗျာ(တစ်ခုလုံး) ဆိုတဲ့အယူအဆကို မကြိုက်ခဲ့လို့ ကဗျာကို ချဲ့လိုက်တာပါ။ အဲသလိုလုပ်ဖို့အတွက် မရှိသေးတဲ့ အရာကို ရှိလာအောင်လုပ်ဖို့ ၊ ရှိနေတဲ့ အရာနဲ့ ဘာတွေဘယ် လိုကွဲပြား သလဲ/မလဲဆိုတာ အရင်တွေးဆထောက်ပြခဲ့ရတာပါ။ ကျွန်တော်လိုချင်ခဲ့တာ LP မဟုတ်ပါဘူး။ Contemporary Poetry ပါ။ အဲဒီအချိန် ကာလတွေမှာ ကျွန်တော်ရင်းနှီးကျွမ်းဝင်နေတဲ့ ကဗျာဗေဒတွေက ဆိုဗီယက်လွန် ရုရှက postmodern ကဗျာအမျိုးအစား တွေ ၊ နျူးယောက်ဂိုဏ်းကဗျာ (အထူးသဖြင့် အက်ရှဘရီနဲ့ အိုဟာရာ) ၊ LP (အထူးသဖြင့် Charles Bernstein ၊ Bob Perelman ၊ Ron Silliman ၊ Lynn Hejinian ) ၊ Post – LP လို့စပြောတဲ့ Make Wallace နဲ့ သူညွှန်းတဲ့ PLP ကဗျာဆရာ/ဆရာမတွေ ၊ Cambridge ဂိုဏ်းက Jeremy Prynne အပြင်အခြားအမေရိကန် ၊ ဗြိတိသျှ ၊ အရှေ့ဥရောပ mainstream ကဗျာတွေ။ ပြီးတော့ Postmodern/ post-structuralism အယူအဆတွေ။
 နောက်ပိုင်းမှာ ထပ်တွေ့ခဲ့ရတာတွေဟာ Elliptical poetry လို့လည်းခေါ်တဲ့ American Hybrid Poetry။ အခုနောက်ဆုံးရထားတာက Lyric Postmodernisms ။ အဲဒီတော့ Post – ခေတ်ပေါ်ကဗျာရဲ့ နောက်ခံအယူအဆနဲ့ နည်းတွေ ဟာ အဓိကအားဖြင့်တော့ LP ပေါ့။ ဒါပေမယ့် ၊ နောက်ပိုင်းခေတ်ပြိုင်ကဗျာဆောင်းပါးတွေမှာ PLP ဘက်ပိုရောက်သွားသလိုပဲ။
ဒီဘက်ခုနှစ်တွေပိုင်းမှာ ခေတ်ပေါ်ကဗျာနဲ့ ကွဲပြားတဲ့ ကဗျာတွေထွက်လာတာတွေ့ရပါတယ်။ လွန်းဆက်နိုးမြတ် ၊ Pemskool ၊ ခင်အောင်အေး ၊ မောင်ဒေး ၊ အောင်ပြည့်စုံ ၊ ငြိဏ်းဝေ ၊ ပန်ဒိုရာ ၊ မယ်ယွေး ၊ မောင်နေမြဲ။ ပြီးတစ်နေ့ကထွက်တဲ့ ရဲမြင့်သူရဲ့ စကားပြေ ကဗျာတွေ။ မကြာသေးခင်ကလည်း online မှာ လွန်းဆက်နိုးမြတ်နဲ့ ခေတ်ပြိုင်ကဗျာအကြောင်းပြောရင်း ကဗျာတစ်ပုဒ်ဟာ ခေတ်ပေါ် လား ၊ ခေတ်ပြိုင်လား ၊ ကြားမှာလားဆိုတာဘယ်လိုရှင်းပြရင်ကောင်းမလဲလို့ စိတ်ထဲဖြစ်လာတယ်။
တစ်ချိန်တည်းမှာဒီကိစ္စကို မောင်ဒေး နဲ့ မောင်ယုပိုင်တို့လည်းရှင်းထားတာပဲဆိုပြီးစိတ်မပါတော့ပြန်ဘူး။ ဒါပေမယ့် ၊ မြန်မာခေတ်ပြိုင်ကဗျာဟာ ဘယ်လိုမျိုးလဲလို့ တစ်ယောက် ယောက်ကမေးလာရင် ဖြေဖို့ ကျိုးစားတဲ့ အနေနဲ့ စဉ်းစားကြည့်လိုက်တော့ texture ကိုသွားတွေ့တယ်။ တက်ခ်စ်တ်ချာ။ ခေတ်ပေါ် ကဗျာနဲ့ ခေတ်ပြိုင်ကဗျာတို့ရဲ့ texture တွေဟာ ဥပမာပြောရရင် ရှိရင်းစွဲဆလွန်းကားတွေနဲ့ ၀င်လာတဲ့ ကားသစ်တွေကွာသလို ပါပဲ။
တက်ခ်စ်တ်ချာ texture ကို `ကဗျာတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှုနည်းစနစ်´၅ မှာရှင်းပြပြီးပါပြီ။ texture ဟာ Latin စကား textura ကလာတာဖြစ်ပါတယ်။ အင်္ဂလိပ်လို to weave ၊ မြန်မာလို `အထည်ရက်သည်´ ၊ `ရက်လုပ်သည်´၊`ဇာတ်အိမ်ဖွဲ့သည်´၊`ရက်ကန်း ရှယ်သည့်နှယ် . . . ရွေ့လျားသည်´တို့ဖြစ်ပါတယ်။ texture ရဲ့ noun အဓိပ္ပါယ်ကတော့ မြန်မာလို `ပြင်´ ၊ `အသား´၊`ပိတ်သား´၊ `အထည်စသား´၊`အသားသဘော´၊`အနုအကြမ်းဖွဲ့စည်းပုံ´၊`အသားမျှင်ဖွဲ့စည်းပုံ´တို့ဖြစ်ပါတယ်။
ဒီမူရင်း texture ကနေပဲ အင်္ဂလိပ် စကား text ဖြစ်လာတာပါ။ ဘယ်စာသားမဆို ရက်လုပ်ရတာ ၊ ဖွဲ့စည်းပြုလုပ်ရတာဖြစ်တယ်ဆိုတဲ့သဘော။ (တစ်မျိုးတည်းဖွဲ့စည်းပြု လုပ်တတ်ရုံနဲ့ ဒီတစ်မျိုးတည်းရှိပြီး ဒီတစ်မျိုးတည်းသာအမှန် ၊ ဒီတစ်မျိုးတည်းနဲ့ လုပ်မှ `ရိုးသား´တယ် ၊ `အစစ်အမှန်´ ရရှိမယ်ဆိုတဲ့ စကားတွေဟာ ကိုယ့်ကိုကိုယ်ပြန်ပိတ်ဆို့တားဆီးရုံမက သူများကိုပါ လိုက်ပိတ်ဆို့ထားဆီးတဲ့ စကားတွေပဲဖြစ်ပါတယ်။) textura ရဲ့ အသုံးအနှုံးဟာ ဂရိစကားဖြစ်တဲ့ tekne ၊ အင်္ဂလိပ် technique ၊ မြန်မာလို နည်း/နည်းနာ/နည်းပညာနဲ့ လည်းဆက်နွယ်မှုရှိပါတယ်။
ဘယ်စာသား/အရေးအသားမဆိုနည်းပညာတစ်မျိုးမျိုးနဲ့ ပြုလုပ်ရတာဖြစ်ပြီးနည်းပညာမတူရင် ပစ္စည်းမတူနိုင်သလို စာသား/အရေး အသား/ကဗျာလည်းမတူနိုင်ပါဘူး။ texture ဆိုတာအဲဒီသဘောကိုပြောတာပါ။
အဲဒီတော့ ခေတ်ပေါ်ကဗျာရဲ့ texture နဲ့ ခေတ်ပြိုင်ကဗျာရဲ့ texture ဘာကွာသလဲ။ ယေဘူယျပြောရရင် ခေတ်ပေါ်ကဗျာရဲ့ texture ကပြေလွင် တယ် ၊ စီးဆင်းတယ် ၊ ချောမွေ့တယ် ၊ မျဉ်းကြောင်းသဘောသွားတယ် ၊ အဆုံးသပ်လိုင်းမှာ ကျေနပ်အားရမှုရ တယ် ၊ ဖတ်ရ အတန် အသင့်လွယ်တယ်။ (ဒါဟာလည်း ဖတ်ကျင့်ရသွားလို့ပါပဲ။ ဖတ်ကျင့်မရသူအတွက် ခေတ်ပေါ်ကဗျာဟာ အခုထိ စိမ်းနေမှာပါ။) `ကျက်တဲ့ ကဗျာနဲ့ စိမ်းတဲ့ကဗျာ´၆။ ခေတ်ပြိုင်ကဗျာရဲ့ textureကတော့ ခေတ်ပေါ်ရဲ့ texture နဲ့ ဆန့်ကျင်ဘက်ပါပဲ။ မပြေလွင်ဘူး။ မချောမွေ့ဘူး။ မစီးဆင်းဘူး။ မျဉ်းကြောင်းမရှိဘူး။ အဆုံးသပ်လိုင်းလို့ ထင်ပေမယ့် မည်မည်ရရမဟုတ်ပြန်ဘူး။ ဖတ်ရတာ လျှောလျှောရူရူမရှိဘူး။ ဖတ်ရခက်တယ်။ ကဗျာလို့တောင်မထင်ရဘူး။ ဒီ texture ၂ မျိုးဟာ တစ်ခုက positive ဆိုရင် ကျန်တစ်ခုက သူ့ရဲ့ negative ပါပဲ။
ဘာဖြစ်လို့ ဒီလိုကဗျာအမျိုးအစား ၂ ခုဟာ ဒီလောက်ဆန့်ကျင်ဘက် texture တွေရှိနေရသလဲဆိုတော့ ကွဲပြားခြားနားအောင် လုပ်ယူရလို့ရယ် ၊ နောက်ကွယ်သိမှုအယူအဆတွေကွဲသွားလို့ရယ်ကြောင့်ပဲဖြစ်ပါတယ်။ ဆိုလိုတာက အဲသလို texture မျိုးကို ခေတ် ပြိုင်ကဗျာကတမင်လုပ်ယူရခဲ့တာပါ။ ခေတ်ပြိုင်ကဗျာရဲ့ texture လို့ တိတိပပပြောလို့ရစေတဲ့ ၊ ခေတ်ပြိုင်ကဗျာရဲ့ texture ကိုဖြစ်ပေါ် စေတဲ့ နည်းတွေရှိပါတယ်။ Disjunctive strategies ဒစ္စဂျန့်က်တစ်ဗ်နည်းတွေ ၊ Collage Fragments ကော်လာ့ဂ်ျလုပ်ထားတဲ့ ၀ါကျ အပိုင်းအစတွေ ၊ Appropriation ရှိပြီးသားစာသားတွေယူသုံးခြင်းတွေ ၊ Intertextuality စာသားချင်းအပြန်အလှန်ဆက်စပ်မှုတွေ ၊ Destabilization of ‘I’ ကဗျာထဲက `ငါ´ရဲ့ အခြေခိုင်မှုကို နှဲ့ပြလိုက်တာတွေ ၊ Aleatory techniques တိုက်ဆိုင်ကြုံကြိုက်လို့ ၀င်လာ တာတွေကို ထည့်သုံးလိုက်တာတွေ။ ဒါတွေဟာလည်း ယခင်ကရေးပြ ၊ ရှင်းပြပြီးသားတွေပါ။
ဒစ္စဂျန့်က်တစ်ဗ်နည်းတွေဟာ ကဗျာမျက်နှာပြင်နဲ့ `အသွား´ ကိုတမင်ဖျက်ဖို့သုံးတာဖြစ်ပါတယ်။ ဇာတ်လမ်းသဘော narrativity ကိုဖျက်တယ်။ မျဉ်းကြောင်းသဘော Linearity ကိုဖျက်တယ်။ လိုင်းတစ်လိုင်း/၀ါကျတစ်ကြောင်းကနေ ဆင်ခြင်ယုတ္တိ အားဖြင့် ဆက်စပ်လိုင်း/၀ါကျပေါ်လာပြီး အဓိပ္ပါယ်တွေ ဆက်စပ်မှုပြုလုပ်ရယူခြင်းဆိုတဲ့ syllogism ကိုဖျက်တယ်။ ဘယ်လိုဖျက်သလဲ ဆိုတော့ ပိုဒ်စီပုံ ၊ လိုင်းဖွဲ့ပုံ ၊ စကားလုံးချိတ်တွဲပုံ ၊ သုံးလေ့သုံးထမရှိတဲ့ မျက်တောင်အဖွင့်အပိတ်တို့ ၊ လက်သည်းကွင်းတို့ ၊ မျဉ်းစောင်း တို့ ၊ Question mark တို့သုံးစွဲပုံတို့ဖြစ်ပါတယ်။ ပိုဒ်စီပုံကို ကြည့်ရင် ခေတ်ပြိုင်ကဗျာတော်တော်များများမှာ ပိုဒ်ခွဲတာထက်ပိုဒ်တွေဆက် လိုက်တာတွေ့ရတတ်ပါတယ်။
အဲဒီတော့ အမြင်အားဖြင့် ကဗျာပုဒ်ဟာ အပုဒ်ကြီးတစ်ပုဒ်အဖြစ်ကြပ်ခဲနေပါတယ်။ ကြည့်ရုံနဲ့ မွန်းကြပ် ရပါတယ်။ ဖတ်ကျင့်မရှိသူတွေအတွက်ဆို ပိုဆိုးတာပေါ့။ လိုင်းချိတ်ပုံကြည့်ရင်လည်း စီးဆင်းမှုထက် ပြတ်တောက်မှု disruptive ၊ discontinuous ၊ disconnected တွေဖြစ်စေတဲ့ paratactic တွေ။ လိုင်းနဲ့ ၀ါကျသဘောမှာလည်း လိုင်းတစ်လိုင်းဟာ ၀ါကျပြတ်တစ်ခု ဖြစ်နေပြီး နောက်လိုင်းဟာ အဆိုပါ ၀ါကျပြတ်ရဲ့ အပိုင်းမဟုတ်ပဲ အခြားဝါကျပိုင်းတစ်ပိုင်းဖြစ်နေတာတွေ။ အမေဋိတ်တွေသုံးတာတွေ ၊ မေးခွန်းတွေမေးလွန်းတာတွေ ၊ `ခင်္ဗျား´`ခင်္ဗျား´နဲ့ ဖတ်သူကို ကဗျာထဲကနေ လှမ်းချိတ်နေတာတွေ။ အစလိုင်းကနေအဆုံးလိုင်းအထိဖတ်လည်းပြီးရော အကြောင်း အရာတစ်ခုခုမည်မည်ရရ လက်ဆုပ်လက်ကိုင်မရလိုက်တာတွေ။ လိုင်းတွေဟာ အဆုံးသပ်လိုင်းဆီစုရုံးဦးတည်ခြင်းမရှိတာတွေ။ အဆက်အစပ်မဲ့ခြင်းနဲ့ အဆက်အစပ်မဲ့ခြင်းတို့ကို ဆက်စပ်ထားတဲ့ နည်းတွေပေါ့။
စကားလုံးတွေချိတ်တွဲတာဟာလည်းတွဲရိုးတွဲစဉ် ၊ တွဲလေ့တွဲထ ၊ သတ်မှတ်အတွဲတွေမဟုတ်ပြန်ဘူး။ အဓိပ္ပါယ်ခွတာတွေ ambiguous ၊ အဓိပ္ပါယ်တစ်ခုမကထွက်တာတွေ polysemy ၊ အဓိပ္ပါယ်မရေရာတာတွေ indeterminacy / flicker စတဲ့ effect တွေရအောင်လည်း သုံးစွဲပါတယ်။
ကော်လာ့ဂ်ျ (`ကော်လာ့ဂ်ျအကြောင်းတစေ့တစောင်း´၇) ကတော့ ယုတ္တိဆက်စပ်မှုမရှိတဲ့ ၀ါကျတွေ ၊ ၀ါကျအပိုင်းအစ Fragment တွေကို Juxtapose တွဲချိတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို fragment တွေ juxtapose လိုက်လို့ disjunctive ဖြစ်သွားတာနဲ့ disjunctive ဖြစ်ဖို့ fragment တွေ juxtapose ရတာလည်းဖြစ်ပါတယ်။ ဒီ fragment တွေဟာလည်း အကြောင်းအရာတစ်ခုတည်းနဲ့ ဆိုင်တဲ့ စကားလုံး ၊ စကားစု ၊ အသုံးအနှုံးတွေမဟုတ်ပဲ ကွဲပြားခြားနားတဲ့ ဘာသာစကားနယ်ပယ် discourse တွေနဲ့ ကွဲပြားခြားနားတဲ့ ဆက်စပ်ဝန်းကျင် context တွေက လာတာဖြစ်ပါတယ်။ အချို့ပညာရှင် တွေက Juxtapose နဲ့ disjunctive ကိုခွဲခြားကြပါတယ်။ တွဲချိတ်တာက juxtapose လုပ်တာပါ။
