(၁)
၂၀၀၆
ခုနှစ် မတ်လထုတ် ‘ပိတောက်ပွင့်သစ်’ မဂ္ဂဇင်းမှာ အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု
(၂၀၀၅) အကြောင်း စာပေသတင်းတပုဒ်ကို ဖတ်ရပါတယ်။ ဒီဆုဟာ ပျဉ်းမနားမြို့က
ကဗျာဆရာကြီး မောင်သင်းခိုင်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ်
ရွေးချယ်ချီးမြှင့်တဲ့ဆု ဖြစ်တယ်လို့လည်း သိရပါတယ်။ ဆုပေးပွဲကို ၂၀၀၆
ခုနှစ် မတ်လ ၂၁ ရက် ကမ္ဘာ့ကဗျာနေ့မှာ ကျင်းပမယ်လို့လည်း ပါရှိပါတယ်။ဒီသတင်းကိုဖတ်ရတော့ ကဗျာချစ်တဲ့ ကျနော်တို့အားလုံး ၀မ်းသာမိတာပေါ့။ ဗမာပြည်မှာ ကဗျာတွေ ဖူးပွင့်ခြင်းဟာ မင်္ဂလာတပါးဆိုတာ ဘယ်သူငြင်းနိုင်မှာလဲ။ ကဗျာဆုချီးမြှင့်ဖို့ စိတ်ကူးရှိခဲ့ကြသူတွေ ကဗျာဆုရရှိတဲ့ ကဗျာဆရာတွေအပေါ် မုဒိတာမပွားပဲ အနေနိုင်ပါဘူး။ ကျနော်တို့အားလုံး အလေးအနက်ထားပြီး ဂုဏ်ယူရမှာပါ။
သတင်းခေါင်းစဉ်ကို တွေ့ကတည်းက သတင်းပထမပိုင်း စာကြောင်းတွေကို ဖတ်နေရင်းက ဘယ်ကဗျာကိုများ ရွေးချယ်ထားပါလိမ့်ဆိုတဲ့စိတ်နဲ့ ကျနော့်မှာ တော်တော့ကို စိတ်လှုပ်ရှားမိပါတယ်။ ‘အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု (၂၀၀၅)’ အတွက် ဆုပေးဖို့ ရွေးချယ်ထားတယ်ဆိုတဲ့ကဗျာကို ကျနော်တွေ့ပါပြီ။ ၂၀၀၅ ခု ဒီဇင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းမှာပါရှိတဲ့ ‘ကြည်မောင်သန်း’ ရဲ့ “တောင်အမေရိကကိုသွားချင်တယ်” ဆိုတဲ့ ကဗျာပါ။ ဆုပေးဖို့ ရွေးချယ်ထားတဲ့ ကဗျာခေါင်းစဉ်ကိုတွေ့တော့ သတင်းခေါင်းစဉ်နဲ့ သတင်းပထမပိုင်း စာကြောင်းတွေကို ဖတ်စဉ်တုန်းက ရွှင်လန်းတက်ကြွနေတဲ့ ကျနော့်စိတ်ဟာ တ၀က်လောက် လျော့ကျသွားရပါတယ်။ ဘယ်လိုလဲ … ဒီကဗျာကိုများ ဘာပြုလို့ ဆုပေးရတာလဲ ဆိုတဲ့စိတ်က သတင်းတပုဒ်လုံးဆုံးတဲ့အထိ ဆက်မဖတ်နိုင်အောင်ဖြစ်ရပါတယ်။