ဘာပဲတွဲချိတ်တွဲချိတ်။ disjunctive က မတူညီတဲ့ ၊ ကွဲပြားတဲ့ စာသားအပိုင်းအစတွေ (သို့) ၀ါကျပြည့်တွေကို တွဲချိတ်တာ။ Ron Silliman ရဲ့ New Sentence တွဲချိတ်ပုံမျိုး။ ပရမ်းပတာမဟုတ်ပဲ Procedural Process စည်း တစ်မျိုးမျိုးနဲ့ တွဲချိတ်တာ။ အနည်းဆုံးယုတ္တိအဓိပ္ပါယ်နဲ့ ဆက်စပ်တာမဟုတ်ပဲ ဂယက် အနက်နဲ့ ဆက်စပ်တဲ့ Associative Juxtaposition မျိုးတွေပါ။
Appropriation က ရှိပြီးသားစာသားတွေ ၊ စကားတွေကိုယူသုံးတာဖြစ်ပါတယ်။ Found Language တွေ ၊ သတင်းမီဒီင်္ယာက ၊ ကြော်ငြာလောကက ၊ ဘာသာရပ်နယ်ပယ်တွေက ၊ စတဲ့ နယ်ပယ်အမျိုးမျိုးက ကောက်ရစာသားတွေအပြင်ဖြတ်သွားဖြတ်လာဖြတ် ကနဲကြားလိုက်ရတာတွေကိုလည်း လိုအပ်သလိုယူသုံးလိုက်တာဖြစ်ပါတယ်။ LP နောက်ပိုင်းဒီဘက်ရာစုနှစ်မှာပေါ်လာတဲ့ Flarf နဲ့ Conceptual ဆိုရင်ဒီနည်းကို တော်တော်လေးသုံးပါတယ်။ Flarf မှာ Drew Gardner စထွင်လိုက်တဲ့ Googling (၀ါ) Google – sculpting ဟာ ဂူဂဲလ်ထဲ ရိုက်သွင်းလိုက်တဲ့စာသား/စကားလုံး(အတွဲအချိတ်)ကနေ ထွက်ကျလာတဲ့ နောက်ထပ်စာသားအစဉ်ကြီး ထဲက လိုရာကောက်ယူသုံးစွဲတာဖြစ်ပါတယ်။
အဲသလိုသုံးစွဲတဲ့ အချိန်မှာလည်း သူ့ချည့်သုံးစွဲတာထက် blending အခြားမတူညီတာ တစ်ခုခုနဲ့ ပေါင်းစပ်တာမျိုး ၊ လိုက်လျောညီထွေမှုမရှိတဲ့ဟာတွေတမင်တွဲချိတ်တာမျိုး ၊ ကောက်ရစာသားထဲက ပါရှိတဲ့ မူလအစီအစဉ် တွေပျက် သွားအောင်ပြန်ပြင်စီတာမျိုး ၊ cut – and – paste ဖြတ်ညှတ်ကပ်လုပ်တာမျိုးတွေလည်း ရှိပါတယ်။ ရှိပြီးသားစာသားတွေ အချင်းချင်း ပေါင်းစပ်ယူတဲ့ Intertextual လုပ်တာတွေလည်း ရှိပါတယ်။ `ကဗျာဟာ `ပင်မှည့်´လား ၊ `ဖွဲ့စပ်´လား´၈ ကိုလည်းရှုပါ။
ခေတ်ပြိုင်ကဗျာတွေမှာ တွေ့ရတတ်တဲ့ နောက်တစ်ခုက ကဗျာထဲက `ငါ´ကို distort ပုံဖျက် ၊ disrupt နှောက်ယှက် ၊ destabilize မခိုင်မာတော့အောင်နှဲ့ ၊ decenter ဗဟိုချက်နေရာကနေ ဖျက်တာရှိသလို Pronoun Shift နာမ်စားပြောင်းလိုက်တာတွေ လည်းရှိပါတယ်။ မြန်မာကဗျာမှာဆို `ငါ´၊ `မိမိ´၊`ကျွန်တော်´ လို့တစ်ပုဒ်ထဲမှာတွေ့ရရင် အဲဒီ ၃ ခုစလုံးက တစ်ဦးတည်းကို ကိုယ်စားပြု လားဆိုရင် ပြောရခက်ပါတယ်။ နောက်တစ်မျိုးက Voice poem တွေရဲ့ တစ်ယောက်တည်းပြောနေတဲ့ လေသံကို ဖျက်တဲ့ polyvocal technique တွေရှိပါတယ်။ ဘယ်လိုင်းကဘယ်သူတွေပြောနေမှန်းမသိရသလို တစ်လိုင်းထဲမှာတင် Voice ၂ခု ၃ ခု ချိတ်တွဲထည့်လိုက် တာလည်း ရှိပါတယ်။ နောက်ပိုင်း hybrid ကဗျာတွေမှာ တွေ့ရတာက `ငါ´ကို မဖြိုဖျက်ပေမယ့် ဒစ္စဂျန့်က်တစ်ဗ်နည်းတွေသုံးလိုက် တော့ `ငါ´ဟာ ကြီးစိုးလွှမ်းမိုးတဲ့ နေရာပျောက်သွားပြီးသူကိုယ်တိုင်မထိမ်းချုပ်နိုင်တဲ့ အနေအထားတွေထဲရောက်သွားရပါတယ်။
အထက်ပါခေတ်ပြိုင်ကဗျာရဲ့ texture ကိုဖြစ်စေတဲ့နည်းတွေကို Non – Lyric Poetic Strategies လို့လည်းခေါ်ပါတယ်။ `ငါ´ ဗဟိုပြု ၊ `ငါ´ရဲ့တွေ့ကြုံခံစားမှုကို ဖတ်သူထံတန်းတန်းမတ်မတ်ပို့ဆောင်တယ် ၊ ဘာသာစကားဟာ ကြားခံပဲဖြစ်ပါတယ်။ `ငါ´ဟာ ဘာသာစကားကို ထိမ်းချုပ်သုံးစွဲတာဖြစ်တယ် ၊ ဖတ်သူကလည်းရေးသူရဲ့ မက်ဆေ့ဂ်ျ(၀ါ)ခံစားမှုကို တည့်တည့်မတ်မတ်ပြည့်ပြည့်၀၀ ရရှိတယ်ဆိုတဲ့ ကဗျာအယူအဆနဲ့ အမျိုးအစားကို ဆန့်ကျင်တဲ့ နည်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလစ်ရစ်က်ခံစားမှုကဗျာအမျိုးအစား ဟာ ဖတ်သူတွေဆီမှာလည်း အရိုးစွဲ ၊ ပညာရေးအင်စတီကျူးရှင်းတွေကလည်း ဒီကဗျာအမျိုးအစားပဲပို့ချ ၊ မိန်းစတရီးမ်စာပေလောက ကလည်း ဒီကဗျာအမျိုးအစားကိုပဲ ဖြန့်ချိတာများတော့ တော်ရုံနဲ့ ဖျက်လို့မပျက်ပါဘူး။ ကဗျာသိမှုနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ခေတ်ပြိုင် ကဗျာသိမှုမရှိသေးသမျှ ဒီလစ်ရစ်က်ကဗျာမျိုးကိုပဲ နှစ်သက်လိုလားကြမှာ သဘာဝပါပဲ။ သို့ပေမယ့်လည်းခေတ်ပြိုင်ကဗျာဟာ နေရာ တစ်ခုရရှိလိုက်ပြီဖြစ်တဲ့အလျှောက်ထပ်ဖွံ့ဖြိုးစရာပဲရှိပါတယ်။
အထက်ပါခေတ်ပြိုင်ကဗျာရဲ့ strategies တွေဟာ အသစ်အဆန်းတွေတော့မဟုတ်ပါဘူး။ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့်အခြားကဗျာဗေဒများ ၉ ၊ ကဗျာဘ၀ရှာတော်ပုံ၁၀ ၊ နဲ့ ဖြစ်နိုင်ချေရှိသောခေတ်ပြိုင်မြန်မာကဗျာ အလားအလာများ ၁၁ တွေမှာ ဖေါ်ပြပြီးသားတွေဖြစ်ပါတယ်။ သို့သော်လည်း ၊ အခုမြန်မာခေတ်ပြိုင်ကဗျာလို့ခေါ်လို့ရတဲ့ ကဗျာတွေရေးနေကြသူ ကဗျာ ဆရာ/ဆရာမတွေဟာ ဒီစာအုပ်တွေရဲ့ ဩဇာခံတွေလို့ လုံးဝမဆိုလိုပါဘူး။ ခေတ်ပြိုင်ကဗျာနဲ့ ပတ်သက်လို့ ဒီစာအုပ်တွေဟာ ပုံကြမ်းတစ်ခုကို လောင်းပြထားတာ ရှိတယ်လို့ပဲ ဆိုလိုတာဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ `ခေတ်ပြိုင်ကဗျာ´လို့ပဲ ပတ်သက်ရာတွေ အကျုံးဝင်တဲ့ umbrella term အနေနဲ့ သုံးစွဲခဲ့တာဖြစ်ပါတယ်။ LP ၊ Post LP ၊ Flarf ၊ Post-Flarf ၊ Conceptual ၊ Post – Conceptual စတဲ့ အသုံးအနှုံးတွေဟာ သူ့ဗေဒ ၊ သူ့ဂိုဏ်းနဲ့ ရှိကောင်းရှိကြမှာ ဖြစ်ပေမယ့် ကျွန်တော့် စိတ်ထင်တော့ ခေတ်ပြိုင် (၀ါ) ကွန်တမ်ပိုရာရီဆိုတဲ့ ကောင်းကင်ဟာ ပိုကျယ်ပြန့်တယ်လို့မြင်မိပါတယ်။
လန်ဒန်ပါနက်က်ဆပ်စ် နိုင်ငံတကာ ကဗျာပွဲတော်မှာလည်း ကျွန်တော်နီးစပ်ရာ နိုင်ငံတကာ ကဗျာဆရာ/ဆရာမတေကို မေးမြန်းကြည့် ခဲ့ပါတယ်။ ဘယ်ဗေဒ ၊ ဘယ်ဂိုဏ်းဝင်ဖြစ်ပြီး ဘယ်ဗေဒ /ဘယ်ဂိုဏ်းတွေဟာ သူတို့ တိုင်းပြည်တွေမှာ ထင်ပေါ်/ခေတ်စားနေသလဲပေါ့။ သူတို့အားလုံးပြောကြတာက သူတို့ဆီမှာ contemporary ဆိုတာပဲရှိတယ်တဲ့။ ဒီ contemporary အောက်မှာ ကွဲပြားခြားနားကြတာပဲ ရှိတယ်တဲ့။ နောက်တစ်ခုက ဒီဆောင်းပါးမှာ ခေတ်ပြိုင်ကဗျာတွေ ကိုင်တွယ်ကြတဲ့ subject matter တွေ ၊ issues တွေကို ကျွန်တော် တမင်ချန်လှပ်ထားခဲ့ ပါတယ်။ texture ကို မီးမောင်းထိုးပြချင်လို့ရယ်နဲ့ သီးခြားလေ့လာပြီးထပ်မံ တင်ပြချင်လို့ရယ်ပါပဲ။
နောက်ထပ်တစ်ချက်က ခေတ်ပြိုင်/ကွန်တမ်ပိုရာရီကို range တစ်ခုအနေနဲ့ မြင်သင့်တယ်ထင်ပါတယ်။ ပင်မရေစီးခေတ်ပေါ် ကဗျာနဲ့ ဆင်ဆင်တူသော်လည်း texture အားဖြင့် ကွဲပြားတဲ့ ကဗျာမျိုးကို point တစ်ခုထားပြီး အဲဒီ point နဲ့ အဝေးဆုံး(၀ါ) ခေတ်ပေါ် ကဗျာနဲ့ အဝေးဆုံး texture တွေကို အခြား point တစ်ခုထားကြည့်ဖို့။ အခုပြောနေတဲ့ ခေတ်ပြိုင်ကဗျာတွေဟာ အဲဒီ point တစ်ခုကနေ အခြား point တစ်ခုရဲ့ မျဉ်းကြောင်းပေါ်မှာ အသီးသီးနေရာယူနေကြမှာကို မြင်ရင်လည်း မြင်လို့ရပါလိမ့်မယ်။ ဒါမှမဟုတ်လည်း အဲဒီမျဉ်း ကြောင်းပေါ် ဟိုဘက်ဒီဘက်ပြေးနေကြတာတွေ။
နိဂုံးချုပ်အားဖြင့် ၂၀၁၁ ဒီဘက်ပိုင်း (ခေတ်ပြိုင်)ကဗျာတွေဟာ `ဇေယျာလင်းအရိပ်ကနေလွတ်လာပြီ´၊ `ဇေယျာလင်းရဲ့ LP ကနေလွတ်လာပြီ´၊ `LP ကနေလွတ်လာပြီ´ဆိုတဲ့ အပြောအဆို/အရေးအသားမျိုးတွေဟာ ကျွန်တော့်အတွက်တော့ ရယ်စရာကောင်းပါ တယ်။ ကျွန်တော်ဟာ ဘယ်တုန်းကမှ ဆရာကြီးလုပ်ဖို့ ၊ ဂိုဏ်းထောင်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ သီးခြားလွတ်လပ်စွာ နေလိုတဲ့ ပင်ကိုယ်စိတ်နဲ့လည်းမကိုက်ညီပါဘူး။ ပျင်းလည်းပျင်းတတ်လွန်းလို့ပါ။ `အဖွဲ့အစည်း´ဆိုတဲ့ စကားလုံးနဲ့လည်းအလားဂျစ်ဖြစ်လို့ပါ။ ကျွန်တော်တင်ဆက်ခဲ့တာတွေဟာ ကဗျာဗေဒနဲ့ ဆိုင်ရာဆိုင်ရာ နောက်ခံအယူအဆတွေနဲ့နည်းတွေဖြစ်ပါတယ်။ နည်းတွေဟာလည်း ပုံသေနည်းတွေမဟုတ်ပါဘူး။ Open form မှာ ကြိုက်သလို`ကစား´လို့ရတဲ့နည်းတွေဖြစ်ပါတယ်။ ကိုယ်နဲ့ ဟပ်ရာနည်းတွေသုံးပြီး ဒီလို ကဗျာမျိုးတွေရေးလာတာဟာ ဇေယျာလင်းနဲ့ မဆိုင်ပါဘူး။
အင်တာနက်သုံးစွဲမှု ပိုတွင်ကျယ်လာတော့ ကိုယ့်ဖါသာကိုယ်အင်တာနက် ပေါ်က ကဗျာ Link တွေရှာပြီး ဖတ်ရှု ၊ မှတ်ယူ ၊ လေ့လာ ၊ စမ်းသပ် (စု ၊ တု ၊ ပြု) တာတွေလည်းမလွဲမသွေရှိကြပါတယ်။ Pemskool လို အချင်းချင်းအပြန်အလှန် ဖတ်ရှုဝေဖန်သုံးသပ် လေ့လာကြတာတွေ ရှိတာလည်းသိရပါတယ်။ ဥပမာ ၊ လင်းနီညိုရဲ့ သိုးထိန်း (အန္တိမ) သို့ပေးစာ (၁) နဲ့ (၂) ။ လင်းရမ္မာရဲ့ လင်းနီညို ကဗျာလေ့လာရှင်းလင်းချက်။ ပြီးတော့ လွန်းဆက်နိုးမြတ်ရဲ့ `ကဗျာနွေဦးတော်လှန်ရေး / ခေတ်ပြိုင်ကဗျာနိဒန်း´ ဆောင်းပါး ( ပိတောက်ပွင့်သစ် ၊ ၂၀၁၂) ။ ဒါကိုကောင်း တဲ့ လက္ခဏာအဖြစ် ကျွန်တော်မြင်ပါတယ်။ နိုင်ငံ တကာမှာ `ကွန်တမ်ပိုရာရီ´လို့ပြောရင် ဘယ်တုန်းက ဘာနဲ့ ခွဲထွက်လာလို့ဆိုတာ သိထားကြသလို မြန်မာမှာလည်း ခေတ်ပြိုင်ကဗျာ လို့ပြောရင် ခေတ်ပေါ်နဲ့ ဘယ်လိုကွဲပြားအောင်ခွဲထွက်ခဲ့တယ် ၊ နည်းတွေဟာ ဘယ်ကဗျာ အမျိုးအစားကနေ စတင်ပေါ်ပေါက်လာတယ် ၊ နောက်ကွယ်မှာ ဘယ်လိုသိမှု အစုအဝေးတွေရှိတယ်ဆိုတာ နားလည်ထားရင်ကောင်းပါတယ်။ `စမ်းသပ်´ တာဆိုပြီး စမ်းတ၀ါးဝါးနဲ့ အိယောင်ဝါးလုပ်မနေပဲ သိမှုနဲ့ လုပ်တာမျိုးဖြစ်စေချင်ပါတယ်။ ဘယ်နည်း တွေသုံးလိုက်လို့ ဘယ်တက်ခ်စ်တ်ချာ ပေါ်လာတယ် ၊ ဘယ် တက်ခ်စ်တ်ချာမျိုးလိုချင်လို့ ဘယ်နည်းတွေသုံးသလဲဆိုတာ သိထားရင် ကောင်းတာပေါ့။ မေးခွန်းအချုပ်ကတော့ `ကဗျာဘာကြောင့် ရေးသလဲ´ ပဲဖြစ်ပါတယ်။
ဇေယျာလင်း
22 – Sep – 12
မှတ်ချက် ။ ။
၁။ ။Contemporary Poetics (ed) Louis Armand . 2007. Northwestern University Press.
၂။ ။Post – ခေတ်ပေါ်ကဗျာဗေဒမှတ်စုများ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့် အခြားကဗျာဗေဒများ (စမန ၁၂၈ - ၁၃၈)။ နှစ်ကာလများ။ ၂၀၀၅။
၃။ ။ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန်။ ကဗျာဘ၀ရှာတော်ပုံ (စမန ၂၅၉ – ၂၉၃)။ နှစ်ကာလများ။ ၂၀၀၉။
၎။ ။ ခေတ်ပြိုင်ကဗျာကိုချဉ်းကပ်ခြင်း ၁။ ဖြစ်နိုင်ချေရှိသောခေတ်ပြိုင်မြန်မာကဗျာအလားအလာများ (စမန ၁၇ – ၂၂) ။ နှစ်ကာလများ။ ၂၀၁၂။
၅။ ။ကဗျာတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှုနည်းစနစ်။ ကဗျာဘ၀ရှာတော်ပုံ (စမန ၁၃၇ – ၁၄၅)။ နှစ်ကာလများ။ ၂၀၀၉။
၆။ ။ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာ။ကဗျာဘ၀ရှာတော်ပုံ(စမန ၇၇ – ၈၁)။ နှစ်ကာလများ။ ၂၀၀၉။
၇။ ။ ကော်လာ့ဂ်ျအကြောင်းတစေ့တစောင်း။ ဖြစ်နိုင်ချေရှိသောခေတ်ပြိုင်မြန်မာကဗျာအလားအလာများ (စမန ၇ – ၁၆ )။ နှစ်ကာလများ။ ၂၀၁၂။
၈။ ။ ကဗျာဟာ `ပင်မှည့်´လား၊ `ဖွဲ့စပ်´လား။ ကဗျာဘ၀ရှာတော်ပုံ (စမန ၂၀၄ – ၂၁၅)။ နှစ်ကာလများ။ ၂၀၀၉။
၉။ ။ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့်အခြားကဗျာဗေဒများ။ နှစ်ကာလများ။ ၂၀၀၅။
၁၀။ ။ကဗျာဘ၀ရှာတော်ပုံ။ နှစ်ကာလများ။ ၂၀၀၉။
၁၁။ ။ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာများ။ နှစ်ကာလများ။ ၂၀၁၂။
 http://zlkontempo.com/?p=759 မှ ရယူပါသည် ။
ပို့စ်မော်ဒန်ကဗျာ၊ ဘာသာစကားကဗျာနဲ့ယနေ့ မြန်မာကဗျာဆိုင်ရာ ပြဿ နာ
      ဟိုတလောက ရန်ကုန်ကလာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဘန်ကောက်မှာ ဆုံဖြစ်တယ်။ တကယ်တော့ အဲ့ဒီကျမှ မိတ်ဆွေဖြစ်ကြတာ။ အရင်က မဆုံဖူးဘူး။ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ သူနဲ့ စကားစမြည် ပြောရင်း ခင်သွားတာ။ သူက ကျွန်တော့ ကဗျာတွေကို ဖတ်ဖူးကြောင်းပြောပြီး  စာအုပ်အသစ် ထွက်ဖို့ရှိသလားလို့မေးပါတယ်။စာအုပ်ထုတ်ဖို့ ကြိုးစားနေကြောင်း ကျွန်တော်က ပြောတော့ LP တွေပဲလားလို့ သူက ထပ်မေးတယ်။ ကျွန်တော် ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားတယ်။ ဒီနောက်ပိုင်း ရေးဖြစ်တာတွေပါ လို့ ပြန်ဖြေလိုက်တယ်။
     ဒါ ပထမဆုံး အတွေ့အကြုံတော့မဟုတ်ပါဘူး။ အရင်ကလည်း ကျွန်တော့်ကဗျာကို LP နဲ့တွဲပြီး ပြေတာ ကြားဖူးတယ်။ ဘာ့ကြောင့်အဲသလိုပြောနိုင် ကောက်ချက်ချနိုင်သလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားမိတယ်။ အခုဒီ စာတမ်းကို ရေးဖို့ ကြိုးစားခဲ့တာကလည်း ကနေ့မြန်မာကဗျာရဲ့ ပြဿနာ လို့ ကျွန်တော်မြင်တဲ့ တချို့ အကြောင်းအရာလေးတွေ ဆွေးနွေးကြည့်ချင်လို့ပါ။ လူတိုင်းက ပြဿနာလို့ မြင်တဲ့ အရာတွေ ဟုတ်ချင်မှ ဟုတ်မယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ အနည်းဆုံးတော့ ကျွန်တော့်အတွက် ပြသာနာရယ်လို့ မြင်မိတာတွေပဲပေါ့။
ပို့စ် မော်ဒန်ကဗျာ
     ပို့စ်မော်ဒန်ကဗျာဟာ ပို့စ်မော်ဒန်နစ်ဇင်မ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကဗျာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ အထွေထွေသော စမ်းသပ်မှုအခြေခံ ကဗျာလမ်းကြောင်းတွေ ကို ခြုံငုံခေါ်ဝေါ်တဲ့ စကားလုံးဖြစ်ပါတယ်။ ဒီနေရာမှာ ပို့စ်မော်ဒန် နစ်ဇင်မ်နဲ့ ပို့စ်မော်ဒန်ကဗျာကို ချိတ်ထားတဲ့ သာ့ချက်စကားလုံး အချို့ကို ဝေဖန်ရေးဆရာ ဖရက်ဒရစ် ဂျိမ်ဆမ် ဆီက ငှားယူသုံးစွဲပါမယ်။ “၁၉ ရာစု ရိုမန်တစ်စစ်ဇင်မ်နဲ့ ၂၀ ရာစုအစောပိုင်း မော်ဒန်နစ်ဇင်မ်တို့ကနေ စွန့်ခွာခွဲထွက်ခြင်း” “ရသဗေဒဆိုင်ရာ အများ ကြိုက်ဖြစ်ရေး အယူအဆ" “(အတွေးနဲ့ခံစားချက်) ဖွင့်ဟမှုကို ဖျဉ်ယူခြင်း” “လွှမ်းမိုးချုပ်ကိုင်လိုသော အာသီသ ချိနဲ့ လာခြင်း ” “ဘူဇွာအတ္တ အဆုံးသတ်မှု” “ပျောက်ကွယ်ပြီးသော ပုံသဏ္ဍာန်များကို(နေရာစုံမှ ရယူမွှေနှောက်ခြင်းအားဖြင့်) တုပခြင်း” စတဲ့ စကားလုံးတွေဖြစ်တယ်။ ဒီနေရာမှာ “(အတွေးနဲ့ခံစားချက်) ဖွင့်ဟမှုကို ဖျဉ်ယူခြင်း” ဆိုတာက စားသုံးသူဝယ်ယူမှုအခြေပြု လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း တသီးပုဂ္ဂလ အတ္တ ပျောက်ဆုံးခြင်းရဲ့လက္ခဏာဖြစ်ပြီး ကိုလိုနီ ၀ါဒ နဲ့ဗဟို ချုပ်ကိုင်မှုစံနစ်တို့ ကျဆုံးခြင်း ကို ရောင်ပြန်ဟပ်တဲ့ “ရေးသားသူ သေဆုံးခြင်း” အယူအဆကိုလည်း ပံ့ပိုးပါတယ်။ “ရသဗေဒ ဆိုင်ရာအများကြိုက်ရေး” အယူအဆကတော့“အရေးဘာသာစကား” အပေါ် လွှမ်းမိုးချုပ်ကိုင် အနိုင်ယူလာတဲ့ လူထုဆက်သွယ်ရေး ပုံစံအသစ်တွေကို ရည်ညွှန်းပါတယ်။
      ဂျိမ်ဆမ်ရဲ့အဆိုကို ဆန့်ကျင်ဆွေးနွေးကြတာတွေလဲရှိပါတယ်။ အဲဒီ ငြင်းခုံသူတွေက ပို့စ်မော်ဒန် နစ်ဇင်မ်ဟာရိုမန်တစ်စစ်ဇင်နဲ့ မော်ဒန်နစ်ဇင်တို့ကနေ ခွဲထွက်လာတာမဟုတ်။ စန့်ထွက် လာတာ သာဖြစ်တယ်လို့ဆိုတယ်။ ဂျိမ်ဆမ်ပြောတဲ့ (နေရာစုံမှ ရယူမွှေနှောက်ခြင်း အားဖြင့်)  တုပခြင်း ( Pastiche ပေါ့။ Me’langeလို့ခေါ်တာလဲ တွေ့ဖူးတယ်။) ဟာ မော်ဒန်နစ်စ်တွေသုံးတဲ့ collage ကနေ  ဆက်လက်ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်တယ်လို့ ဆိုကြတယ်။ သူတို့ပေးတဲ့ဥပမာတစ်ခုက ဂျွန်အက်ရှ်ဘရီရဲ့ ကဗျာ ဟာ ပို့စ်မော်ဒန်ဖြစ်တယ်။ ဒါပေမယ့် သူဟာ မော်ဒန်နစ်(စ) ရိုမန်တစ် ကဗျာဆရာဝေါလေ့စ် စတီဗင်န်၊မ်ာဒန်နစ်(စ)သြဂတ်စတန် ကဗျာဆရာ ဒဗ်လျူအိပ်ခ်ျ အော်ဒင်န်နဲ့ ပြင်သစ် အာဗွန်ဂါ့ စာရေးဆရာရေမွန်ရူးဆဲလ် တို့ရဲ့လွှမ်းမိုးမှုကို ခံရတယ်ဆိုတဲ့ အချက်ကိုထောက်ပြကြတယ်။ သြဂတ်စတန် (Augustan)ဆိုတာကတော့ သေသပ်လွန်းပြီး ဂန္တ၀င်မြောက်တယ်လို့ စာပေသမိုင်းမှာ လက်ခံထားတဲ့ ၁၇ ရာစုနဲ့ ၁၈ ရာစု အင်္ဂလိပ်စာပေပုံစံတစ်မျိုးနဲ့ ဆက်နွှယ်နေတာကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကဗျာဆရာ အလက်ဇန္ဒားပုပ်၊ကဗျာဆရာ ဂျိုးဇက် အက်ဒီဆန် နဲ့ ၀တ္ထုရေးဆရာ ဂျွန်နသန်ဆွစ်ဖ် တို့ဟာ သြဂတ်စတန်  စာပေသမိုင်းမှာ ထင်ရှားသူတွေဖြစ်ကြပါတယ်။ Postmodern American Poetry စာအုပ်ကို တည်းဖြတ်စီစဉ်သူ အမေရိကန် ကဗျာဆရာ ပေါလ်ဟူးဗားကတော့ အက်ဇရာပေါင်းဒ်ရဲ့ Cantos မှာ တွေ့ရတဲ့ ကဗျာရေးသားပုံ အပြောင်းအလဲ၊ ပြီးတော့ ဘာသာစကား ကဗျာ ဆိုက်ရောက် လာခြင်းတို့နဲ့ အတူ ပို့စ်မော်ဒန် နစ်ဇင်မ်ဟာပုံသဏ္ဍာန်လမ်းကြောင်းတစ်ခုတည်းမဟုတ်ပဲ ပင်မရေစီး ရဲ့အယူဝါဒ ကို တွန်းလှန်ဖို့ အားထုတ်တဲ့ ဆက်လက်ပေါ်ပေါက်ဆဲ ဖြစ်စဉ်တစ်ရပ်လို့ သူ့အမှာစာမှာ ဆိုထား တယ်။ သူ့စကားအတိုင်းပဲ အဲဒီစာအုပ်ထဲမှာမြောက်များ စွာသောကဗျာလမ်းကြောင်း၊ ကဗျာလှုပ်ရှားမှု၊ ကဗျာဂိုဏ်းတွေ ပါဝင်ပြီးဘာသာစကား ကဗျာက အဲ့ဒီ အထွေထွေ သော ကဗျာလှုပ်ရှားမှုတွေ အနက်က တစ်ခုသာ ဖြစ်ပါတယ်။
ပို့စ်မော်ဒန်မြန်မာကဗျာ
      မြန်မာနိုင်ငံမှာ ပို့စ်မော်ဒန်ကဗျာရှိသလားဆိုရင် ကျွန်တော်ကတော့ ရှိတယ်လို့ပဲ  ဖြေမယ်။ ဂျိမ်ဆမ်ရဲ့ သော့ချက်စကားလုံးတွေနဲ့ ချိန်ထိုးကြည့်ရင်လည်းရတယ်။ ပို့စ်မော်ဒန် အမေရိကန် ကဗျာနဲ့ ဖြစ်စဉ်ခြင်းမတူပေမယ့် မြန်မာကဗျာရှုခင်းမှာ သူ့နည်းသူ့ဟန်နဲ့ပေါ်ပေါက်လာတဲ့ ပို့စ်မော်ဒန် ကဗျာရှိပါတယ်။ ပြင်သစ်မှာဆိုလည်း ပိုစ်မော်ဒန်ကဗျာ ပေါ်ပေါက်လာပုံက ပို့စ်မော်ဒန်အမေရိကန် ကဗျာနဲ့မတူပါဘူး။ ၁၉၁၆ နဲ့ ၁၉၃၀ အတွင်း ပင်သစ်မှာ သြဇာကြီးခဲ့တာက ဒါဒါနဲ့ဆူရီယယ်လစ်(စ်) ကဗျာဆရာတွေ (လူဝီ အာရဂွန်၊ အန်တိုနင်အားတိုး၊ အန်းဒရေး ဘရက်တွန်း၊ ကလော့ကဟွန်း အစရှိသဖြင့်.. )ဖြစ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင်နဲ့ စစ်အတွင်းကာလတွေမှာလည်း ဆူရီယယ်လစ်ဇင်မ် အားကောင်းနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်စစ်ကြောင့် ပြင်သစ်ကဗျာမှာ အပြောင်းအလဲတွေ ပေါ်ခဲ့ တယ်။ အသက်အငယ်ဆုံး ဆူရီယယ်လစ်(စ်)ကဗျာဆရာ ရနေးရှားက သူ့ကဗျာရေးဟန်တွေကို စတင်ပြောင်းလာတယ်။ အချစ်ကဗျာကနေ တ်ာလှန်ရေးကဗျာတွေ အထိကဗျာပုံစံနဲ့ အကြောင်းအရာ မျိုးစုံကို စမ်းသပ်ရေးသားလာခဲ့တယ်။ ဒီကာလမှာ ပြင်သစ်ကို ပြောင်းရွှေ့အခြေချလာတဲ့ ရွှေ့ပြောင်း ကဗျာဆရာတွေရဲ့ အသွင်ကွဲ ကဗျာပုံစံတွေကလည်း နေရာရလာတယ်။ဥပမာအားဖြင့် ကဗျာဆရာ အက်ဒ်မွန့်ဂျာ ဘဲဟာ လူသားရဲ့ အကျင့်စာရိတ္တကို မးခွန်းထုတ်တာ၊ အခြား တစ်ပါးနိုင်ငံမှာ လာရောက် အခြေချသူတွေရဲ့ လူမှုရေး အတွေ့ အကြုံစတာတွေကိုအခြေခံပြီး ဒိုင်ယာလော့ဂျစ် ကဗျာပုံစံကို ရေးခဲ့တယ်။ ဒိုင်ယာလော့ဂျစ် (Dialogic) ဆိုတာကတော့ ရုရှား ဒဿန ပညာရှင် မစ်ခေးလ်ဘက်ခ်တင်ရဲ့စာပေသီအိုရီထဲက အယူအဆတစ်ရပ်ဖြစ်ပြီး ဒိုင်ယာလော့ဂျစ် စာပေလက်ရာတစ်ခု (Dialogic Work) ဟာ အခြားသော စာရေးသူတွေ၊ အခြားသော စာပေလက်ရာတွေနဲ့ စဉ်ဆက်မပြတ် ဒိုင်ယာလော့ပြုခြင်းကို သယ်ဆောင် ထားတဲ့လက်ရာလို့ ဒီနေရာမှာ အကြမ်း ဖျဉ်းပြောခဲ့ပါရစေ။