“တောင်အမေရိကကိုသွားချင်တယ်” ကဗျာကို လွန်ခဲ့တဲ့ ၂ လကတည်းက ‘ရနံ့သစ်’ မဂ္ဂဇင်းမှာ ကျနော်ဖတ်ခဲ့ပြီးပါပြီ။ ခေါင်းစဉ်ကို ဖတ်လိုက်ကတည်းက ဒီကဗျာဟာ ဆရာ ‘မောင်သာနိုး’ မောင်သိင်္ဂါအမည်နဲ့ရေးခဲ့တဲ့ ‘မလင်းပြာသို့ …’ ကဗျာထဲက စာကြောင်းတချို့နဲ့ ခပ်ဆင်ဆင်တူနေသလားဆိုတဲ့ အသိရခဲ့ပါတယ်။ ဒီအသိဟာ ကျနော်ထင်တယ်၊ ကျနော်တယောက်တည်း ရနိုင်တဲ့အသိမဟုတ်ပါဘူး။ ဆရာမောင်သာနိုးရဲ့ နိုင်ငံကျော် ကဗျာတပုဒ်ဖြစ်တဲ့ ‘မလင်းပြာသို့ …’ ကဗျာကိုဖတ်ဖူးတဲ့ ဘယ်ကဗျာချစ်သူမဆို ချက်ချင်းတွေးမိနိုင်တဲ့အသိပါ။
ဆရာမောင်သာနိုးရဲ့ ‘မလင်းပြာသို့ …’ ကဗျာဆိုတာ သာမန်ကဗျာတပုဒ်မဟုတ်ပါဘူး။ ၁၉၆၃ ခုနှစ် အတွင်းတုန်းက ‘လူထုသတင်းစာ’ မှာ မောင်သိင်္ဂါကလောင်အမည်နဲ့ ပါခဲ့ပြီး မြန်မာခေတ်ပေါ်ကဗျာရဲ့ ခေတ်ဦးကဗျာတပုဒ်အဖြစ် ထင်ရှားခဲ့တဲ့ကဗျာပါ။ အတတ်ပညာနဲ့ အကြောင်းအရာ ၂ ခုစလုံး ခေတ်ပေါ်ကဗျာရဲ့ အင်္ဂါရပ်နဲ့ ကိုက်ညီတဲ့ကဗျာအဖြစ် ခေတ်ပေါ်ကဗျာသမားတိုင်း ‘လက်စွဲ’ ထားရတဲ့ ကဗျာတပုဒ်ပါ။ ‘မလင်းပြာသို့’ ကဗျာပေါ်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီ။
ဒီနေရာမှာ သေချာသထက်သေချာအောင် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာပါတဲ့ ကဗျာဆုပေးပွဲသတင်းကို ပြန်ဖတ်ရပြန်ပါတယ်။ ဒီအခါမှာလည်း ကျနော့်စိတ်မှာ စိတ်မသက်မသာဖြစ်ရပြန်ပါတယ်။ ကျနော်က ဒီကဗျာဆုကို ‘အလယ်ရိုးမ ကဗျာဆု (၂၀၀၅)’ ဖြစ်ပါစေဆိုပြီး ‘ခေတ်ပေါ်’ ဆိုတဲ့ စကားလုံး မပါပါစေနဲ့လို့ ဆုတောင်းပြီးမှ အဲ့ဒီသတင်းကို ပြန်ဖတ်ခဲ့တာပါ။ တကယ်လို့ ‘အလယ်ရိုးမ ကဗျာဆု (၂၀၀၅)’ လို့ ဆိုလိုရင် ဒီဆောင်းပါးကို ကျနော်ရေးဖို့လိုမှာ မဟုတ်ပါဘူး။ အခုတော့ ‘ခေတ်ပေါ်’ ဆိုတဲ့ စကားလုံးကို ကျနော် အသေအချာတွေ့ရလို့ ဒီကဗျာကိုမှ ဘာပြုလို့ ခေတ်ပေါ်ကဗျာဆုပေးရတာလဲဆိုတဲ့ မေးခွန်းကို မေးရမလို ဖြစ်လာရပါတယ်။