      အဲဒီကမှ အန်းဒရေး ဘရက်တွန်း ကွယ်လွန်ပြီးနောက်ပိုင်း ၁၉၄၆နဲ့၁၉၆၆ခုနှစ်အတွင်းမှာ ပြင်သစ်ကဗျာဟာ  စမ်းသပ်ကဗျာဖက်ကို ယိမ်းလာခဲ့တယ်။ စာဖတ်သူရဲ့ပါဝင်မှု အခန်း ကဏ္ဍ ကို မြှင့်တင်ပြီး ကဗျာရေးသူရဲ့ သြဇာကြီးစိုးမှုကို လျော့ချ တဲ့ပုံစံတွေ ရေးလာကြတယ်။ ဥပမာအားဖြင့် စကားလုံးနဲ့ ဘာသာ စကားရဲ့ အသား သဘောကိုပရိုဂရမ်တွေထဲ ထည့်သွင်းစမ်းသပ်တဲ့ OULIPO ကဗျာ အမျိုးအစားဟာ ၁၉၆၀ မှာ ပေါ်လာခဲ့တာဖြစ်တယ်။ ဒီအချိန်မှာပိုစ့် မော်ဒန် ပြင်သစ်ကဗျာ စနေပြီလို့ ဆိုနိုင်တယ်။ ၁၉၆၇ နောက်ပိုင်းမှာတော့ ပြင်သစ်ကဗျာက ပို့စ်မော်ဒန် နစ်ဇင်မ်ဖက်ကို လုံးလုံး လျား လျားရောက်လာပြီး ပို့စ်မော်ဒန်အမေရိကန်ကဗျာ နဲ့လည်းဖွံ့ဖြိုးတိုးတက်ပုံ တူညီလာ ခဲ့တယ်။ အန်းမရီ အာလ်ဘီယက်တို့၊ ကလော့ရိုယေးဟွားနော့ တို့ဟာ ဘာသာစကားရဲ့ ‘ရုပ်’ ဖြစ်မှု သဘောကို ဝေဖန် ဆန်းစစ်လာကြတယ်။ သူတို့ရဲ့ ကဗျာတွေဟာ ဘာသာစကားကဗျာနဲ့ ကဗျာ အယူအဆမှာ ဆက်နွယ်လာ သလို အမေရိကန် ကဗျာဆရာတွေနဲ့ လူချင်းလည်း ဆက်သွယ်မှုတွေ ရှိလာကြတယ်။
     မြန်မာကဗျာဖက်ကို ပြန်သွားရရင် မြန်မာနိုင်ငံမှာလည်း သရဖူမဂ္ဂဇင်းကာလ(၁၉၉၀များ) မှာကတည်းက ပို့စ်မော်ဒန်စာပေနဲ့ကဗျာကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး ခဲ့ကြ ပါ တယ်။ ဒါပေမယ့် အခြေခံ သဘောတရား(Principle)အပိုင်းမှာ ရှုပ်ထွေးနေသေးတာ တွေ့ခဲ့ရ သလို၊ ရေးသားဖန်တီးမှု (Practice) အပိုင်းမှာကျတော့လည်း ပို့စ်မော်ဒန် အခြေခံ သဘော တရား တွေကို သေသေချာချာ ထည့်သွင်း စမ်းသပ်နိုင်ခဲ့တာမဟုတ်ပဲ ကဗျာတွေထဲမှာရိုမန် တစ်ကျောရိုးကြီးတစ်ငေါငေါဆိုတာလို သိသိသာသာ ထိုးထောင်ထွက်နေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာဇေယျာလင်း က ပို့စ်မော်ဒန် အမေရိကန် ကဗျာ အရေးအသားတွေနဲ့ နိင်ငံတကာပို့စ်မော်ဒန် ကဗျာ အကြောင်းတွေ ရေးသားလာရာကစပြီး အခုဆို မြန်မာနိုင်ငံမှာ ပို့စ်မော်ဒန် ကဗျာရှိနေပြီလို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမယ့် အခြေခံ သဘောတရားကိုလည်းနားလည်၊ ဖန်တီးမှုအပိုင်းမှာလည်း အခြေခံ သဘော တရား နဲ့ ရှေ့နောက်ညီညွတ်တယ်လို့ ပြောလို့ရတာက ကဗျာဆရာ အနည်းငယ် မျှသာဖြစ်ပါတယ်။ တစ်ခုရှိတာ က စောစောကပြောသလို ပို့စ်မော်ဒန်မြန်မာကဗျာရဲ့ သဘောသဘာဝတွေဟာ အမေရိကန် ပြည်ထောင်စ၊ု ပြင်သစ်တို့နဲ့မတူတာတွေရှိတယ်။ ဖွင့်ဟမှုကို ဖျဉ်ယူတာတို့၊ တစ်သီး ပုဂ္ဂလ အတ္တကို ဖြိုချတာတို့မှာတူပြီး ချုပ်ကိုင်လွှမ်းမိုးမှု သို့မဟုတ် ပါဝါကို ကိုင်တွယ် တဲ့နေရာမှာတော့ သဘောသဘာဝ ကွာခြားပါတယ်။ အမေရိကန်ပြည်ထောင်စုလို အ၀လွန် သူ တွေပေါများတာတို့ ၀ယ်ယူ စားသုံးမှုဝါဒကြီးစိုး တာတို့ နယ်ချဲ့စံနစ်ကို အခြား နည်းနဲ့ ကျင့်သုံးလာတဲ့ အစိုးရမျိုး ရှိနေတာ တို့ ကျွန်တော်တို့ဆီမှာ မရှိပေမယ့်၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေးအပါအ၀င်အခြားသော က ဏ္ဍတွေမှာပါ ချုပ်ကိုင် လွှမ်းမိုးမှု့တွေကတော့ တောက်လျှောက်ရှိနေခဲ့ပါတယ်။ ကျွန်တော်ရည်ညွှန်းလိုတဲ့ ပို့စ်မော်ဒန်စ်မြန်မာ ကဗျာမှာ အဲ့ဒါတွေကို ကိုင်တွယ်ရေးသားတာကို အထင်အရှားနဲ့ ကျယ်ကျယ်ဝန်းဝန်း တွေ့နိင်ပါတယ်။
ဘာသာစကားကဗျာနဲ့ ဇေယျာလင်း ဆန်မှု
      ဘာသာစကားကဗျာဟာ ၁၉၇၀ နှစ်များရဲ့နှောင်းပိုင်းကာလမှာ အမေရိကန် ပြည်ထောင်စု အတွင်း ပေါ်ပေါက်လာခဲ့ပြီး ရှေ့တန်းက ပါဝင်ရေးသားသူ ဘရုစ် အန်းဒရူးစ်နဲ့ ချားလ်စ် ဘန်းစတိုင်းန် တို့ရဲ့ ကဗျာဂျာနယ် L=A=N=G=U=A=G=E ကို အစွဲပြုလို့ “L=A=N=G=U=A=G=E Poetry”  “Language Poetry” စတဲ့ နံမယ်တွေနဲ့ လူသိများ လာခဲ့တယ်။ ဒါ့အပြင် “Minimalism of Language” “Language Writing” “Language Centered Poetry” “Non Referential Formalism” စတဲ့ အခေါ်အဝေါ်တွေ ရှိခဲ့သလို ရွန်ဆီး လီးမန်း က သူ့ရဲ့ ကဗျာရေးသားမှုလုပ်ငန်းစဉ်ကို The New Sentence လို့ အမည်တပ် ခဲ့ပါ တယ်။ ဒီကဗျာလှုပ်ရှားမှုမှာ ပါဝင်တဲ့ကဗျာဆရာတွေဟာ အခြေခံသဘော တရား နီးစပ်တာ၊ ဆင်တူတာ ရှိပေမယ့် ဖန်တီးရေးသားပုံနဲ့ ကိုင်တွယ်တဲ့အကြောင်းအရာ နယ်ပယ်တွေကွာ ပါတယ်။ ဘာသာစကား ကဗျာဆိုတဲ့ စကားလုံးအပေါ်မှာ ၄င်းတို့ကိုယ်တိုင် ဘ၀င် မကျကြောင်းနဲ့ လူအများက မိမိတို့ကို အုပ်စုဖွဲ့တယ်လို့ အတင်းသမုတ်ကြတာကို မနှစ်မြို့ ကြောင်း ချားလ်စ် ဘန်းစတိုင်းန်နဲ့ ဘော့ဘ်ပရဲလ်မန် တို့က လူသိရှင်ကြား ပြောကြား ပြောခဲ့ဖူးပါတယ်။ ရွန်ဆီးလီးမန်းက ကဗျာဆရာ ၉ ဦးပါဝင်တဲ့ “The Dwelling Place” ဆိုတဲ့ ကဗျာစာအုပ်ကို တည်းဖြတ်တော့ ‘ အုပ်စုတစ်စု’ ကို ကိုယ်စားပြုတာမဟုတ်၊ “တိမ်းညွတ်မှု တူခြင်း” ကိုသာအခြေခံပါတယ် လို့ အမှာ စာမှာ ရေးခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ကနေ့အခါမှာ ဘာသာစကားကဗျာ ဆိုတဲ့ အခေါ်အဝေါ်ကတော့ ကဗျာသမိုင်းမှာ တွင် ခဲ့ပြီဖြစ် သလို၊ ဘာသာ စကားကဗျာရဲ့ အခြေခံ သဘော တရား ဆိုပြီး အခိုင်အမာဖြစ်လာတဲ့ ကဗျာဆိုင်ရာ အယူအဆတွေ အရေးအသား တွေလဲ နိုင်ငံတကာကဗျာ လောကမှာ ရှိခဲ့ပါပြီ။
      မြန်မာကဗျာလောကမှာကော ဘာသာစကားကဗျာဆိုတာရှိသလား။ ရှိရင်ဘယ်သူတွေရေး ကြပါသလဲ။ကျွန်တော့်ရဲ့အဖြေကတော့ မြန်မာကဗျာလောကမှာဘာသာ စကားကဗျာရဲ့ အခိုင်အမာဖြစ်ပြီးသား အခြေခံသဘောတရားတွေကို ရာနှုန်းပြည့် ထည့်သွင်း ရေးသားသူမရှိဖူးသေးပါဘူး။ ဘာသာစကားကဗျာနဲ့ အနည်းနဲ့အများဆိုသလို ငြိစွန်းဆက်  နွယ်မှုရှိတဲ့ ကဗျာမျိုးရေးသူ အနည်းငယ်ပဲ ရှိပါတယ် လို့ပြောချင်ပါတယ်။ အဲဒီ ကဗျာဆရာ  တွကတော့  ဇေယျာလင်း၊ မိုးဝေး၊အောင်ပြည့်စုံ၊ လူဆန်း၊ မောင်ယုပိုင်နဲ့ ကျွန်တော် ကိုယ်တိုင်ပါပဲ။ ဒါပေမယ့် သူတို့ကဗျာတွေနဲ့ဘာသာစကားကဗျာ ငြိစွန်း ဆက်နွှယ်မှု ဒီဂရီတွေကျတော့ တစ်ယောက်နဲ့တစ်ယောက် ကွာပါတယ်။ ကျွန်တော်တစ်ဦးတည်း သဘောအရ ပြောရရင် ဇေယျာလင်းရဲ့ ကဗျာတွေမှာ ဘာသာစကားကဗျာရဲ့ အခြေခံသဘော ကို အများဆုံးတွေ့ရပြီး မိုးဝေး ရဲ့ ၂၀၀၀ခုနှစ်နောက်ပိုင်း လက်ရာတွေမှာလဲ ဘာသာ စကား ကဗျာရဲ့ အခြေခံသဘောကို တွေ့ခဲ့ရ ပါတယ်။ ဒါပေမယ့် သူ့ရဲ့ နောက်ပိုင်း လက်ရာတွေ မှာ တော့ ဒါကို လျှော့ချလာတာ သတိထားမိတယ်။ အလားတူပဲ မောင်ယုပိုင်ရဲ့ “တီဗီဖန်သားပြင်ကြီးဖွင့်လျက်” ကဗျာ ဘာသာစကားကဗျာနဲ့ စာအုပ်မှာ ဇေယျာလင်းရဲ့ လွှမ်းမိုးမှုကိုတွေ့ရတယ်။ အောင်ပြည့်စုံ၊ လူဆန်းနဲ့ ကျွန်တော်ရဲ့ ကဗျာတွေမှာတော့ ဘာသာစကားကဗျာရဲ့အခြေခံ သဘောတရား အနည်းအကျဉ်းသာ ပါဝင်ပါတယ်။ ဒီနေရာမှာ ထည့်ပြောရမှာက ၂၀၁၁ ခုနှစ် မှာ ထုတ်ဝေခဲ့တဲ့ ခင်အောင်အေးရဲ့ “ကင်းရှင်းတဲ့စိတ် ရဲ့ နှုတ်တိုက်ချပေးမှု စာကြောင်းရေ ၅၄” ကဗျာ စာအုပ်မှာ ဘာသာစကားကဗျာ ရဲ့ အခြေခံသဘောတရားတွေကို အားစိုက်ထည့်သွင်းစမ်းသပ်ထားတာ တွေ့ ရတာ ပဲဖြစ်ပါတယ်။
      ကျွန်တော့်အနေနဲ့ ဘာသာစကားကဗျာရဲ့ ဘာသာစကားလျှော့ချသုံးစွဲမှု၊ ညွှန်းဆိုချက်တွေ ထွေပြားမှုနဲ့ ဘာသာ စကားရဲ့နိုင်ငံရေးကို ဆန်းစစ်ခြင်း အစရှိတာတွေကို နှစ်သက်ပေမယ့် ကဗျာနဲ့ ကဗျာအယူအဆ အားဖြင့်ကျတော့ ပို့စ်မော်ဒန်ကဗျာရဲ့ ယေဘုယျသဘောတရားတွေနဲ့ ပိုပြီးကျယ်ဝန်းတဲ့နေရာ တစ်ခုမှာ သွားရောက်ပတ်သက်နေတယ်လို့ပဲ ကျွန်တော့်ကိုယ် ကျွန်တော် လက်ခံထားပါတယ်။ ကျွန်တော့်ကဗျာတွေကို ဘာသာစကားကဗျာ လို့ သတ်မှတ်တာကို ကျွန်တော် မနှစ်သက်ပါဘူး။ ဘာသာစကားကဗျာနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတာကတော့ ကဗျာဖတ်သူနဲ့ဘာသာစကား ကဗျာကို ကိုယ်တိုင်အားထုတ် ရေးသားနေသူအတော်များများက ဘာသာစကားကဗျာကို “ကဗျာသဘောတရားအစု တစ်ခု” “ကဗျာလှုပ်ရှားမှုတစ်ခု” လို့ မမြင်ပဲ ကဗျာပုံသဏ္ဍာန်(Form) တစ်ခုလို့ မြင်နေခြင်း ပါပဲ။ တကယ်တော့ ဘာသာစကားကဗျာကို ကျေကျေညက်ညက် ထဲထဲ ၀င်ဝင် နားလည်သူ ကလည်း အတော့်ကို ရှားပါတယ်။အခုနောက်ပိုင်း Facebook နဲ့ Blog တချို့မှာတွေ့လာရတဲ့ မြန်မာကဗျာ တွေဟာ ဘာသာစကားကဗျာကို ပုံသဏ္ဍာန်တစ်ခု အဖြစ်ယူပြီး၊ ဘာသာစကား ကဗျာလို့ သူတို့ယူဆထားတဲ့ အရေးအသား တွေထဲက ရေးဟန်တွေ၊ ရေးချက်တွေကို ထုတ်ယူ ကျင့်သုံးဖို့ကြိုးစားထားကြတာကို တွေ့ရပါတယ်။ အဲ့ဒီ ဘာသာစကားကဗျာ အရေးအသားလို့ သူတို့ယူဆထားတာတွေကလည်း အများအားဖြင့် ဇေယျာလင်းရဲ့ ကဗျာတွေသာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရနိုင်တာ၊ ရလိုက်တာ ကတော့ “ဇေယျာလင်း ဆန်မှု” သာဖြစ်ပါတယ်။ အဲ့ဒီ ကဗျာရေးသူတွေရဲ့ကဗျာတွေထဲမှာ အခြေခံသဘောတရားနဲ့ စိတ်ဝင်စားဖွယ်သီးခြားချဉ်းကပ်ပုံတွေတော့ ပါ မလာခဲ့ဘူး။
အားသာချက်နဲ့အားနည်းချက်
အားသာချက်။   ။လူငယ်တွေ အခုလို စမ်းသပ်ရေးသားလာတာ ကောင်းတဲ့ကိစ္စဖြစ်တယ်။ စမ်းသပ်ကဗျာ အမျိုးအစားတွေဟာ ပင်မရေစီးရဲ့အပယ်ခံကဗျာအမျိုးအစားတွေ ဖြစ်ပါတယ်။ဒါက ကဗျာမှာ သာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှာ အနည်းစုအပေါ်အများစုကပယ်ပုံ၊ ဖိနှိပ်ပုံကို လည်း ကိုယ်စားပြုတာမို့ အခုလို လူငယ်တွေအုံနဲ့ကျင်းနဲ့ စမ်းသပ်ရေး လာတာဟာ အပယ်ခံရဲ့အသံနဲ့ ပင်မရေစီးကို တွန်းလှန်တဲ့သဘောဆောင်ပါတယ်။
အားနည်းချက်။ ။အကယ်၍ မိမိရဲ့ကဗျာရေးသားထုတ်လုပ်မှုကို ဖန်တီးမှုရှုထောင့်၊ သဘောတရား ရှုထောင့်တို့ကနေ စောင့်ကြည့်ဝေဖန်မလေ့လာဘူးဆိုရင် ဒါဟာ မနှစ်သက်ဖွယ်ဦးတည်ရာဆီ သွားနေ တာပဲ။ အဲဒီလိုဆို တစ်နေရာမှာ တန့်သွား ၊ ရပ်သွားမှာ ပဲဖြစ်တယ်။
ပြဿနာရဲ့ထွက်ပေါက်တချို့
၁။ ၁၉၇၀ ခုနှစ်များနှောင်းပိုင်းမှာ ဘာသာစကားကဗျာပေါ်လာတော့ သူ့ချည်းပေါ်ပေါက်လာခဲ့တာ မဟုတ်ပါဘူး။ ဆူရီယယ်လစ်ဇင်မ်ရဲ့လွှမ်းမိုးမှုကို ယူပြီး စကားပြေကဗျာကို ချဲ့ထွင်စမ်းသပ်တဲ့ ရပ်ဆဲလ်အက်ဒ်ဆန်တို့ မက္ကဇင်ရှားနော့ဖ်တို့ လည်းပေါ်ခဲ့တယ်။ နယူးယောက်ခ်ဂိုဏ်းဒုတိယမျိုးဆက်၊ ဘိ(ထ်) ဒုတိယမျိုးဆက်နဲ့ ပါဖောမန့်စ်ကဗျာတွေလဲထွန်းကားလာ တယ်။ အခြားများမြောင်စွာသော ကဗျာ အယူအဆတွေနဲ့ကဗျာလှုပ်ရှားမှုတွေ ပေါ်ခဲ့တယ်။ ကျွန်တော်တို့မြန်မာကဗျာလောက မှာလဲ ပို့စ်မော်ဒန်ကဗျာကို စိတ်ဝင်စားသူ ရေးသားဖန်တီးလိုသူတွေအတွက် ရွေးချယ်စရာ အမျိုးအစားတွေ ခုထက်ပိုပြီး များများရှိဘို့ ရှာဘို့လိုတယ်။
၂။ မိမိရဲ့ကဗျာကိုဖန်တီးမှုရှုထောင့်နဲ့သဘောတရားရှုထောင့်ကနေ ကြည့်နိုင်ဘို့ ကြိုးစား ရမယ်။ ကဗျာရေးသူ အချင်းချင်းကြားမှာလည်း ကဗျာရေးသားမှု့  ဖြစ်စဉ် အပေါ်ဆွေးနွေးတာမျိုး တွေတတ်အားသရွေ့ လုပ်ကြရမယ်။
၃။ ကဗျာရေးသူတွေနဲ့စာပေပညာရှင်တွေက ကဗျာရေးသူတစ်ဦးချင်းအပေါ် ဝေဖန်သုံးသပ် တာမျိုးတွေ လုပ်နိုင်ရင်ကောင်းပါတယ်။ ကဗျာရေးသူနဲ့ အင်တာဗျူးတွေကလည်း အကျိုး ရှိစေမှာပါ။
 ၄။ ကဗျာဖတ်သူနဲ့ ကဗျာရေးသူတို့ဟာ ကဗျာဆိုင်ရာဆောင်းပါးတွေကို သတိကြီးကြီးနဲ့ ဖတ်ဖို့ လိုပါမယ်။ ပိုင်းပိုင်းခြားခြားနဲ့ စာကြောင်းရဲ့ပြင်ပက အခြေအနေတွေကို လှမ်းကြည့် နိင်ရမယ်။ ဆောင်းပါးတွေထဲမှာ ချောင်ပိတ်မခံပဲ ကိုယ့်ရဲ့အရှိတရား ကိုယ့်လူ့အဖွဲ့အစည်း ထဲက အရှိတရားတွေနဲ့ ချိန်ထိုးကြည့်ကြရပါမယ်။
၅။ ကဗျာအရေးအသားတွေ ကဗျာဆိုင်ရာဆောင်းပါးတွေ ဖတ်ဘို့ဆိုရင် အခြားစာပေ ဆိုင်ရာ အယူအဆတွေကို လည်းလက်လှမ်းမီသလောက် ရှာဖွေဖတ်ရှုဘို့ လိုအပ်ပါတယ်။ သီအိုရီ အခြေပြုကဗျာအယူအဆတွေဖြစ်တာမို့ စာပေ၊ ကဗျာ၊ စိတ်ပညာ၊ ဒဿနပညာ၊ သမိုင်းအစရှိတဲ့ နယ်ပါယ်မျိုးစုံနဲ့ပါ နီးစပ်မှုရှိမှ အဆင်ပြေမှာဖြစ်ပါတယ်။(ဥပမာ- Critical Theory လို ဘာသာရပ်မျိုးကို တီးမိခေါက်မိရှိတာမျိုးကို ဆိုလိုပါတယ်။ အဲဒါမျိုးကို Initiated Readership လို့ခေါ်ကြပါတယ်။)
၆။ အမျိုးသမီး “မ” ကဗျာရေးသူတွေကို နေရာပေးဘို့လည်း လိုပါမယ်။ ‘ဖို’ ဦးစီးတဲ့ ကဗျာလောက ဖြစ်မနေဘို့အရေးကြီး တာပေါ့။ တိုင်းရင်းသားတွေနဲ့အခြားလူနည်းစုတွေထံက ကဗျာအယူအဆတွေ၊ သူတို့ရေးတဲ့ ကဗျာတွေလည်း ပေါ်ပေါက်လာဘို့လိုပါတယ်။ အသွင်ကွဲ ကဗျာမျိုးစိပ်တွေ ပါဝင်တဲ့ ကဗျာရှုခင်းတစ်ရပ်ကို ဖော်ထုတ်နိုင်ကြရမယ်။ ဒါမှ အများလည်း ပါဝင်ခွင့်ရ (Inclusive) ပြီး အမယ်လည်းစုံ(Diverse) မှာဖြစ်ကြောင်း တင်ပြဆွေးနွေးလိုက် ရပါတယ်။
မောင်ဒေး
Ref:
• ‘Postmodern American Poetry’ edited by Paul Hoover
• ‘The Yale Anthology of Twentieth-Century French Poetry’ edited by Mary Ann Caws
• ‘The Dwelling Place’ edited by Ron Siliman
Wednesday, 13 May 2015
ဒီစာမျက်နှာပေါ်က ငါ့ခြစ်ရာများအလွန်(၄) ၂ဝဝ၇ ပရူးဖရော့က်ရဲ့ အချစ်တေး
          မလင်းပြာ
          ငါ အခုပဲ စစ်ထွက်တော့မယ်
          ငါ ဗီယက်နမ်ကို သွားရမယ်
          အဲဒီမှာ
          ရွံ့ရေညစ်ညစ်
          သလုံးသားနစ်တဲ့ လယ်တရိုးမှာ
          ပျိုးနှုတ်နေသူ လုံမရဲ့
          ကျောကရိုင်ဖယ်ကို ယူ
          ကျူးလာသူ လေယာဉ်မှန်သမျှ
          ငါ စောင့်ပစ်ပေးရမယ်။
          မြန်မာကဗျာ/ခေတ်ပေါ်ကဗျာသမားမှန်ရင် အထက်ပါ(မောင်သိင်္ဂါရဲ့ မလင်းပြာသို့)ကဗျာစာသားများကို သိကြ၊ ဖြတ်သန်းခံစားဖူးကြလိမ့်မယ်လို့ ယူဆပါတယ်။ ဒီကဗျာ(အထက်ပါစာသားတွေ)ဟာ ၇ဝခုနှစ်မတိုင်မှီ တော်လှန်ကဗျာကာလကတည်းက ပေါ်ပေါက်ခဲ့တဲ့ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပေမယ့် ကျွန်တော့်အနေနဲ့ ၂ဝဝဝဝန်းကျင်လောက်မှာမှ မြင်ဖူး၊ဖတ်ဖူးတာပါ။ အဲဒီ(၂ဝဝဝ)ဝန်းကျင်မှာ ပေါ်ပေါက်ထွက်ရှိလာသမျှ ကဗျာတွေနဲ့ ရူးသွပ်ပျော်မွေ့နေတဲ့ကြားက မလင်းပြာရဲ့ (အထက်ပါကဗျာပါဒတွေဟာ)ရိုင်ဖယ်ဟာ ကျွန်တော့်ကို 'ထိ'အောင် ပစ်ခပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်မှတ်မိသလောက်ကတော့ ဒီစာသားတွေကို 'ကဗျာအလုပ်ရုံကလေး တနိုင်တပိုင်ထူထောင်ခဲ့တဲ့ ကဗျာဆရာ(သတင်းဆောင်းပါးဆရာ)တစ်ယောက်ရဲ့ စာအုပ်တစ်အုပ်မှာ စမြင်ဖူး ဖတ်ဖူးတာဖြစ်ပြီး အထက်ပါစာပိုဒ်လေးကို လက်ရေးနဲ့ ကူးယူခဲ့တာပါ။ နောက် ၂ဝဝ၄ခေတ်ပေါ်ကဗျာအဖွင့်မှာ အဲဒီအပိုဒ်လေးကိုပဲ စိုင်းဝင်းမြင့်က ထပ်မံကောက်နှုတ်ညွန်းဆိုခဲ့တာကို တွေ့ရပြန်ပါတယ်။ လိုရင်းပြောရရင် ၇ဝခုနစ်အလွန် တော်လှန်ကဗျာတစ်ပုဒ်ထဲက ကဗျာတစ်ပိုဒ်ဟာ ၂ဝဝဝအလွန်လူငယ်ကဗျာသမားများလက်ထက်အထိ ရင်ခုန်ဆွဲဆောင်နိုင်စွမ်းရှိနေတာကိုပါ။
          ကျွန်တော့်အနေနဲ့ ဒီကဗျာစာပိုဒ်လေး/လိုင်းလေးတွေမှာ အလှပဆုံးလို့ ယူဆတာက ''သလုံးသားနစ်တဲ့ လယ်တရိုးမှာ ပျိုးနှုတ်နေသူ လုံမရဲ့ကျောကရိုင်ဖယ်ကို ယူကျူးလာသူ လေယာဉ်မှန်သမျှ ငါ စောင့်ပစ်ပေးရမယ်''ဆိုတဲ့ အပိုဒ်လေးပဲ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့ ဒီကဗျာအပိုဒ်လေးကို အထူးတလည်ရှင်းလင်းဖွင့်ဆို မနေတော့ပါဘူး။ ဒီအပိုဒ်လေးမှာ ရောမန္တိကအငွေ့သက်တွေရော၊ ရဲရင့်ပြတ်သားမှုတွေရော၊ မလွဲမရှောင်သာတဲ့(စစ်/ခေတ်ကာလ)အခြေအနေကိုရော၊ စာနာ နားလည်နိုင်မှုရော ရောပြွမ်းပြီး ပါကောင်းပါနေနိုင်လို့လည်း မြန်မာကဗျာဖတ်ပရိသတ်များနဲ့ အပေးအယူတည့်ခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ၇ဝခုနှစ်မတိုင်မှီက ကျွန်တော်တို့ဆီမှာလည်း တော်လှန်ခံစားမှုဆိုတာ အထူးသဖြင့် စာရေးဆရာ၊ကဗျာဆရာတွေကြားမှာ  လွမ်းမိုးမှုအရှိဆုံးနဲ့အရေးပါဆုံးလို ဖြစ်ခဲ့တယ် မဟုတ်လား။
          ကမ္ဘာတစ်ဝန်းမှာ အာရှ၊အာဖရိကမှသည် ဗီယက်နမ်အထိ ထကြွလာတဲ့ နယ်ချဲ့တော်လှန်ရေးဂယက်ဟာ ကျွန်တော်တို့ဆီကိုလည်း ကျရောက် ကူးစက်ခဲ့ပါတယ်။ ဥပမာ အညာမြေခေတ်ကဗျာများ(၁၉၆၃)ခုနှစ်ထုတ် စာအုပ်လေးထဲက ကဗျာရေးသူတွေရဲ့ ကဗျာတွေကိုကြည့်ရင် မြင်သာထင်သာအရှိဆုံးက 'တော်လှန်ကဗျာ'တွေပဲ။ ဒါဟာ အဲဒီကာလက အနုပညာသမားတွေရဲ့ သီးခြားအတ္တ (Idetity)တစ်ခုလိုတောင် ဖြစ်လာတယ်။ ဘာကြည့်ကြည့် ဘာသိသိ ဒီအတ္တနဲ့ပဲ ကောက်ချက်ဆွဲ၊ ခံစားတုံ့ပြန်နေမိတာမျိုးပေါ့။ အဲဒီ(၇ဝ)ခုနစ်မတိုင်မှီတုန်းကတော့ ရှင်းတယ်။ ကျူးကျော်လာသူဟာ ရန်သူပဲ၊ ဒီ အမေရိကန်တွေ၊ အင်္ဂလိပ်တွေ၊ အနောက်တိုင်းသားတွေ၊ မျက်နှာဖြူတွေဆိုတာထက် သူတို့က နယ်ချဲ့လို့ပဲ မြင်တော့တယ်။ ဘာမှစဉ်းစားမနေနဲ့။ ကျူးကျော်လာရင် ပစ်ထည့်လိုက်၊ စိုက်ပျိုးရေးသမ လုံမပျိုလေးကအစ တိုက်ပွဲဝင်နေပါပြီ။
ငါလည်း အခုပဲ စစ်ထဲသွားတော့မယ်။ စာပိုဒ်လေးက စိတ်ဓါတ်တက်ကြွဖွယ်နဲ့ ခေတ်စနစ်ရဲ့ အဖြစ်အပျက်ကိုလည်း ထင်ဟပ်နိုင်သလို၊ အခြေအနေအရ စစ်ထဲပါဝင်ခွင့်မရသူတွေအတွက်လည်း ကျေနပ်နှစ်သိမ့်ဖွယ်ဖြစ်သလို တစ်နည်းအားဖြင့် ကဗျာရေးသူက သူ့ကလောင်နဲ့ တိုက်ပွဲဝင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ တော်လှန်ကဗျာဖြစ်ပါတယ်။ ဒါဟာ မိုးဝေခေတ်ကဗျာများရဲ့ အသက်သွေးကြောတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ၇ဝခုနှစ်မတိုင်မှီက ကဗျာတစ်ပုဒ်ဖြစ်တယ်ဆိုတာကိုတော့  သတိထား/သိထားဖို့ လိုပါလိမ့်မယ်။ ဆိုပါစို့ ၂ဝဝဝခုနှစ်လွန်လာတဲ့အခါ ၂ဝဝ၅ခုနှစ်ကနေ ၂ဝဝ၈တိုင်အောင် မပြီးပြတ်နိုင်တဲ့ အမေရိကန်-အီရတ်စစ်ပွဲအတွက်ဆိုရင် ကဗျာပါဇာတ်ကောင်/ကဗျာရေးသူရဲ့ ထွေပြားရောနှော(လာတဲ့)အတ္တဟာ ၇ဝခုနှစ်မတိုင်မှီကလို သူ့ရဲ့မလင်းပြာကို ပေါ့ပေါ့ပါးပါး(ပေါ့ပျက်ပျက်မဟုတ်ပါ)ပြတ်ပြတ်သားသား ပြောဆိုနိုင်ပါဦးမလား။
၂ဝဝ၇ ပရူးဖရော့က်ရဲ့ အချစ်တေး
          'သိမ်းပိုက်ပါ ဆွတ်ငင်ပါ
          ရှင်ကိုယ်တိုင်ပဲ ကျွန်မကို
          ရှင့်ထံ လူကုန်ကူးလိုက်ပါ'
          ဒီစကားဟာ ငါ့သွေးသားထဲ
          မလိုင်တွေ ဝေ့တက်လာခဲ့တယ်
          အဲဒီတော့ကာ အီရတ်မှာ
          ငါ ဘယ်ဘက်က တိုက်ပေးရမလဲ မလင်းပြာ။
          ကိုးကား(၁)  Ts Eloit ရဲ့ 'the love song of J.ALfred Prufrok’
          ကိုးကား(၂)မောင်သိင်္ဂါရဲ့ 'မလင်းပြာ'။
          ရုပ်ရှင်တေးကဗျာ ၂ဝဝ၇ နိုဝင်ဘာ
          ဒါကတော့ ၂ဝဝဝအလွန်၂ဝဝ၇မှာရေးသားခဲ့တဲ့ ဇေယျာလင်းရဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ကဗျာခေါင်းစဉ်က အိလိယော့ရဲ့ he love song of  J.ALfred Prufrok ၁၉၁၇ကို ယူထားပါတယ်။ ထင်းရှူးပင်ရိပ်မှာတုန်းက ဒီကဗျာအပေါ် မောင်သာနိုး ဖေါ်ပြထားတာပြန်ဖေါ်ပြရရင် ''သူလျှောက်နေတဲ့ ကနေ့ခေတ်ကာလဆိုတာလည်း မပြတ်သားမှုတွေ လှည့်စားမှုတွေနဲ့ ပြည့်လျှမ်းတဲ့ ငရဲဘုံပါပဲ'တဲ့။ ဒီသဘောထားအမြင်ဟာ ပရူးဖရော့က်ရဲ့ အချစ်တေးမှာ အဓိကကျတဲ့ အနှစ်သာရ/ဆိုလိုရင်း/ခံစားမှု/အတွေးအခေါ်လို့ ဆိုနိုင်တဲ့အတွက် ၂ဝဝ၇ပရူးဖရော့က်ရဲ့ အချစ်တေးက ဘာပြောချင်သလဲ၊ ဘယ်လိုသီဆိုသလဲဆိုတာ ခံစားနားဆင်ဖို့ ဒါကိုသိထားရင် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ ဇေယျာလင်းပြန်ဆိုတဲ့ အချစ်တေးဟာ အိလိယက်တို့ခေတ်က အချစ်တေးမဟုတ်တော့ပါဘူး။