ခေတ်ပေါ်ကဗျာနဲ့ ပတ်သက်ပြီး ‘ခေတ်ပေါ်ကဗျာဋီကာ’ တွေကို ဆရာမောင်သင်းခိုင်အပါအ၀င် ကဗျာဆရာ တော်တော်များများ ရေးခဲ့၊ ဆွေးနွေးခဲ့ သတ်မှတ်ခဲ့ပြီးကြပါပြီ။ ကျနော်လည်း လက်လှမ်းမီသမျှ ဖတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် အဲ့ဒီဆွေးနွေးချက် ရေးသားချက်၊ သတ်မှတ်ချက်တွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ပေါ်ခဲ့ဖူးတဲ့ကဗျာနဲ့ ခပ်ဆင်ဆင်တူတဲ့ ကဗျာတပုဒ်ကို ဒီကနေ့ခေတ် ကဗျာဆရာတယောက်က ရေးမယ်ဖွဲ့မယ်ဆိုရင် အဲ့ဒီကဗျာမျိုးကို ခေတ်ပေါ်ကဗျာတပုဒ်အဖြစ် သတ်မှတ်လို့ရတယ်ဆိုတဲ့ သဘောအရိပ်အယောင်မျှ မတွေ့ရပါဘူး။ ဒီနေရာမှာ ခပ်နည်းနည်းလျှော့ပြီး ပြောကြည့်ရင် အဲ့ဒီ ‘တောင်အမေရိကကိုသွားချင်တယ်’ ကဗျာကို ခေတ်ပြိုင်ခံစားမှုကို ဖော်ကျူးတဲ့ ကဗျာတပုဒ်မို့ ခေတ်ပေါ်ကဗျာတပုဒ်အဖြစ် ယူဆလို့ရကောင်းသည်ပဲထား (၂၀၀၅) ခုနှစ်အတွင်းမှာ သည့်ထက်ခေတ်ပေါ်အဖြစ်ဆုံးကဗျာ တကယ်ပဲ မရှိတော့ဘူးတဲ့လား။ ဒါမှမဟုတ် လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) ကျော်ကတည်းက ပေါ်ခဲ့ဖူးတဲ့ ‘မလင်းပြာသို့ …’ ကဗျာကို ဂုဏ်ပြုတဲ့အနေနဲ့ ‘တောင်အမေရိကကိုသွားချင်တယ်’ ကဗျာကို ကဗျာဆုပေးဖို့ ဆုံးဖြတ်ခဲ့တာလား။ ဒါမှမဟုတ် စာဖတ်သူတွေ ကဗျာချစ်သူတွေ မသိနိုင်တဲ့ တခြားကြောင်းကျိုးဆက်စပ်မှုကိစ္စတွေ နောက်ပိုင်းမှာရှိနေသလား။
ဘယ်လိုပဲဖြစ်ဖြစ် ‘အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု (၂၀၀၅)’ အတွက် ဆုပေးဖို့ရွေးချယ်ခံရတဲ့ ကဗျာကိစ္စ၊ တခြားစာဖတ်သူများ၊ ကဗျာချစ်သူများ စဉ်းစားချင့်ချိန်နိုင်ဖို့အတွက် ဟိုး နှစ်ပေါင်း (၄၀) ကျော်က ပေါ်ခဲ့တဲ့ ဆရာမောင်သာနိုးရဲ့ ‘မလင်းပြာသို့ …’ ကဗျာနဲ့၊ ဒီကနေ့ ‘အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု (၂၀၀၅)’ ရတဲ့ ‘တောင်အမေရိကကိုသွားချင်တယ်’ ကဗျာ နှစ်ပုဒ်စလုံး ဖော်ပြလိုက်ပါတယ်။ ဒီနေရာမှာ စာလေးနေမှာစိုးလို့ ‘မလင်းပြာသို့ …’ ကဗျာထဲက လိုအပ်တဲ့ ကဗျာပိုဒ်တွေကိုပဲ ဖော်ပြပေးလိုက်ပါတယ်။