 ဒါပေမယ့် လုံးဝမဟုတ်တော့ဘူးလို့လည်း ပြောလို့မရပြန်ဘူး။ တကယ်လို့ ၂ဝဝ၇(ခေတ်စနစ်)မှာ ပရူးဖရော့က်သာ အချစ်တေးကိုသီဆိုမယ်ဆို၇င် ဘယ်လိုနေမလဲ၊ ဘယ်လိုဆိုမလဲ၊ ဘယ်လိုနောက်ဆက်တွဲ စာသားတွေထပ်ဖြည့်မလဲ။ ၁၈၊ ၁၉၊ ၂ဝရာစုအလိုက် ကမ္ဘာကြီးရဲ့ သမိုင်းမြင်ကွင်းတွေ တဖြည်းဖြည်းနဲ့ပြောင်းလဲခဲ့သလို ၂၁ရာစုအဝင်မှာလည်း မယုံကြည်နိုင်လောက်အောင်(အိုင်တီကြောင့်လို့ ဆိုနိုင်မလား)နေ့စဉ်နဲ့အမျှကိုပဲ ပြောင်းလဲမှုတွေ ကြုံလာရပါတယ်။ ကြုံကြရလိမ့်မယ်။ (ခြွင်းချက်အနေနဲ့ သမိုင်းပြောင်းလဲမှုတွေ ယဉ်ကျေးမှုရှော့ခ်တွေ ကြီးကြီးမားမားရိုက်ခပ်ခြင်းမခံရဘူး၊ မရှိဘူးဆိုတဲ့ တိုင်းပြည်မြို့ရွာအရပ်ဒေသတွေ ရှိကောင်းရှိမှာပါ) 'သိမ်းပိုက်ပါ လူကုန်ကူးလိုက်ပါ'  ဆိုတဲ့ စာသားဟာ ရုတ်တရက်ကြည့်ရင် ဘာမှဖွင့်ဆိုစရာမလိုလောက်အောင် ခံစားနားလည်ဖို့လွယ်ကူတယ်လို့ ထင်မှတ်စရာပါ။
ဒီစာပိုဒ်လေးကို စာဖတ်သူအဓိက(Writerly text ) တို့ စာဖတ်သူက သူ့သီးခြားအတ္တအရ ဖတ်ယူတဲ့စာသားအဆက်အစပ်(textual context)တို့ စတဲ့ ပို့စ်မော်ဒန်စာပေလေ့လာမှုတွေနဲ့ ချည်းကပ်ကြည့်ရင် စိတ်ဝင်စားဖွယ် အချက်အလက်တွေ အများကြီးရှိလာနိုင်ပေမယ့် ဒီနေရာမှာ ဒီစာပိုဒ်လေးကို ခွဲခြမ်းစိပ်ဖြာမှုမပြုသေးဘဲ ခဏထားချင်ပါတယ်။ (ကျွန်တော့်အနေနဲ့ ဒီစာမျက်နှာပေါ်ကခြစ်ရာများအလွန်ဆောင်းပါးတွေကို ရေးသားရာမှာ ကဗျာအကျိုးကို မနေနိုင်မထိုင်နိုင် တနိုင်တပိုင်ဝင် ထမ်းပိုးခြင်းသာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ မဖြစ်မနေလိုအပ်တယ်ထင်လို့ အင်္ဂလိပ်ဝေါဟာရတွေယူသုံးရတယ်ဆိုပေမယ့် နောက်ခံသီအိုရီတွေသိမ်မွေ့ရှုပ်ထွေးပြီး အနက်ဖွင့်ရာမှာအားနည်းချက်ရှိလာနိုင်တဲ့ ကိုယ့်ကိုယ်ကိုလိပ်ပတ်မလည်တဲ့ဝေါဟာရတွေကိုတော့ ရှောင်ပါတယ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တခြားရှုထောင့်တစ်ခုက ပြောကြည့်ဖို့ပဲ ရည်ရွယ်ပါတယ်။ ဒီအယူအဆတွေနဲ့ပတ်သက်ပြီး သေသေချာချာနဲ့ကျယ်ကျယ်ပြန့်ပြန့်လေ့လာချင်ရင်တော့ ပြည်တွင်းပြည်ပ စာပေလေ့လာ/ ဝေဖန်ရေးဆရာတွေရဲ့ စာတွေကိုပဲ ရှာဖတ်ဖို့ မေတ္တာရပ်ခံပါတယ်၊ ဥပမာ-မင်းခက်ရဲ)
          ကဗျာရဲ့နောက်ဆက်တွဲ 'ဒီစကားဟာငါ့သွေးသားထဲ မလိုင်တွေ ဝေ့တက်လာခဲ့တယ်'ဆိုတဲ့အထိ ကဗျာဟာ အဆက်စပ်ရှိရှိ ခံစားနားလည်နိုင်ဖို့ လွယ်ကူပေမယ့် 'အဲဒီတော့ကာ အီရတ်မှာ ငါ ဘယ်ဘက်က တိုက်ပေးရမလဲ မလင်းပြာ'ဆိုတဲ့ ကဗျာရဲ့အထက်လိုင်းနဲ့မဆိုင်တဲ့ အထူးသဖြင့် အစဉ်လာခေတ်ပေါ်ကဗျာဖတ်စဉ်က အလေ့အကျင့်နဲ့ဆိုရင် မပတ်သက်မစပ်ဆိုင်ဘူးထင်စရာကောင်းတဲ့ မေးခွန်းဝါကျတစ်ကြောင်းဝင်လာပြီး ကဗျာကိုအဆုံးသတ်သွားတဲ့အခါကျတော့ ခုနကအဆက်အစပ်ရှိတယ်၊ သာမာန်ရေးဖွဲ့ပုံဖြစ်တယ်ထင်ရတဲ့ ကဗျာအပိုဒ်တွေဟာ အသေမဟုတ်ဘဲ(အပွင့်သဘော)ဖြစ်နေတာ တွေ့ရပြန်ပါတယ်။ ဆိုလိုတာက အထက်ကဗျာနှစ်ပိုဒ်ရဲ့ စာသား၊ နိမိတ်ပုံ၊ မတ္တဖာ၊ အကြောင်းအရာ၊ အညွန်းနဲ့အညွန်းခံတွေဟာ ပြန်စဉ်းစားစရာဖြစ်လာတယ်။ အစဉ်အလာကဗျာဖတ် အလေ့အကျင့် အရတော့ ဒီကဗျာရဲ့အထက်နှစ်ပိုဒ်ဟာ ပင်မရေစီးပုံစံ(ဥပမာ- ကြည်မောင်သန်း၊မိုဃ်းဇော်၊ ခရမ်းပြာထက်လူ)တွေနဲ့ ဘာမှမထူးပါလား ထင်မှတ်စရာပါ။
          ဒါကို ထူးခြားတယ်လို့ ကျွန်တော့်အနေနဲ့ဘာလို့ ယူဆရသလဲဆိုတော့ ဒီကဗျာရဲ့နောက်ကွယ်မှာ ပို့စ်မော်ဒန်အမြင်/ရှုထောင့်ကိုမြုပ်ထားတာ တွေ့ရလို့ပါပဲ။ တစ်နည်းဆိုရင် ပို့စ်ကဗျာဗေဒအမြင်နဲ့ ခေတ်ပေါ်လေကိုသုံးပြီး ရေးဖွဲ့ထားတယ်လို့ မြင်ပါတယ်။ ဒါဟာ ဒုတိယမျိုးဆက် ပို့စ်-ပို့စ်မော်ဒန်ကဗျာရေးသူများ/ကဗျာဗေဒများကြားမှာ သုံးစွဲလာတဲ့ အိုင်ဒီယာတစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ဆီမှာတော့ “ခေတ်ပေါ်”ဆိုတာထက် သရုပ်မှန်ကိုအခြေပြုပြီး ပို့စ်မော်ဒန်အမြင်နဲ့ချဉ်းကပ်ကြခြင်း ဖြစ်ပါတယ်။ တချို့ဆိုရင် ပို့စ်မော်ဒန်အမြင်ကို အများစုယဉ်ပါးပြီးသားဖြစ်တဲ့ လိုင်းရစ်ရေးဖွဲ့ဟန်နဲ့ ရေးဖွဲ့တာတောင်ရှိပါတယ်။
ပထမမျိုးဆက်ပို့စ်မော်ဒန်သမားတွေလုပ်ခဲ့တဲ့ ပုံသဏ္ဍာန်အစွန်းရောက်ဖန်တီးမှုတွေကို ဒုတိယမျိုးဆက်ပို့စ်မော်ဒန်တွေက လျော့ချလိုက်တယ်၊ နောက်ပြီး လူအများစုနားလည်နိုင်တဲ့ သရုပ်မှန်ရေးဟန်နဲ့ပို့စ်မော်ဒန်အမြင်ကို တွဲစပ်ဖန်တီးကြတယ်။ ပို့စ်မော်ဒန်အမြင်ကိုနောက်ခံပြီး လူထုကြားရေပန်းစားတဲ့ ပေါ်ပြူလာဖြစ်တဲ့ ပေါ့ပ်သတင်းပေါ့ပ်အဖြစ်အပျက်တွေနဲ့ ရေးဖွဲ့ဖေါ်ထုတ်ဖို့ကြိုးစားကြတာမျိုးလည်းရှိတယ်။ (အဲဒီအခါမှာ လူ့အဖွဲ့အစည်းအတွင်းလွမ်းမိုးကြီးစိုးပြီး လည်ပတ်အလုပ်လုပ်နေတဲ့ ပေါ့ပ်အဖြစ်အပျက်တွေကို မေးခွန်းထုတ်ပြီးသား သရော်ပြီးသားဖြစ်သွားအောင် ပြုလုပ်ကြတယ်) ဒါဟာ ခက်ခဲရှုပ်ထွေးသယောင်ထင်ရတဲ့ပို့စ်မော်ဒန်သိမှုကို လူထုကြားပျံ့နှံ့စိမ့်ဝင်လွယ်အောင် အမျိုးမျိုး ကြံဆောင်ကြတဲ့သဘောပါပဲ။ အခုတွေ့ရတဲ့ ဇေယျာလင်းရဲ့ကဗျာဟာလည်း ဒီအတိုင်းပါပဲ။ ကဗျာဖတ်အခြေခံတော်ရုံတန်ရုံရှိသူဘယ်သူမဆို နားမလည်နိုင်စရာ တစ်ခုမှ မရှိပါဘူး။ ဒီလိုရေးဖွဲ့မှုအတွက် တချို့က ကဗျာရေးသူဟာ ခေတ်ပေါ်ဘက်ပြန်လှည့်တယ် လိုင်းရစ်ဖက်ပြန်နွယ်လာတယ် အရင်ရေးဖွဲ့ဟန်တွေမစွန့်လွတ်နိုင်ဘူး စသဖြင့် ထင်မြင်ကောင်းထင်မြင်မိနိုင်တယ်။
တချို့အတွက်တော့ ဒီပို့စ်မော်ဒန်/အယ်လ်ပီကဗျာကလည်း ရိုးစင်းလွယ်ကူလှချည်လားလို့ မှတ်ထင်ကောင်းမှတ်ထင်နိုင်တယ်။ အများအားဖြင့် ပို့စ်မော်ဒန်ကဗျာရေးသူတွေဟာ ခေတ်ပေါ်/ပင်မရေစေီး/မော်ဒန်စတာတွေကို ပြန်လှည့်မကြည့်တော့ဘဲ ဥပက္ခာပြုရေးဖွဲ့လေ့ရှိကြပေမယ့်၊ တခါတရံတော့လည်း အပြောင်းအလဲကို မိတ်ဆက်လမ်းကြောင်း-စေ့စပ်တံတားခင်းတဲ့အနေနဲ့ ရေးဖွဲ့တဲ့ ပို့စ်မော်ဒန်ကဗျာရေးသူတွေ ကဗျာတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ ကဗျာအီဗော်လျူးရှင်းဖြစ်စဉ်ထဲက အရွေ့တစ်ခုပဲ မဟုတ်လား။
          ဒီတော့ကာ ၂ဝဝ၇ပရူးဖရော့က်ရဲ့ အချစ်တေးကို အရင်လိုဖတ်၊ အရင်လိုခံစား၊ အရင်လိုတုံ့ပြန်ခြင်းနဲ့ ရပ်တန့်မနေဘဲ ဒီကဗျာမှာ မထင်မှတ်တဲ့ အင်နာဂျီတွေ၊ ပို့စ်မော်ဒန်လောကအမြင်တွေ ဘယ်လိုဘယ်လောက်ကျန်သေးလဲ သိရအောင်(အခြားတစ်ဖက်ကနေ)ပြန်ဖတ်ရှုကြည့်ကြတာပေါ့။ ပထမနှစ်ပိုဒ်ဟာ အချစ်၊ရမ္မက်၊မေတ္တာ၊အိမ်ထောင်ရေးစတဲ့ အကြောင်းအရာကို နောက်ခံထားတယ်လို့ ယာယီယူဆနိုင်သလို ကဗျာအဆုံးသတ်အပိုဒ်ကလည်း စစ်နဲ့ပတ်သက်တာလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီအယူအဆနှစ်ခုကို ဘယ်လိုဆက်စပ်ဖတ်ရှုမလဲ။ အိလိယော့ခေတ်အချစ်တေးနဲ့ ဗီယက်နမ်တော်လှန်ကဗျာ ဘာလို့ဆက်စပ်ရေးထားသလဲ။ ဒါဟာ စာဖတ်သူရဲ့ စာသားအဆက်အစပ် Textual context  ပြုလုပ်တတ်တဲ့ အလေ့အကျင့်ကို စိန်ခေါ်ပါတယ်။ အဲဒီမှာ ပြန်စဉ်းစားရမှာက ကျွန်တော်တို့ဟာ ဘာနဲ့ဘာကိုမှ အဆက်အစပ်(ရှိတယ်)လို့ယူဆပြီး ဘာနဲ့ဘာဆိုရင် ဆက်စပ်လို့မရဘူးလို့ ယူဆသလဲ။ ဘာလို့ယူဆသလဲ၊ ဒီအယူအဆတွေဟာ ပြုပြင်ပြောင်းလဲဖို့ မလိုအပ်ဘူးလို့ ယူဆသလား။ စာဖတ်သူအနေနဲ့ ချစ်ခြင်းမေတ္တာ၊တဏှာရမ္မက်၊စစ်ပွဲ၊စစ်ကာလအစရှိတာတွေကို ဆက်စပ်လို့မရဘူး၊ ဆက်စပ်မှုမရှိဘူးလို့ ထင်လား။ ဘာလို့ထင်သလဲ။ ဒီမေးခွန်းတွေပေါ်ပေါက်လာခဲ့ရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အိုင်ဒီယိုလော်ဂျီ၊ လူမှုအလေ့အကျင့်၊ ယဉ်ကျေးမှုတည်ဆောက်ပုံ၊ ဘာသာစကားအပေါ်အမြင်၊ ကဗျာအပေါ်အမြင်၊ ရသဗေဒအတွေ့အကြုံ စတာတွေမဖြစ်မနေ ထည့်စဉ်းစားဖို့လိုအပ်လာပါပြီ။
          ချစ်ခြင်းမေတ္တာ၊တဏှာရမ္မက်စတဲ့ အငွေ့အသက်တွေလွမ်းခြုံနေတဲ့ ပရူးဖရော့က်ရဲ့ အချစ်တေးသံစဉ်နဲ့ ဒီသံစဉ်စာသားအပေါ် မလိုင်တွေဝေ့တက်လာတဲ့ ခံစားမှုတွေဟာ နောက်ဆက်တွဲအဆုံးသတ်ဝါကျဖြစ်တဲ့ မလင်းပြာသို့ သံသယမေးခွန်းကြောင့် စစ်နဲ့ဆိုင်တဲ့ စစ်ပွဲ/စစ်ကာလ/ခေတ်စနစ်နဲ့စပ်လျဉ်းတဲ့ အရေးအဖွဲ့များ ဖြစ်သွားရသလို၊ စစ်ပွဲ/စစ်ကာလ/ခေတ်စနစ်ကိုယ်စားပြု မလင်းပြာရဲ့ဇာတ်ကောင်ဟာလည်း ၇ဝခုနှစ်ဗီယက်နမ်လယ်ကွင်းထဲက ထွက်လာပြီး ပရူးဖရော့က်ရဲ့ ချစ်ခြင်းမေတ္တာ၊ တဏှာရမ္မက်နဲ့အိမ်ရာထူထောင်လူမှုဘောင်ထဲ ပြန်ဝင်လာရတယ်။ ဒါပေမယ့် ဘယ်ဘက်က တိုက်ပေးရမှန်းမသိတော့ဘူး။ ချစ်ရမ္မက်ဘက်ကလား၊ စွန့်လွတ်အနစ်နာခံခြင်းဘက်ကလား၊ တောင်းဆိုသူက(ဆန္ဒပြင်းပြစွာ)တောင်းဆိုနေပေမယ့် ပုရိသ/ယောင်္ကျားသား/လူငယ်ဖြစ်ပုံရတဲ့ ဇာတ်ကောင်/'ငါ'နာမ်စားဟာ ဝေခွဲမရဖြစ်လို့။ ချစ်သူဘဝ၊အိမ်ထောင်ရေးလူမှုအဖွဲ့အစည်းရဲ့တာဝန်ဝတ္တရားနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာတွေဟာ ဒီကနေ့ အီရတ်လိုပါပဲလား။ မင့်ရဲ့ အချစ်ရမ္မက်ကို ဆန္ဒဖြည့်ရမှာလား၊ အသိုင်းအဝိုင်းရဲ့နောက်ဆက်တွဲပြဿနာကို ကြည့်ရမှာလား၊ တို့နှစ်ယောက်ရဲ့ ရှေ့ရေးအတွက် ဒါကို ထည့်သွင်းမစဉ်းစားတော့ဘူးလား။ ငါ့သွေးသားထဲ မလိုင်တွေ ဝေ့တက်လာပြီ၊ မင်းဟာ ဘယ်လိုအမျိုးသမီး/မိန်းမ/မိန်းကလေးလဲ၊ ငါဘယ်ဘက်က တိုက်ပေးရမလဲ။
          ဒါမှမဟုတ် မလင်းပြာနဲ့ သူ့ဇာတ်ကောင်ဟာ အီရတ်ကိုရောက်သွားတာလည်း ဖြစ်နိုင်တယ်။ ဒီနေရာမှာ အီရတ်ဟာ မတ္တဖာတစ်ခုဖြစ်ပေမယ့် အရင် ခေတ်ပေါ်ကဗျာတွေမှာ အသုံးပြုတဲ့မတ္တဖာတွေလို တိကျတဲ့အညွန်းခံတစ်ခု ရရှိခံစားစေလိုတဲ့သဘောနဲ့ အသုံးပြုထားခြင်း မဟုတ်ပါဘူး။ ဆိုလိုတာက 'အီရတ်'ဟာ (စစ်ဖြစ်ပွားနေတဲ့)မြို့တစ်မြို့လည်းဖြစ်နိုင်သလို ခေတ်ရဲ့အခြေအနေ/ ဒီလိုလူသားတွေရဲ့ ဘဝအခြေအနေ/အိမ်ထောင်ရေးဘဝအခြေအနေလည်း ဖြစ်နေနိုင်လို့ပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့လိုရာဆွဲတွေးမှု မဟုတ်ပါဘူး။ ကဗျာရဲ့တည်ဆောက်ပုံအရ အီရတ်ကို တခြားအညွှန်းခံဆီရောက်ရှိ ဖြစ်နိုင်ချေရှိအောင် စာသားကို ဆက်စပ်ရေးဖွဲ့ခဲ့(ဖွင့်ရေးခဲ့)တာတွေ့ရလို့ပါပဲ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ စစ်-ဖြစ်-နေ-တာ။ မလင်းပြာနဲ့ သူ့ဇာတ်ကောင်ဟာ ဒီလို'အီရတ်'ကို ရောက်ရှိနေခြင်းဖြစ်တယ်။ ဒီနေရာမှာ ဒီကနေ့ဖြစ်ပွားနေတဲ့(ဖြစ်ပွားခဲ့တဲ့)အမေရိကန်-အီရတ်စစ်ပွဲအကြောင်း တစေ့တစောင်းပြောချင်ပါတယ်။
          အမေရိကန်-အီရတ်စစ်ပွဲကာလတလျှောက်မှာ နှစ်ဖက်နိုင်ငံကပြည်သူတွေဟာ စစ်ရဲ့အနိဠာရုံအကျိုးအဆက်နဲ့ ခါးသီးတဲ့အတွေ့အကြုံတွေရရှိခဲ့ ရရှိမြဲဖြစ်ပါတယ်။ အမေရိကန်သမ္မတကြီးနဲ့တကွ အုပ်ချုပ်ရေးအရာရှိပိုင်းရဲ့ဆုံးဖြတ်ချက်တွေ အမိန့်အာဏာနဲ့ကိုင်တွယ်ဖြေရှင်းပုံတွေကိုလည်း ပြည်တွင်းပြည်ပမီဒီယာပေါင်းစုံကနေ ဝေဖန်တိုက်ခိုက်ခံခဲ့ ရပါတယ်။ စစ်မြေပြင်ရောက်စစ်သားတွေဟာ တစ်နှစ်တစ်နှစ်ကို(ဆိုးရွားတဲ့)နည်းမျိုးစုံနဲ့ ရာထောင်ချီသေဆုံးကြရသလို အီရတ်နိုင်ငံနေပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာလည်း ဆုံးရှုံးပေါင်းမနည်းတော့ အနာဂတ်အခြေအနေဟာလည်း ဘာမှမသေချာမရေနိုင်တော့။ စစ်ကာလရဲ့ရလဒ်အနေနဲ့ အမှန်အမှားဆုံးဖြတ်ရမသေချာမှု၊ မှားယွင်းစွာဆုံးဖြတ်ချက်ချမှု၊ လူစိတ်ပျောက်ကြမ်းကြုတ်ရက်စက်မှု၊ စိတ်ဒဏ်ရာဒဏ်ချက်နဲ့လက်စားချေလိုစိတ်၊ ပုဂ္ဂိုလ်ရေး/လူမျိုးရေးမုန်းတီးမှု၊ နာကျည်းခံပြင်းမှု၊ ဘာသာရေး/အမျိုးသားရေး အစွန်းရောက်အယူအဆနဲ့ ကြံရာမရ လက်တုံ့ပြန်ခြင်း၊ အသေခံဗုံးဖေါက်ခွဲခြင်း စတဲ့နောက်ဆက်တွဲတွေဟာလည်း နားနဲ့မဆန့် ရင်နဲ့မဆန့်အောင်(၂ဝဝ၆-၂ဝဝ၇-၂ဝဝ၈နှစ်ဦးအထိ)ရုပ်သံလိုင်းတွေကတဆင့် မြင်ခဲ့ကြားခဲ့ရပေါ့။
 'အဲဒီတော့ကာ အီရတ်မှာ ငါ ဘယ်ဘက်က တိုက်ပေးရမလဲ မလင်းပြာ'ဆိုတဲ့မေးခွန်းမှာ ဘယ်သူ၊ဘယ်ဝါ၊ဘယ်တိုင်းပြည်၊ဘယ်စနစ်၊ဘယ်အယူအဆ၊ ဘယ်ဟာကမှန်သလဲဆိုတာ ဝေခွဲမရဖြစ်နေတဲ့ နားလည်ခံစားမှုက ပါဝင်နေသလို ဘယ်ဘက်က ဝင်ကူရမလဲဆိုတာ မသိတော့တဲ့သဘောလည်း ပါဝင်နေပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ ကဗျာရေးသူရဲ့'အီရတ်'စစ်ပွဲအပေါ်အမြင်လည်း ဖြစ်ပါတယ်။ 'စစ်'အပေါ်အမြင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီ'အီရတ်'စစ်ပွဲဟာ ဒီနေ့ကမ္ဘာကြီးရဲ့ ဒီနေ့ကမ္ဘာ့သမိုင်း ဒီနေ့ကမ္ဘာ့ယဉ်ကျေးမှုရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်သလို ဒီ'အီရတ်'ကို ကဗျာရေးသူဟာ ဝေါဟာရနဲ့တကွ နောက်ခံအိုင်ဒီယိုလော်ဂျီကိုပါ ဆွဲသုံးပြီး(၇ဝခုနှစ်က)မလင်းပြာကို မေးလိုက်ခြင်းဖြစ်ပါတယ်။ ဆိုလိုတာက ၇ဝခုနှစ်မတိုင်မှီက ရန်သူမြင်ရင်၊ ရန်သူကိုရန်သူလို့ အဖြူအမဲကွဲပြားစွာမြင်ပြီး ရိုင်ဖယ်ကိုဆွဲယူ အလွယ်တကူ(ဗီယက်နမ်ဘက်က)ဝင်ပါ၊ ဝင်တိုက်ခဲ့တဲ့ မလင်းပြာရဲ့ဇာတ်ကောင်ဟာ ဒီနေ့၂ဝဝ၇ကို ရောက်လာတဲ့အခါမှာတော့ ဘာကိုမှ အဖြူအမည်း ကွဲကွဲပြားပြား မသိတော့ဘူး၊ မပြောနိုင်တော့ဘူးဆိုတာ ကဗျာက 'ပြ'ပါတယ်။
          အဲဒီစစ်နဲ့စစ်ပွဲအကြောင်း မေးခွန်းထုတ်ထားတဲ့အဆုံးသတ်ဝါကျကို အထက်က(ပရူးဖရော့က်ရဲ့ အချစ်သီချင်း)ကဗျာစာပိုဒ်တွေနဲ့ ပြန်ချိပ်ကြည့်ရရင် ပြန်-ချိပ်ကြည့်တတ်ရင် ပြန်-ကြည့်ချိပ်တတ်ရင် 'ဒီနေ့ အီရတ်စစ်ပွဲ'ကိုက ဒီ'အီရတ်'ကိုက ဒီနေ့ကမ္ဘာကြီးကိုက ဒီနေ့မြို့ပြလူနေမှုဘဝကိုက ဒီနေ့ခေတ်ကာလကြီးကိုက ဒီနေ့အိမ်ယာ ထူထောင်ရေးကိစ္စကိုက ဒီနေ့ချစ်သူရည်းစားဘဝကိုက အဖြူအမည်းမသဲကွဲတော့ဘူးဆိုတာနဲ့ ဘယ်ဘက်က ဝင်တိုက်ရမလဲ မသိတော့တဲ့ တွေဝေမှု၊သံသယဖြစ်မှု၊ ဆုံးဖြတ်ရ မသေချာမှု အစရှိတဲ့ စစ်/အချစ်/ဘဝ စတဲ့ ဂယက်အနက်တွေအထိ ကဗျာဟာလမ်းပွင့်ကျယ်ပြန့်သွားတာ တွေ့ရပါမယ်။               
ကဗျာရဲ့နောက်ဆုံးပါဒဟာ ဒီနေ့ခေတ်ကြီးမှာ ရှင်သန်ကျင်လည်ရတဲ့လူသားတစ်ယောက်ရဲ့ ဘဝ/လောက/ကမ္ဘာကြီးသို့ ထုတ်လိုက်တဲ့မေးခွန်တစ်ခုပဲ ဖြစ်တယ်။ ဒါဟာ ဒီနေ့ကမ္ဘာသူကမ္ဘာသားတစ်ယောက်ရဲ့ ကျရောက်နေတဲ့ အခြေအနေပဲ။ ဒါဟာ ဒီကနေ့ ကမ္ဘာကြီးပေါ်က အနုပညာသမား၊ ကဗျာရေးသူတစ်ယောက်ရဲ့ ပြဿနာပဲ။ ဒါဟာ ဒီနေ့ခေတ်စနစ်ကိုထင်ဟပ်တဲ့ ကဗျာပဲ။ ဒါဟာ version အသစ်နဲ့ ဇေယျာလင်းက ပြန်ဆိုလိုက်တဲ့  ၂ဝဝ၇ ပရူးဖရော့က်ရဲ့အချစ်တေးပဲ။
  • မောင်ယုပိုင်
  • ၂ဝဝ၈ မေလ
  • နွယ်နီ
ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်အချို့
၂၀၀၃ မတ်လက ဟန်သစ်မဂ္ဂဇင်းမှာ “ဗဟုကဗျာရေစီး နှင့် မော်ဒန်ဝဲ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်မိတယ်။ တကယ်တော့ ဆောင်းပါးအဖြစ် ဖော်ပြဖို့ ရည်ရွယ်ခဲ့တာတော့မဟုတ်ပါဘူး။ အဲဒီကာလတစ်ဝိုက်က ရန်ကုန်မှာ ကဗျာဝပ်ရှော့ကလေးတွေ လစဉ်လောက်လုပ်ဖြစ်နေတဲ့ အုပ်စုရှိတယ်။ မင်းထက်မောင်၊ ခင်အောင်အေး၊ ဇေယျာလင်း၊ စန်းဦး၊ ငြိဏ်းဝေ စသဖြင့်ပေါ့လေ။ အဲဒီလူတွေက ကျွန်တော်တို့ရဲ့ မျိုးဆက်တစ်ဆက် (ဆယ်စုနှစ်တစ်ခု) ခြားတဲ့ လူငယ်တွေ။ ကဗျာကို စွဲမြဲယုံကြည်ပြီး၊ ထဲထဲဝင်ဝင် ရှိသင့်သလောက်ရှိတဲ့သူတွေ။ အဲဒါနဲ့ အဲဒီမှာဖတ်ဖို့ ခုနစာတမ်းကို ရေးပေးလိုက်တာပဲ။ အဲဒီတုန်းက ဘာပြဿ     နာ မှ မရှိခဲ့ဘူး။ စာတမ်းပါ အချက်အလက်တွေဟာ ကျွန်တော် (ဘာ)ဆိုချင်တယ်ဆိုတာ ရှင်းပြစရာမလိုဘဲ သဘောပေါက်နိုင်တဲ့ ဓါတ်ခံရှိတဲ့ လူတွေချည်းကိုး။
ဒါပေမယ့် ဟန်သစ်ကျမှ ဆောင်းပါးတစ်ပုဒ်အနေနဲ့ ထည့်လိုက်တော့ ပြဿာနာရှိလာတယ်။ ပထမကဗျာသမား ကွက်ကွက်လေး(တစ်ခု)အတွက် ရည်ရွယ်ထားတာက မရည်ရွယ်ဘဲနဲ့ ဒီထက်ကျယ်ပြန့်တဲ့ ကဗျာသမားတွေဆီ ရောက်သွားတာကိုး။ ဒီတော့ စာတမ်းဖတ်ပြီး သူတို့လည်း သူတို့ အမြင်နဲ့ ဆွေးနွေးလာတာတွေ ရှိတယ်။ ကျွန်တော်နဲ့တွေ့လို့ အပြင်မှာ မေးမြန်း ဆွေးနွေးတာတွေလည်း ရှိတယ်။ အခုတစ်ခါ အဲဒီဆောင်းပါးကိုပဲ (ကဗျာအထူးမြှင့်တင်ရေး ရက်သတ္တပတ်အစီအစဉ်အဖြစ်နဲ့) com.mmm Book မှာ အင်တာနက်တင်လိုက်တော့၊ ကျယ်ပြန့်သထက် ကျယ်ပြန့်မယ့်သဘော ဆောင်လာတယ်။ ဒီတော့ ဆောင်းပါးပါ အဓိကအချက်အချို့ကို စာဖတ်သူ (ကဗျာဝါသနာပါသူ) အများစု ဒီထက်လွယ်ကူ ရှင်းလင်းအောင် ဖြေရှင်းမယ့်တာဝန် ရှိလာတယ်လို့ ယူဆမိတာနဲ့ ဒီနောက်ဆက်တွဲ ဆောင်းပါးကို ရေးမိတာပါပဲ။ ဒါပေမယ့် ကဗျာဆိုတာ ဒါမှမဟုတ် ကဗျာနဲ့ ပတ်သတ်တဲ့အရာဆိုတာ သာမန်စာဖတ်သူ မဆိုထားနဲ့ ကဗျာဆရာအချင်းချင်းတောင် အဆင့်ဆင့်အနေအထားအရ ကွဲကွဲပြားပြားသဘောပေါက်နားလည်အောင် ပြောပြဖို့ခက်တယ်ဆိုတာ သိထားတော့ ခပ်ရွံ့ရွံ့ပါပဲ။ ဟုတ်တာ မဟုတ်တာ အပထား၊ စ. မိတဲ့ကိစ္စကို တတ်နိုင်သမျှ တာဝန်ယူလိုက်တယ်လို့ပဲ မိမိဘာသာ သဘောထားလိုက်ပါတယ်။ ကျွန်တော် အဲဒီဆောင်းပါးထဲမှာ ကဗျာတစ်ပုဒ်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အင်္ဂါရပ်တချို့ (တချို့လို့ ပြောရတာက တကယ့်ကို အင်္ဂါရပ်အကုန်အစင် မဟုတ်သေးလို့ပါပဲ) လို့ ရေးသားဖော်ပြခဲ့ပါတယ်။ တစ်ချက်ချင်း ပြန်ရှင်းရရင်..။
၁။ ကဗျာမဆန်ရဘူး
(ကဗျာမဆန်ဆန်အောင် ဇွတ်လုပ်နေကြတယ်)
ကဗျာဟာ ကဗျာမဆန်ရဘူး ပြောလိုက်တာကို ရုတ်တရက် သဘောမပေါက်တာထက်၊ ဘဝင်မကျဖြစ်သွားတာက ပိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ (anti-poetic)လို့ သုံးလိုက်ရင် ရှုပ်ကုန်မှာစိုးလို့ လွယ်လွယ်ပြောလိုက်တာပါပဲ။ တခြားနိုင်ငံတွေမှာ ကဗျာဆန့်ကျင်ရေးဆိုတဲ့ အမည်နဲ့ ကဗျာဂိုဏ်းတွေ ဖြစ်ထွန်းပြီးခဲ့တာ ကြာပါပြီ။ ဒါဟာ ကဗျာဖြစ်ထွန်းမှု သမိုင်းမှာ ကာလရဲ့ တောင်းဆိုမှု အလျောက်၊ ကဗျာသန့်စင်ရေး လုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့ ဆီမှာ ကဗျာဆိုတာ နုရ နွဲ့ရမယ်၊ ကွန့်ရ ညွန့်ရမယ်ဆိုတဲ့ အစွဲဟောင်းက တော်တော်အမြစ်တွယ်နေတာ တွေ့ရတယ်။ ရိုးရာအစဉ်အလာ (ဂန္တဝင်) ထဲက ရတုမျိုး လင်္ကာအသုံးအနှုန်း (ပေါရာဏ) တွေ သုံးနိုင်မှ ဟုတ်တယ် ထင်နေတဲ့သူတွေ ခုထိရှိသေးတယ်။ အမှန်တော့ ဒီကိစ္စကို ခေတ်ပေါ်ကဗျာက သူ့ရဲ့ အဓိက လက္ခဏာတစ်ရပ် အနေနဲ့ (စာဟန်မပါတဲ့ စာမဆန်တဲ့) အရပ်သုံးသာဘာစကားကို အစားထိုးသုံးစွဲခြင်းနဲ့ တော်လှန်ပစ်ခဲ့ပြီးပြီ။ တော်တော် အမြစ်တွယ်နေတယ်လို့ ပြေရတာက ခေတ်ပေါ်ဗျာတချို့မှာ ဒီလို အသုံးအနှုန်းတွေ ဆက်တွေ့နေရလို့ပဲ။
နောက် ဒီလိုကဗျာဆန်ရမယ်ဆိုတဲ့ အချက်က အခြားတစ်ဘက်စွန်းမှာ ခေတ်ပေါ်ကဗျာဆရာတချို့ကို (အနောက်တိုင်းမှာ ခေတ်ကုန်နေပြီဖြစ်တဲ့) အမှန်လွန်ဝါဒ၊ သင်္ကေတဝါဒဆိုတာတွေနောက် ကောက်ကောက်ပါအောင် ထွေးထွေးလျှောက်ရေးမှ ကဗျာဖြစ်တယ်၊ တန်ဖိုးရှိတယ်လို့ အထင်ရောက်နေကြတာ တွေ့ရပြန်တယ်။ မောင်သာနိုးက ခက်လွန်းတဲ့ ချောက်ကမ်းပါးနဲ့ လွယ်လွန်းတဲ့ ချောက်ကမ်းဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ရှားကြဖို့ သတိပေးဖူးတယ်။ ချက်က ကဗျာဆရာဟိုးလဗ်ကတော့.. ကဗျာကို ကောက်ဖတ်လိုက်ရင် သတင်းစာဖတ်သလို၊ ဘောလုံးပွဲသွားရသလို ပေါ့ပေါ့ပါးပါး ရှိရမယ်လို့ ဆိုတယ်။ အောင်ချိမ့်ရဲ့ မကြာခင်က ထုတ်ဝေခဲ့တဲ့ ပြဇာတ်မင်းသား ကဗျာစာအုပ် အမှာစာမှာလည်း (ကျွန်တော့် ကဗျာဖတ်တဲ့အခါ၊ ကဗျာဖတ်သူများ ပေါ့ပါးလွယ်ကူပါစေ)လို့ လေးလေးနက်နက် ဆန္ဒပြုထားတာ တွေ့ရတယ်။ ကဗျာကို လွယ်အောင် ရေးရတာခက်ပြီး၊ ခက်အောင် ရေးရတာ လွယ်တော့၊ ကဗျာရေတဲ့သူတော်တော်များများဟာ အဲဒါကိုပဲ ခံတွင်းတွေ့နေကြဟန် တူပါတယ်။