‘မလင်းပြာသို့ …’
မလင်းပြာ …
မလင်းပြာ ...ငါ ဗီယက်နမ်ကိုသွားရမယ်။ အဲဒီမှာ ... ရွှံ့ရည်ညစ်ညစ် သလုံးသားနစ်တဲ့ လယ်တရိုးမှာ ပျိုးနှုတ်နေသူလုံမရဲ့ ကျောက ရိုင်ဖယ်ကိုယူ ကျူးလာသူ လေယာဉ်မှန်သမျှ ငါ စောင့်ပစ်ပေးရမယ်။ ငါ ရိုဒီးရှားကိုသွားရမယ်။ အဲဒီမှာ ... လူဖြူ လက်ဆုပ်စာက ငါတကော မင်းလုပ် ပြည်သူကို ချယ်လှယ်သွေးစုပ်ပြီး ကျွန်လုပ်ညှဉ်းဆဲနေကြရာ ရရာလက်နက်ကို ကိုင်စွဲ ပြည်သူတွေ တော်လှန်စစ်ကိုဆင်နွှဲနေကြရာ အသားမဲတွေဖက်က ငါ ၀င်ကူတိုက်ပေးမယ်။ မလင်းပြာ ... မိုဇမ်ဗစ် အန်ဂိုးလာ ဇန်ဘာဗွေ ကွန်ဂိုး အာဖရိက တရိုးမယ် နိုးကြား လက်နက်စွဲ တိုက်ပွဲဝင်နေသူ လူမဲတွေရဲ့ ခြိမ့်ခြိမ့်သဲ စစ်ဗုံးသံ ဘ၀ဂ်သို့ ညံနေရာ ငါ စစ်ချီတေးတွေ သွားဆိုမယ်။ |
မလင်းပြာ ...
မလင်းပြာ ...ငါ လက်တင်အမေရိကကို သွားရမယ်။ အဲဒီမှာ ဗင်နီဇွေးလား ကင်ယွန် ရေတံခွန် ရှိုအကြား ပြောက်ကျားစခန်းတခုကနေ လှုပ်ရှားမှုရေးရာများနဲ့ပတ်သက်လို့ ရဲဘော် ‘ချေ’ ဂွေဗားရားရဲ့ ညွှန်ကြားချက်တစောင်ကို တောင်တွေဖြတ်သန်း မြိုင်တန်းတွေရှိုးဝင် လွင်ပြင်မှာ ၀ပ်တွား ပြေးလွှားပို့ပေးမယ့် တော်လှန်ရေးဆက်သားတွေ လိုနေသတဲ့ကွယ်။ ငါနယူးယောက်ကိုသွားရမယ်။ အဲဒီမှာ ‘ဗီယက်နမ် စစ်ညစ် ရပ်စဲပစ်’ တို့လူငယ်တွေမသေချင်ဘူး ရင့်ကျူး ဟစ်ဆို ‘အင်ပါယာ’ အဆောက်အဦးကြီးပြိုမတတ် ဖြိုမရ ခွဲမရ ဆန္ဒပြတပ်ကြီးတွေ ဒီရေလှိုင်းအိ တတိတိ ချီတက်နေရာ ငါ ပိုစတာတခုဆွဲပြီး လိုက်အုံးမယ်။ (မောင်သိင်္ဂါ) |
‘တောင်အမေရိကသွားချင်တယ်’
| စပိန်စကားမတတ်ပေမယ့် ပေါ်တူဂီစကားမတတ်ပေမယ့် တောင်အမေရိကကိုသွားချင်တယ် ... အောက်တိုဗီယိုပါ့ဇ်ရဲ့ ကဗျာတွေ အက်ဆေးတွေကို သဘောကျလို့ ကာလို့စ်ဆန်တားနားရဲ့ ဂစ်တာသံကို သဘောကျလို့ ... စပိန်စကားမတတ်ပေမယ့် ပေါ်တူဂီစကားမတတ်ပေမယ့် တောင်အမေရိကကိုသွားချင်တယ် ... ချေဂွေဗားရား ကျဆုံးခဲ့တဲ့ ဘိုလီးဗီးယားတောတွင်းတနေရာကို သွားကြည့်ချင်တယ် မက္ကဆီကို စီးတီးက ကဖေးတခုမှာ ဂါစီယာမားကွက်ဇ်နဲ့ အထီးကျန်နှစ်တစ်ရာအကြောင်း မေးကြည့်ချင်တယ် ဗြူနိုအေရီမှာ မာရာဒိုနာနဲ့တွေ့ပြီး လာမယ့် ကမ္ဘာ့ဖလားအကြောင်း စကားကောင်းမယ် ... မက်ဒရစ်ရောက်ရင် နီရူဒါနေခဲ့တဲ့အိမ်ကို လိုက်ရှာမယ် ပြီးတော့ ... သူ့ရဲ့ကဗျာတွေပြန်ဖတ်မယ် ဗင်နီဇွဲလားက ရေနံတွင်းအလုပ်သမားတွေနဲ့ ဗျစ်ရည်ခါးခါးကို အတူသောက်မယ် ... ရီယိုမြို့က ကပွဲရုံတွေမှာ ကချေသည်မတွေရဲ့ ဆမ်းဗားအက ကြည့်မယ် ... |
ပီရူးရွှေတွင်းက အလုပ်သမား ကဗျာဆရာတွေနဲ့ ဂလိုဗယ်လိုက်ဇေးရှင်းအကြောင်းဆွေးနွေးချင်တယ် ရီယိုဒီဂျနေရိုက မူလတန်းကျောင်းတွေမှာ ဘရာဇီးကလေးတွေ ဘောလုံးကစားတာသွားကြည့်မယ် ဟာဗားနားမှာ ဟာဗားနားဆေးပြင်းလိပ်ကိုခဲပြီး ဂလိုရီယာအိစ်ဖန်းရဲ့ သီချင်းတွေနားထောင်မယ် ... စပိန်စကားမတတ်ပေမယ့် ပေါ်တူဂီစကားမတတ်ပေမယ့် တောင်အမေရိကကိုသွားချင်တယ် ... ကိုလံဘီယာရောက်ရင် မာဖီးယားတွေကို သေသွားတဲ့ သူငယ်ချင်းဆေးသမားတွေအကြောင်းပြောပြမယ် စပိန်စကားမတတ်ပေမယ့် ပေါ်တူဂီစကားမတတ်ပေမယ့် တောင်အမေရိကကိုသွားချင်တယ် ... ဂျနီဖာလိုပက်ဇ်ရေ ... ငါ့ကိုလေယာဉ်လက်မှတ် မြန်မြန်ဝယ်ပို့လိုက်ပါတော့။ (ကြည်မောင်သန်း) |
(၂)
ဒီဆောင်းပါးဟာ
အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု (၂၀၀၅) အတွက် ရွေးချယ်ခံရတဲ့ ကဗျာဆရာ
‘ကြည်မောင်သန်း’ ကို ထိခိုက်လိုရင်း မရှိကြောင်း လေးစားစွာ
ပြောဆိုအပ်ပါတယ်။ ကျနော်ရဲ့ ရည်ရွယ်ရင်းက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)
ကျော်ကပေါ်ခဲ့တဲ့ ခေတ်ပေါ်ကဗျာတပုဒ်နဲ့ ခပ်ဆင်ဆင်တူတဲ့ ကဗျာကိုမှ
ဒီကနေ့ခေတ်၊ ခေတ်ပေါ်ကဗျာဆုအဖြစ် ဘာပြုလို့ ရွေးချယ်ခဲ့တာလဲဆိုတဲ့
ပြဿနာကိုသာ အဖြေရှာကြည့်ဖို့ ကြိုးစားခြင်းသာဖြစ်ကြောင်း ၀န်ခံအပ်ပါတယ်။
။
မောင်သစ်ဦး
No comments:
Post a Comment