၂။ ဝေါဟာရဖက်ရှင်ရှိုး မဟုတ်ဘူး။
(စကားလုံးနွံထဲ နစ်နေကြတယ်) လို့ ပြောခဲ့တာလည်း ဒီသဘောပဲ။ ကဗျာတစ်ပုဒ်မှာ အသုံးပြုထားတဲ့ စကားလုံးဆိုတာ၊ အဲဒီကဗျာရဲ့ ရည်ရွယ်ရင်းပန်းတိုင်ကို ပို့ဆောင်ပေးမယ့် ယာဉ်ပဲ.. ။ ဒါကြောင့် စကားလုံးတိုင်းကို သုံးရင်း အဓိကထားရမှာက ဘယ်လောက် ခရီးတွင်မလဲဆိုတဲ့ အချက်ပဲ။ လိုရာမရောက်တဲ့ စကားလုံးဟာ ကဗျာတန်ဖိုးကို ယုတ်လျော့စေတဲ့ အနှစ်သာရမဲ့ ဖောင်းပွဲမှုပဲ ဖြစ်တယ်။ အဲဒါနဲ့ ပတ်သတ်လို့ ဒေါင်းနွယ်ဆွေက ပန်းပေါင်းစုံကို ဝေနေအောင်ပန်ထားတဲ့ အရူးမရဲ့ ခေါင်းနဲ့ ဥပမာပေးဖူးတယ်။ အဲဒီခေါင်းက ထွက်လာတဲ့ (အရူးမပါးစပ်) စကားလုံးတွေကတော့၊ ကပေါက်တိ ကပေါက်ချာ ချည့်နဲ့နဲ့။ ကဗျာဆိုတာ ကန့်သတ်ထားတဲ့ အချိန်အတွင်း၊ ကန့်သတ်ထားတဲ့ ပမာဏအတွင်း၊ ကန့်သတ်ထားတဲ့ စကားလုံးတွေကို အသုံးပြုထားတဲ့၊ တိကျတဲ့ ဝေါဟာရအစုအဝေးပါပဲ။
၃။ နက်ရှိုင်းရမယ်။
(အနှစ်မပါဘဲ အဆန်ချောင်နေတာတွေ့ရတယ်)
ဒုတိယအချက်နဲ့လည်း ပတ်သတ်တယ်။ စကားလုံးတွေနဲ့ ဟန်ရေးပြ၊ ဖြဲခြောက်ထားတဲ့ ကဗျာအတော်များများ တွေ့ရတယ်။ အတွင်းနှိုက် ရှာဖွေလိုက်တော့၊ လေးလေးနက်နက် ဆိုလိုချင်တာ မတွေ့ရဘူး။ ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ.. အဲဒီကဗျာဆရာက လောကကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာ တည်မှီနေတာ အမှန်ပါပဲ။ ကဗျာတွေဟာ အပေါ်ယံ ပုဂ္ဂလိကဝေဒနာလောက်ကို ဇာချဲ့ပြီး ပေါလောမျောနေတာ တွေ့ရတယ်။ အဲဒီဝေဒနာကို အရင်ခံပြီး လောကအမြင်တစ်ခု အဆင့်ရောက်အောင် တွန်းတင်နိုင်တာ မတွေ့ရဘူး။ ခံစားမှု (ဝေဒနာ)ကို အခြေခံတဲ့ “ထုတ်ယူဆင်ခြင် ယုတ္တိဗေဒ” သဘော လက္ခဏာကို အဆင့်မြင့်ကဗျာတစ်ချို့မှာ ရှာတွေ့နိုင်ပါတယ်။
၎။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။
(ဖန်တီးမှု မဟုတ်ဘဲ၊ ဝိုးတိုးဝါးတား ဖြစ်နေတာတွေ့ရတယ်)
အနုပညာရပ်တိုင်းမှာ မရှိမဖြစ်တဲ့ အကြည်ဓါတ် (Purity)ကို ပြောလိုက်တာပဲ။ အဲဒါဟာ အနုပညာရဲ့ အတွင်းအနှစ်လည်း ဖြစ်တယ်။ ရေဆေး အကြည်ကားတစ်ချပ်ကို တိုးလျှိုပေါက် (အလင်းပေါက်) Transparent ဖြစ်နေသလိုပေါ့။ ခေတ်ပေါ်ကဗျာမှာ ဝိုးတဝါးအောင် တမင်လုပ်ယူရတာမျိုး ရှိပေမဲ့၊ အဲဒါက အကြည်ဓါတ် မပျက်ရဘူး။ ဖန်တီးတာ မဟုတ်ဘဲ၊ တစ်နည်းအားဖြင့် မရည်ရွယ်ဘဲ ဝိုးတဝါး ရှုပ်ထွေးနေတာမျိုးနဲ့ ကွဲပြားသိသာတယ်။
၅။ ရိုးသားရမယ်
(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်)
ကဗျာဆရာဟာ ကဗျာမရေးခင်ရော၊ ရေးနေခိုက်မှာပါ ရိုးသားတဲ့ စိတ်ရှိထားဖို့ လိုအပ်ပါတယ်။ မရေးခင်ကတည်းက လူအထင်ကြီးစေချင်၊ လူတတ်ကြီးလုပ်ပြချင်စိတ်နဲ့ ဟန်ဒြပ်ထုတ်ဖို့ ရေးလိုက်တဲ့ ကဗျာဟာ၊ ဘယ်လိုမှ ကောင်းလာနိုင်စရာ မရှိပါဘူး။ ဒီစိတ်ဓါတ်က လူစည်စည် ပွဲဈေးတန်းမှာ ဗျောက်အိုးဖောက်တဲ့ ကလေးစိတ်လောက်ပဲ အဆင့်ရှိပါတယ်။ ကဗျာရေးနေတဲ့ အခိုက်မှာတော့ ပိုရိုးသားဖို့ လိုတယ်။ ကိုယ့်ကိုယ်ကို သစ္စာရှိဖို့ပေါ့။ အောင်ချိမ့်ရဲ့ ပြဇာတ်မင်းသား ကဗျာစာအုပ်ထဲက “ဓါတ်တိုင်”ဆိုတဲ့ ကဗျာကိုဖတ်ကြည့်ပါ။ အင်မတန် ရိုးပါတယ်။
(လူငယ်ကဗျာရေးသူတစ်ယောက်ကလည်း အဲဒီလိုပဲ အတိအလင်းပြောတယ်တဲ့) သူက အဲဒီလိုရိုးအောင်တော်တော်ကြိုးစားရတဲ့အကြောင်း ပြောတယ်။ သေသေချာချာ ခံစားဖတ်ရှုကြည့်ရင် ကဗျာကောင်းတစ်ပုဒ်ဆိုတာ ထင်ရှားလာပါလိမ့်မယ်။ အောင်ချိမ့်က သူ့ စာအုပ်အမှာစာမှာ (ခေတ်ပေါ်ကဗျာဟာ လှိုင်းလို ဆင့်ကာ ဆင့်ကာ၊ ဆင့်ပွား အဓိပ္ပါယ်များနဲ့)လို့ ရေးခဲ့တယ်။ ကဗျာဆရာ ဖော်ပြတဲ့ အရာဝထ္ထုတွေရဲ့နောက်က (တွဲဘက်အနက်) ရည်ရွယ်ရင်းကိစ္စကို ဖတ်သူကရအောင် ဖမ်းဆုပ်နိုင်ဖို့လိုတယ်။ အဲဒါ နိမိတ်ပုံ မဟုတ်ပါဘူး။
ဥပမာ သူ့ကဗျာတစ်ပုဒ်ထဲမှာ ပါတယ်။ အမေစိုက်ထားတဲ့ “ဗုဒ္ဓံသရဏံပန်းများ” ခြံရိုးမှာ လန်းဆန်းလျက်။
ချိမ့်ကြီး ငယ်ငယ်က နေခဲ့တဲ့အိမ်မှာ ခြံရိုးရှိမရှိ။ သူ့အမေကလည်း တကယ်ဗုဒ္ဓံသရဏံပန်းပင်တွေ စိုက် မစိုက်၊ ကျွန်တော် မသိ။ သိဖို့လည်း မလို၊ ကဗျာရေးသူ တကယ်သိစေချင်တာက (ကျွန်တော် သိတာကတော့) ခြံရိုးနဲ့ ဗုဒ္ဓံသရဏံပန်းများရဲ့ ဆင့်ပွား အဓိပ္ပါယ်ပဲ။
၆။ သစ်လွင်ရမယ်
(မဲပြာပုဆိုး မဖြစ်ရဘူး)
ကျွန်တော်တို့ဆီမှာ ကဗျာဆရာတစ်ယောက်ထဲကပဲ ဖြစ်ဖြစ်၊ သူနှစ်သက်စရာ စကားလုံးကို ကဗျာတိုင်းလိုလိုမှာ ဆီသည်မ လက်သုတ်ဖတ်ဖြစ်အောင် ထပ်ခါတလဲလဲ သုံးစွဲကြတာမျိုးရှိတယ်။ နောက်ကြိုက်တာ တစ်ခုတွေ့ရင် အပြန်အလှန် အချင်းချင်းလည်း ယူငင်သုံးစွဲကြတယ်။ အဲဒီ ဓလေ့ဟာ မကောင်းဘူး။
၇။ ဣနြေ္ဒရှိရမယ်
(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာ ကင်းမဲ့နေတယ်)
အခုခေတ်မှာ ဒါမျိုးရှားသွားပြီဆိုပေမယ့်၊ တချို့ရှိနေသေးတယ်။ တစ်ခါကတော့ ကဗျာကို ပြောင်ချော်ချော် နောက်တောက်တောက်သာ ရေးတတ်တဲ့ အုပ်စုရှိခဲ့ဖူးတယ်။ (ဟာသဂျာနယ် မဂ္ဂဇင်းများတွင် တွေ့ရလေ့ရှိတေသာ ဟာသကဗျာများနှင့် မသက်ဆိုင်ပါ)
၈။ ခွန်အားရှိရမယ်
(ပျော့ညံ့ချည့်နဲ့မနေဘူး။)
ခံစားမှုဝေဒနာသက်သက်သာ မဟုတ်ဘဲ၊ ကဗျာကို အထောက်အကူဖြစ်နိုင်တဲ့၊ အားကောင်းထက်မြက်တဲ့ အချက်အလက်တွေကို ကဗျာဆရာက စုစည်းထုတ်ဖော်တင်ပြနိုင်မှ ကဗျာဟာ ခွန်အားပြည့်ဝလာမယ်။ အဲဒီတွက် ကဗျာဆရာဟာ အရပ်ရပ်နယ်ပယ်နဲ့ဆိုင်တဲ့ အသိဥာဏ်ဗဟုသုတတွေ ကြွယ်ဝဖို့လိုတယ်။ တစ်စပ်တည်းမှာပဲ ကဗျာကို အချက်အလက်တွေ ဖုံးလွှမ်းလို့ သွေ့ခြောက်နိုင်တဲ့ အန္တရာယ်ကိုလည်း ဂရုထားရမယ်။
၉။ တီထွင်မှု ရှိရမယ်
(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး)
ကျွန်တော့်ရဲ့ ဆောင်းပါးကို ဝေဖန်တဲ့လူတွေက ဖတ်တဲ့သူ သိသာထင်ရှားအောင် ကဗျာဥပမာတွေ ထုတ်ပြသင့်တယ်ဆိုတဲ့ အချက်ကိုထောက်ကြတယ်။ အမှန်တော့ အဲဒီလို ထုတ်ပြဖို့က အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ကို အပြစ်ထုတ်ပြရင် သူသူကိုယ်ကိုယ် ကာယကံရှင်ကတော့ အမြင်ကြည်လင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆူးလှည်းကြီး မဖြစ်ချင်ဘူး။ အခု ဒီဆောင်းပါးမှာချိမ့်ကြီး ကဗျာတစ်ချိုကို ထုတ်ပြရတာ၊ သူနဲ့ ကျွန်တော်က အကောင်းပြောပြော မကောင်းပြောပြော ပြဿနာမရှိဘူး။ ပြီးတော့ “ပြဇာတ် မင်းသား” က ပူပူနွေးနွေး ကဗျာစာအုပ်၊ အလွယ်တကူ လက်လှမ်းတမီလည်း ရှိနေတာမို့ ထည့်ပြောနေတာပါပဲ။ ဒီတစ်ခါတော့ စတန့်နဲ့ တီထွင်မှု ကွဲပြားအောင်ပြဖို့ ထင်ရှားတဲ့ ကဗျာတစ်ပုဒ်ကို ဥပမာထုတ်ပြချင်တယ်။ အဲဒါဟာ အောင်ဝေးရဲ့ “ဒိုင်ယာရီ”ဆိုတဲ့ ကဗျာပါပဲ။ ဒီကဗျာဟာ တီထွင်မှု မဟုတ်ပါဘူး။ စတန့်သက်သက်ပါပဲ။ ကျွန်တော် ဒီလိုပြောရဲတာက (အမှတ်မမှားရင်) ဒီကိစ္စကို သူကိုယ်တိုင်လည်း စာနဲ့ပေနဲ့ ဝန်ခံဖူးတယ် ထင်တယ်။ ပြီးတော့ သူဟာ အင်မတန်အရေထူတဲ့သူမို့ ထုတ်ပြလိုက်ရတာပါ။ ဒီကဗျာကတော့ ပြန်ရွတ်ပြဖို့ မလိုလောက်အောင်ကို ပြဿနာဖြစ်ခဲ့တဲ့ ကဗျာမို့ ပြောလိုက်တာလည်း ပါတယ်။
၁၀။ ကိုယ်ပိုင်ဟန် ရှိရမယ်၊ ဆန်ရဲရမယ်
(နာမည်ကြီးတဲ့နောက်၊ ရေစီးကြောင်းနောက် မျှောလိုက်နေကြတယ်။)
ဘယ်အနုပညာသမားမဆို ကိုယ်ပိုင်ဟန်တော့ ရှိဖို့လိုပါတယ်။ ဒါလီ နဲ့ ပီကာဆို ကွဲသလိုပေါ့။ မောင်ချောနွယ် ကဗျာတွေဟာ ကဗျာအဖတ်နာသူအတွက် အောက်က ကလောင်နာမည်ကို မကြည့်ဘဲနဲ့တောင် မောင်ချောနွယ် ရေးတယ်ဆိုတာ သိသာနိုင်သလိုပေါ့။ ဒါပေမယ့် ကဗျာရေးသူတော်တော်များများက သူလိုလိုက်ရေးတာတော့ မကောင်းဘူး။ မောင်ချောနွယ်ယိမ်း ကသလို ဖြစ်နေတယ်။ အောင်ချိမ့်လို တချို့က လိုက်ရေးကြတယ်။ ရေစီးကြောင်းနောက် မျှောလိုက်တယ်ဆိုတာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ငါးပွက်ရာ ငါးစာချတဲ့ ဝသီလိုပေါ့။ ဗီဒီယိုဈေးကွက်ကောင်းရင် ဗီဒီယိုဝိုင်းရိုက်ကြတယ်။ မြေဈေးကွက်၊ ကာဈေးကွက်ကောင်းတယ်ဆိုရင် အားလုံး၊ မြေ၊ ကား ရောင်းဝယ်လုပ်ကိုင်ကြရော။ ရေစီးကြောင်းကို ဆန်ပြီး ကိုယ့်မူကိုယ့်ဟန်ကို ထူးထောင်နိုင်မှ ထာဝရရှင်သန်သူဖြစ်တယ်။
၁၁။ အပြည့်အဝ လွတ်လပ်မှုရှိရမယ်
(ကဗျာနဲ့ ပတ်သတ်ပြီး ငွေကြေး မျှော်လင့်ချက်ထားသူ အင်မတန် နည်းပေမယ့်၊ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ် ငြိတွယ်နေတတ်ကြတယ်)လို့ ပြောခဲ့တော့ အတော်အသင့် ပြည့်စုံမယ် ထင်ပါတယ်။
၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်
ကဗျာကောင်းတစ်ပုဒ်ရဲ့ ဖြစ်တည်မှုမှာ ပါဝင်လေ့ရှိတဲ့ ဂုဏ်ရည်ပါပဲ။ တခြားကိစ္စတွေမှာလို ကဗျာမှ အောက်လမ်းနည်းသုံးရင် ရေရှည်မခံပါဘူး။
၁၃။ ကာလနဲ့ ဒေသ သဘောဟာ ကင်းလွတ်နေရမယ်
ဘယ်ခေတ် ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို၊ ပထဝီအပိုင်းအခြား၊ ကာလအပိုင်းအခြားကို ကျော်လွှားပြီး၊ ကဗျာကောင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ခိုင်မာနေတတ်ပါတယ်။ မြန်မာကဗျာတစ်ပုဒ်ကို အာရှ၊ အာဖရိကကပဲ ဖတ်ဖတ်၊ ဥရောပကပဲ ဖတ်ဖတ် အရသာရှိနေနိုင်တာမျိုးပေါ့။ စံတော်ဝင် အနုပညာ (Classic) ဖြစ်တယ်ဆိုရမယ်။
ပြောစရာတွေ အများကြီးရှိတယ်။ အရှည်ကြီး ပြောရမယ်။ အခုတော့ ထိုက်သင့်သလောက်ပဲ အကျဉ်းချုပ်ပြောခဲ့ပါတယ်။ ထိုက်သင့်သလောက် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သစ္စာနီ 
(မော်ဒန်ရှင်းတမ်း နှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု)