Wednesday, 14 October 2015
ကဗျာကို ဘာသာပြန်တဲ့ကိစ္စ
    ကဗျာကို ဘာသာပြန်ဖို့
    ကဗျာနောက်က ကဗျာ
    The Poem behind the poem ကို
    သိဖို့လိုလိမ့်မယ်
(အမှာ။ အလျင်က မဂ္ဂဇင်းတချို့မှာ ကဗျာကိုဘာသာပြန်တဲ့ကိစ္စဆိုပြီး ရေးခဲ့ဖူးပါတယ်။
အကြောင်းအရာက မျိုးတူစုတစ်ခုတည်းအောက်မှာဖြစ်နေလို့ ဒီနာမည်ပဲ ထပ်ပေးလိုက်ရပါတယ်။)
ကဗျာကိုဘာသာပြန်တဲ့အလုပ်ကို စနစ်တကျ ဦးဆောင်ဦးရွက်ပြုလုပ်နေတဲ့ ပညာရှင်တွေရှိပါတယ်။
ဒီပညာရှင်တွေရဲ့ အယူအဆကို အထိုက်အလျောက်ထည့်ပြီး စဉ်းစားကြည့်ကြစေချင်ပါတယ်။
ဒီလို စဉ်းစားကြည့်ဖို့လိုရတာက ကဗျာကိုဘာသာပြန်တာပဲ ဘာခက်တာမှတ်လို့၊ အဘိဓာန်တစ်အုပ်နဲ့
အပျင်းပြေဘာသာပြန်လို့ဖြစ်တယ်လို့ ထင်ထားတဲ့လူတွေ ယုံမှတ်မှားသလောက် မလွယ်ဘူးဆိုတာကလေး
ပေါ်လွင်စေချင်လို့ပါ။ ရန်ကုန်ရောက်တုန်းက လူငယ်ကဗျာရေးသမားတစ်ယောက်က ပြောပြတယ်။
အင်္ဂလိပ်စာသင်သူတစ်ယောက်က အင်္ဂလိပ်ကဗျာတွေကို စာလုံးတစ်လုံးချင်းအနက်ဖော်, ပြန်စီ၊ Paraphrase လုပ်ပြီး
အနက်ဖော်ရတယ်လို့ ရေးဖူးသတဲ့။ ဘယ်သူရေးတယ်ဆိုတာကတော့ သူလည်း မမှတ်မိတော့လို့ အသေအချာ မသိလိုက်ရဘူး။
အင်္ဂလိပ်စာ ရေးတတ်ဖတ်တတ်အောင် သင်တဲ့နေရာမှာ Paraphrase ဟာ သိဖို့လိုအပ်ပါတယ်။
ဒါပေတဲ့ ကဗျာလို အရေးအသားတစ်ရပ်နဲ့တည်ဆောက်ထားတဲ့ စာပေပစ္စည်းတစ်မျိုးမျိုးမှာ ကနဦး/အရင်းခံ ရေးသားထားပုံကို
ကိုယ်လိုသလိုပြန်တည်ဆောက်ပြီး အနက်ဖော်ခိုင်းတာကတော့ အန္တရာယ်များရုံတင်မကဘူး စော်ကားသလိုတောင်ဖြစ်နေမယ်။
ဒါကြောင့်လည်း စာပေအနုပညာလက်ရာတွေအပေါ်မှာ Paraphrasing is dangerous and sometimes quite offended လို့ ဆိုကြတာ။
ဘာန်းစတုံး Tony Barnstone ဆိုတဲ့ ပညာရှင်တစ်ယောက်ရဲ့အမြင်ကို အရင်တင်ပြချင်ပါတယ်။
ဘာန်းစတုံးဟာ တက္ကသိုလ်ပညာရှင်တစ်ဦးဖြစ်ရုံတင်မကဘူး၊ တရုတ်ကဗျာအတော်များများကို ဘာသာပြန်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။
တရုတ်ကဗျာကို အင်္ဂလိပ်လိုဘာသာပြန်တာနဲ့ပတ်သက်လို့ သူပေးတဲ့နမူနာဟာ အတော့်ကို သဘောကျစရာကောင်းပါတယ်။
သူက ခိုးလာတဲ့ကားတစ်စီးကို တစ်စစီဖြုတ်ပြီး ပြန်ဆင်တယ်။ အပြင်ဘက်ကို အမေရိကန်ဆေးသုတ်လိုက်တယ်။
အင်္ဂလိပ်လို အရောင်တင်တယ်။ အင်ဂျင်ကတော့ တရုတ်အင်ဂျင်ပဲ။ ကားဘီးလိမ့်စေတာကတော့ဖြင့် တရုတ်အင်ဂျင်ပဲလို့ သူက နမူနာပေးတယ်။
ဆိုလိုတာကတော့ တရုတ်ရဲ့ အရင်းခံသဘောကတော့ ရှိနေရဦးမယ်ဆိုတာပဲ။ ဒီတော့ ဘာန်းစတုံးအလိုအရ ကဗျာကိုဘာသာပြန်ဖို့
ကဗျာနောက်က ကဗျာ The Poem behind the poem ကို သိဖို့လိုလိမ့်မယ်လို့ ဆိုရလိမ့်မယ်။ ဆိုလိုတာကတော့
အဲဒီကဗျာက ဘာကိုပေးသလဲ၊ ဘာကိုဆိုလိုသလဲ ဆိုတာပဲ။ ဒီနေရာမှာ “ဘာကိုပေးသလဲ” ဆိုတာက မြန်မာကဗျာဆရာတချို့
ပြောလေ့ရှိတဲ့ မက်ဆေ့(ဂျ) Message ကို ဆိုလိုတာ မဟုတ်ပါဘူး။ (တကယ်တော့ မက်ဆေ့(ဂျ)ဆိုတာက အရေးအသားတစ်ခုထဲက
ပဓာနကျတဲ့အကြောင်း စိတ်ကူးသက်သက်ပဲ။ မြန်မာကဗျာရေးတဲ့လူတချို့က ဘာစိတ်ကူး ဘယ်လိုအနက်မျိုးနဲ့ မက်ဆေ့(ဂျ)ကိုသုံးရင်း
တက်ထောင်မောင်းနင်းပြောနေကြမှန်းတော့ မသိဘူး။) အင်္ဂလိပ်လိုဆိုရရင်တော့ ပညာရှင် ရစ်ချာဒ် I.A. Richards ပြောတဲ့ Four meanings ဆိုတဲ့ သဘောပဲ။
ရစ်ချာဒ်က ၁၉၂၉ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ လက်တွေ့ဝေဖန်ရေး Practical Criticism လို့ နာမည်ပေးထားတဲ့စာအုပ်မှာ ကဗျာတစ်ပုဒ်ထဲက
အဓိပ္ပာယ်လေးမျိုးအကြောင်း ရှင်းပြခဲ့ဖူးပါတယ်။ အင်္ဂလိပ်လိုပဲ ရေးပြပါရစေ…
The sense what is actually said; Feeling- the writer’s emotional attitude towards it; Tone- the writer’s attitude towards his reader;
Intention- the writer’s purpose, the effect he is aiming at ဆိုတာပဲ။ ပြောမယ်ဆိုရင်တော့ Metapoem လို့ ထပ်ပြောနိုင်တယ်။
Metapoem ကို၊ ကြည့်နေပေတဲ့ မတွေ့ဘဲဖြစ်တတ်တယ်။ မြင်ဖို့လိုတယ်။ တစ်ခါတလေ ကြိုးစားအားထုတ်ပြီး ရှာပေတဲ့ မတွေ့ဘဲ ဖြစ်နေတတ်တယ်။
မရှာတော့ဘဲ တခြားတစ်ခုခု လုပ်ကိုင်နေတုန်း ကဗျာရဲ့ဆိုလိုရင်းက ကိုယ့်ဆီရောက်လာတတ်တယ်။ ဒီတော့ ကဗျာနောက်က ကဗျာကိုတွေ့ကာမှ
(သိကာမှ) ဘာသာပြန်လို့ကောင်းမယ်လို့ ဘာန်းစတုံးက ဆိုတယ်။
ဒီအယူအဆကို ကျွန်တော် သဘောကျတယ်။ (လူတိုင်းကျရမယ်လို့ မဆိုလိုပါဘူး။ အသေလက်ခံ မှတ်ယူထားရမယ်လို့ မဆိုလိုပါဘူး။)
ကျွန်တော့်အနေနဲ့ သဘောကျတယ်ဆိုတာက ဘာန်းစတုံးပေးတဲ့ဆင်ခြေဟာ ပညာရပ်နယ်ပယ်ထဲမှာ လက်ခံနိုင်လောက်အောင် ခိုင်ခံ့လို့ပါ။
ဘာသာပြန်တယ်ဆိုတာကလည်း အသစ်တစ်ခု ဖြစ်ပေါ်လာခြင်းပဲ။ အသစ်တစ်ခုဆိုပေတဲ့လည်း ဗီဇအရင်းခံက ရှိနေသေးတယ်။
မြင်သာအောင် လွယ်လွယ်ဆိုရရင် တိုင်းရင်းသားဖြစ်နေတဲ့ ထောင်ကဲကြီးလင်မယားက မွေးစားထားတဲ့၊ မြန်မာပြည်မှာ
မွေးတဲ့ မိဘမဲ့ ကုလားကလေးတစ်ယောက် ဆိုပါစို့။ ထောင်ကဲကြီးက မွေးစားထားပေတဲ့ သူက မြန်မာကလေးပဲ။
ဒါပေတဲ့ ကုလားလေးဖြစ်ခြင်းက ရှိနေသေးတယ်။ ဆိုလိုတာက အသစ်ဖြစ်ခြင်းအတွင်းမှာ မူလဂုဏ်ရည်က ရှိနေသေးတယ်။
ဒါပေတဲ့လည်း မူလဂုဏ်ရည်အတိုင်းတော့ မဟုတ်တော့ဘူး။ မူလဂုဏ်ရည် ရှိနေသေးတာကလွဲလို့ မူလကအတိုင်း မဟုတ်တော့ဘူး။
ဘာသာပြန်ထားတဲ့ကဗျာဟာ ဒီသဘောမျိုးလို့ ဘာန်းစတုံးက မြင်တယ်။ ဒီလိုဆိုရတာက ဘာသာပြန်တဲ့သူက သူပြန်လိုက်တဲ့ကဗျာထဲမှာ
သူ့ဘာသာစကားရဲ့ ပုံစံ၊ တင်ကူးလက်ခံထားတဲ့ သူ့ယဉ်ကျေးမှုပုံစံ (အနေအထား)၊ သူအားသန်တဲ့ ရသအမြင် စတာတွေ ထည့်ထားလို့ပဲ။
ဘာသာပြန်ထားတဲ့ကဗျာဟာ မူရင်းကဗျာရှေ့မှာ မှန်ထောင်ပြထားတာမျိုး မဟုတ်တော့ဘူး။ ပတ်ဝန်းကျင်အသစ်ထဲမှာ ဘ၀သစ်တစ်ခု ဖော်ထုတ်ပေးလိုက်တာပဲ။
ဘာန်းစတုံးက အစဉ်အလာ တရုတ်ကဗျာတွေကို ဘာသာပြန်ခဲ့တဲ့သူမို့ တရုတ်ကဗျာကနေ အင်္ဂလိပ်လိုပြန်ဆိုခဲ့ရတဲ့ အတွေ့အကြုံတွေမှာ အခြေခံပြီး ရှင်းပြတယ်။
အထူးသဖြင့် တရုတ်စာရေးတာနဲ့ ပန်းချီရေးတာရဲ့ကြားက ဆက်နွယ်နေမှုကို တင်ပြခဲ့တယ်။ အစဉ်အလာ တရုတ်ပန်းချီနဲ့ ကဗျာ(စာ) ရေးတာဟာ စုတ်တံကိုသုံးပြီး ရေးတယ်။
“အရုပ်တွေဟာ ကဗျာပဲ၊ ကဗျာဟာ အရုပ်ပဲ” လို့ ဆိုရမယ်။ တာအိုအမြင်အခြေခံ ရသပညာ (Taoist asthetics ကို ဆိုလိုပါတယ်။ တာအိုကို တောက်ခေါ်ခေါ်၊
တောက်တဲ့ခေါ်ခေါ်၊ အိမ်မြောင်ခေါ်ခေါ် ကြိုက်သလို အသံထွက်နိုင်ကြပါတယ်။) အရတော့ စုတ်ချက်တွေဟာ “ယင်း” နဲ့ “ယန်း” အခြေခံမှာ တည်တယ်။
ဆိုလိုတာက ဥပမာ အမှောင်၊ မဲနက်တာ၊ အမျိုးသမီး (ဣတ္ထိလိင်) Dark, blackness, woman စတာတွေဟာ “ယင်း” ရဲ့ သဘောတွေပဲ။
အဲဒီလိုပဲ အလင်း၊ ဖြူတာ၊ ယောက်ျား(ပုလ္လိင်) Light, whiteness, man ဆိုတာတွေဟာ “ယန်း” ရဲ့ သဘောတွေပဲ။
စုတ်တံကိုသုံးပြီး ရေးထားတဲ့ ပန်းချီကားနဲ့ ပန်းချီကားပေါ်က ကဗျာကို အင်္ဂလိပ်လိုပြန်ရာမှာ ဒီအချက်တွေ ပါမလာတော့ဘူး။
အဲဒီလိုပဲ မူရင်းဘာသာစကားရဲ့ အသံအခြေခံ ဖော်ထုတ်ချက်တွေ (Onomatopoeia ကို ဆိုလိုတာပါ) ဟာ ဘာသာပြန်လိုက်တဲ့
ဘာသာစကားရဲ့အတွင်းမှာ တစ်သားတည်းကျတာ မရနိုင်ဘူး (ဖန်တီးယူလို့ ရကောင်းရမယ်။ တစ်သားတည်း/တစ်မျိုးတည်းကျတဲ့ အရသာကို မရနိုင်ဘူး။)
အင်္ဂလိပ်လိုဘာသာပြန်ပြီး ရေးထားတဲ့ကဗျာမှာ မူလအရေးအသားမှာ ဖော်ထုတ်ထားခဲ့တာတွေကို အင်္ဂလိပ်လို ဘယ်လိုခံစားနိုင်မလဲ ဆိုတာကိုပဲ
အလေးပေးရတော့မယ်လို့ သူက ဆိုတယ်။ သူ့ရဲ့ အဓိကဆိုလိုရင်းကတော့ ကဗျာနောက်မှာရှိနေတဲ့ ကဗျာကို ဘာသာပြန်တဲ့လူက သိမှတ်ခံစားနားလည်ဖို့ လိုမယ်။
ပြီးမှ တခြားဘာသာစကားတစ်ခုထဲမှာ ဘယ်လိုအံဝင်မလဲဆိုတာ စဉ်းစားဖို့ပဲ။
ဘာန်းစတုံးရဲ့အမြင်ကို ဒီနေရာမှာတင် ရပ်ခဲ့ပါရစေ။ ဘာကိုဆိုလိုမှန်း သဘောပေါက်လောက်ကြမယ်လို့ ထင်ပါတယ်။
ကျွန်တော်ဆွေးနွေးချင်တဲ့ အချက်နှစ်ခုကို ဆွေးနွေးပါရစေ။ ရန်ကုန်ရောက်တုန်းက မိတ်ဆွေကျောင်းဆရာတစ်ယောက်ရဲ့ တပည့်
ကဗျာရေးစာရေးတဲ့ ကျောင်းဆရာ (ကောလိပ်ကျောင်းဆရာ) က မေးတယ်။ “ကဗျာတစ်ပုဒ်ကို ဖတ်တဲ့လူအကြိုက် အနက်ဖော်လို့ရတယ်ဆိုတာ ဟုတ်သလား” တဲ့။
အဲဒီအမေးမျိုး အရင်ကလည်း ကျွန်တော် အမေးခံရဖူးတယ်။ (Reader Response Theory ကို အနက်ယူလွဲစရာဖြစ်အောင် ရေးကြရာက
အဲဒီအမြင်မျိုးပေါ်လာတယ် ထင်တယ်။) တကယ်တော့ ကဗျာတစ်ပုဒ်အဖြစ် တည်ဆောက်ပြထားတဲ့ စာလုံးတွေကို နားလည်တာနဲ့ ကဗျာတစ်ပုဒ်လုံးရဲ့ အနက်ကို
မကွဲလို့လည်း ဖြစ်မယ်ထင်တယ်။ ကဗျာအဖြစ် တည်ဆောက်ထားတဲ့ စာလုံးနဲ့ အသုံးအနှုန်းကိုတော့ သိကိုသိရမှာပဲ။ ဒါပေတဲ့ ကဗျာရေးတဲ့သူ
သုံးနှုန်းထားတဲ့ စာလုံးနဲ့ အသုံးအနှုန်းရဲ့ အနက်ဟာ အဘိဓာန်လာအနက် ဟုတ်ချင်မှဟုတ်မယ်။ ကဗျာဖန်တီးသူရဲ့ အသံအပေါ်မှာ တည်ပြီး အနက်ဖော်ဖို့ 
လိုကောင်းလိုလိမ့်မယ်။ ကဗျာတစ်ပုဒ်ရဲ့ အနက်အားလုံးကို အပြည့်ရအာင် ဖော်ထုတ်ချင်မှ ဖောတ်ထုတ်နိုင်ကြမယ်လို့ ဆိုတာက လက်ခံစရာပါ။
ဒီလိုပဲ သတိထားသင့်တာက ကဗျာတစ်ပုဒ်ကို ကိုယ်လိုသလို/ထင်သလို အနက်ဖော်လိုက်လို့ မရနိုင်ဘူးဆိုတာပဲ။
ဆိုလိုတာက ကဗျာထဲမှာ “ရေ” လို့ ရေးထားတာကို၊ ကိုယ့်ဘာသာ “လေ” တို့ “မြေ” တို့ လုပ်လိုက်လို့ မရဘူး။
ဒါပေတဲ့ ရေဟာ ရိုးရိုးရေကို ရည်ရွယ်သလား၊ အဆိပ်ရည်ကို ရည်ရွယ်သလားဆိုတာက ကဗျာဖန်တီးသူရဲ့ အသံထဲမှာ ရေးသားထားပုံအရသာ သိရတာ။
ဒီနေရာမှာ အနက်ယူလွဲနိုင်တယ်။ ကဗျာတည်ဆောက်ထားပုံကို လိုက်ပြီး အနက်ဖော်ရမှာပဲ။ ထင်သလို အနက်ဖော်လိုက်လို့တော့ ရမယ်မထင်ဘူး။
အရင်က ကျွန်တော်ရေးခဲ့ဖူးသလိုပဲ၊ ဟေနီကဗျာထဲက …a vision ကို အိန္ဒိယသား ပညာရှင်တစ်ဦးက Vision နှစ်ခုရယ်လို့ အဓိပ္ပာယ်ကောက်သလို ဖြစ်သွားမယ်။
Blue ဆိုတိုင်းလည်း အပြာရောင်ပဲလို့ မြင်ထား၊ လက်ခံထားလို့ မရသလိုပဲ။
သီးခြားစာလုံးတစ်လုံးကနေ ယေဘုယျအနက်ကို  ဖော်ပေးတာမျိုး (Syne- doche လို့ လက်ခံကြတာမျိုး) တွေကိုလည်း သိဖို့ လိုသေးတာပဲ။
တချို့အနေအထားမှာ သီးခြားလူမှုယဉ်ကျေးမှုအခြေခံ အဖွဲ့အစည်းတစ်ခုခုရဲ့ ဘာသာစကားသုံးစွဲသူတွေ
(Language user of certain socialcultural community ကို ဆိုလိုတာပါ) မှပဲ သဘောပေါက်မယ့် အသုံးအနှုန်းတွေလည်း ရှိတယ်။
ဘာသာစကားတည်ဆောက်ပုံမှာလည်း အဲဒီလိုပဲ။ ပထ၀ီအနေအထား၊ ဒေသဆိုင်ရာမတူညီမှု စတာတွေမှာ အခြေခံပြီး တည်ဆောက်ထားတာတွေလည်း ရှိတယ်။
ခပ်လွယ်လွယ် အယ်မလီဒစ်ကင်ဆင်ရေးတဲ့ “လမ်းညွှန်မဲ့” Chartless ကဗျာမှာ I never sw a moor ဆိုတဲ့ ပထမစာကြောင်းကိုပဲ ကြည့်ပါ။
(Chart ဟာ အသေးစိတ်၊ ဒါမှမဟုတ် ရှင်းလင်းဖော်ပြထားချက်ပဲ။ ဒီနေရာမှာ ခပ်လွယ်လွယ် လမ်းညွှန်လို့ပဲ ဘာသာပြန်လိုက်ပါတယ်။
လမ်းညွှန်ဆိုပေတဲ့ မြေပုံသဘောမျိုးလည်း မဟုတ်ဘူး။ ရေပုံအဖြစ်တော့ သုံးတတ်ကြတယ်။) Moor ဆိုတာ အင်္ဂလန်မှာ လူတိုင်းသိတယ်။
မမြင်ဖူးတဲ့သူ ရှားမယ်။ ခြုံပုတ်ကလေးတွေလောက်ပဲရှိတဲ့ မြက်ခင်းကျယ်ကြီးတွေ။ မြေရိုင်းတွေလို့ပဲ ခေါ်ရမယ်
(အလယ်ခေတ်အင်္ဂလိပ်စကား Mor က ဆင်းသက်လာတာ၊ မြက်ထူတဲ့ နွံတောလိုဟာမျိုး။) အင်္ဂလိပ်ဘာသာ စာဖတ်ကျင့်ရှိတဲ့လူအဖို့
အင်္ဂလိပ်မဟုတ်တဲ့လူတစ်ယောက် ရေးတဲ့စာဆိုတာ တန်းသိနိုင်တယ်။ ဒီမှာ အယ်မလီရဲ့ တင်စားချက်က လှရုံတင်မကဘူး၊ ပီပြင်တယ်။
ဒီကဗျာဆာ Syllogism တစ်မျိုးနဲ့ တည်ဆောက်ထားတာပဲ။ ဆင်ခြင်တုံတရားအခြေခံ သက်ဝင်ယုံကြည်မှုကို ပြချင်တာပဲ။
ကဗျာရဲ့ နောက်ဆုံးစာကြောင်းနှစ်ကြောင်းမှာ ဘာသာစကားကို အခိုင်အမာပြုပြီး တည်ဆောက်ပုံ ပြချင်လို့ပါ။
အကြမ်းထည်ဘာသာပြန်ရရင် “ဒါပေတဲ့ ဘယ်မှာဆိုတာ ငါသေချာတယ်။
အသေးစိတ်လမ်းညွှန်များ ရထားသလိုပဲ” Yet certain am I of the spot As if the chart were given ဆိုလိုတာက Yet certain am I … လို့ပဲ ရေးပြီး၊
Yet I am certain … လို့ မရေးတာကို သတိထားကြည့်ရင်၊ အင်္ဂလိပ်ဘာသာ စာ/စကားအရ အားကောင်းပုံ၊ အရသာရှိပုံကို တွေ့ရပါလိမ့်မယ်။
ဒါပေတဲ့ တခြားဘာသာစကားပြောင်းလိုက်တဲ့အခါ တခြားဘာသာစကားရဲ့ဘောင်ထဲမှာ ပေါ်လွင်မှာမဟုတ်တော့ဘူး။
ဒီနေရာမှာ ဘာန်းစတုံးရဲ့အမြင်ဖြစ်တဲ့ ကဗျာနောက်က ကဗျာဆိုတဲ့အကြောင်းဆီ ပြန်သွားပါရစေ။
အယ်မလီရဲ့ကဗျာကို စာလုံးတစ်လုံးချင်းအနက်ကောက်ပြီး တခြားဘာသာစကားနဲ့ အနက်ဖော်ရင် တစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်။
တစ်ခါက ကဗျာရဲ့ ရသစနစ်အကြောင်း သင်ကြားတဲ့ဆရာကြီးက အင်္ဂလိပ်စာတတ်ပေတဲ့ လုံးချင်းအနက်ကောက်လေ့ရှိတဲ့
သူ့တပည့်တစ်ယောက်က Moor ဆိုတဲ့ စာလုံးကို လှေ/သင်္ဘောရပ်တာ (ရပ်နေအောင် ကြိုးချည်ထားတာမျိုး) အဓိပ္ပာယ်ကောက်တဲ့အကြောင်း ပြောပြဖူးတယ်။
ဘာလို့ အဲဒီလို အနက်ဆွဲယူသလဲဆိုတော့ ကဗျာရဲ့ဒုတိယစာကြောင်းမှာ ပင်လယ်ဆိုတာပါလို့လို့ ပြောသတဲ့။
ဒါဟာ ဘာန်းစတုံးတင်ပြသလို ကဗျာတစ်ပုဒ်ရဲ့ ရှိနေခြင်းနောက်က ကဗျာကိုမမြင်ဘဲ လုံးချင်းအနက်ကောက်ခြင်းရဲ့ ပြဿနာတစ်ရပ်ပဲ။ 
အဲဒီလိုပဲ ရှေ့မှာတင်ပြခဲ့တဲ့ စာကြောင်းတည်ဆောက်ထားပုံမှာလည်း …Yet certain am I ကို …Yet I am certain လို့ ပြောင်းလို့ရမယ်။
အနက်အရ တူတယ်လို့ထင်ရပေတဲ့ ကဗျာရေးသူဆီက ထွက်လာတဲ့အသံက မတူတော့ဘူး
(Syntax မတူတော့တဲ့အတွက် The mode of experiencing meaning ပြောင်းသွားတယ်၊ မတူတော့ဘူးလို့ ပြောရမှာပဲ။
စာကြောင်းကိုတည်ဆောက်ထားတဲ့ အင်အား (၀ိတ်ခေါ်ချင်ခေါ်ပါ) မတူတော့ဘူး။ ခိုင်မာအောင် Affirmative တင်မကဘူး၊
ဘာသာစကားတည်ဆောက်ထားတဲ့ အခြေခံအတိုင်း စာကြောင်းတစ်ကြောင်းရဲ့ ဘယ်ဘက်ကနေ ညာဘက်ကို ဖတ်သွားရတဲ့အခါ စာလုံးနေရာချထားပုံ
(word order ကိုဆိုလိုတာပါ) ဟာ ဒီနေရာမှာ အရေးပါတယ်။ Yet certain.. နဲ့ Yet I … ဟာ မတူဘူး။
(ပထမအပိုဒ်မှာလည်း ကဗျာရေးသူက Yet know I… လို့ ရေးတတယ်။ Yet I know… လို့ မရေးခဲ့ဘူး။
Yet + know; Yet + certain က သူတို့ဘာသာစကားရဲ့ ဘောင်ထဲမှာ အရသာရှိတယ်။ မြန်မာလို “ဒါပေမဲ့ သေချာတယ်” နဲ့ “ဒါပေမဲ့ ငါ သေချာတယ်” အကြားမှာ
သိပ်ထူးခြားချက် မရှိဘူး။ အနက်ဖော်တဲ့ကိစ္စနဲ့ပတ်သက်လို့ သူတို့ ဘာသာစကားမှာ Syntagmatic structure ဆိုတာ ရှိတယ်။ ကျွန်တော်တို့ဆီမှာလည်း ရှိကောင်းရှိမယ်။
အပ်ကျမတ်ကျ တူချင်မှတူမယ်။ ဒီအကြောင်းကိုတော့ ဒေါက်တာခင်အေးလို လူမျိုးက ရှင်းပြလေမှပဲ။ ကျွန်တော်တော့ ဉာဏ်မမီဘူး)
ဒီတော့ ကဗျာရေးသူက အင်္ဂလိပ်ဘာသာစကားအရ တည်ဆောက်ထားတဲ့ကဗျာရေးပုံ (Poetic diction) ထဲက အရသာ
(အရသာလို့ပဲ လွယ်လွယ်ခေါ်ပါရစေတော့) မျိုး မြန်မာဘာသာမှာ ရဖို့ မလွယ်ဘူး။ (ဒီနေရမှာ ခြွင်းချက်လို့ပဲ ဆိုရမယ်။
ကျွန်တော့်လို လမ်းပေါ်က လူတစ်ယောက်အနေနဲ့ မရေးနိုင်တာကိုသာ ဆိုလိုတာပါ။
သီချင်းစာသားတွေမှာ ခိုင်မာလာအောင်၊ အားရှိလာအောင် စာလုံးတွေ စာကြောင်းတွေ တည်ဆောက်နိုင်တဲ့ (ဒေါက်တာ)
စိုင်းခမ်းလိတ်လို ပညာရှင်မျိုးဆိုရင် ရေးနိုင်လိမ့်မယ်ထင်တယ်)
ဒီလိုအနေအထားမှာ ဘာသာပြန်သူဟာ မူရင်းစာလုံးများ တည်ဆောက်ထားပုံရဲ့ ယေဘုယျအနေအထားပေါ်မှာ ရိုးသားမှု၊ စစ်မှန်မှု ရှိဖို့ပဲ ရှိတော့တယ်။
ဆိုလိုတာက စာကြောင်းအဖြစ် တည်ဆောက်ထားပုံ (တစ်နည်းဆိုရင် စာကြောင်းရဲ့ အသက်ဝိညာဉ်) ကို သိဖို့လိုမယ်။
ဒါကလည်း ကဗျာနောက်က ကဗျာကို နားလည်ခြင်းတစ်မျိုးပဲ။ မကြာခင်က ဖတ်ရတဲ့ ကိုတာရဲ့ နေရူဒါကဗျာ ဘာသာပြန်ထဲမှာ
ဘာသာပြန်ထားတာတစ်ခုကို ခုလိုတွေ့ရတယ် …
Where is the child I was
Still inside me or gone?
ဖိုးတာဆိုတဲ့ အကလေး
ကိုတာ့ထဲမှာ ရှိသေးလား
မရှိတော့ဘူးလား မေး။
(စာ ၆၀၊ နေရူဒါ၏ ပုစ္ဆာများ)
ဒီနေရာမှာ ကိုတာက နေရူဒါရဲ့ I ကို ကောင်းကောင်းကြီး သိမှတ်နားလည် ခံစားနိုင်ပုံရတယ်။
ကနဦး/အရင်းခံကဗျာကို တည်ဆောက်တဲ့လူရဲ့ “ငါ” ကို ဘာသာပြန်သူက သူ့ရဲ့ “ငါ” နဲ့ အစားထိုးပြီး ပေးလိုက်တယ်။
ဘာသာစကားအခြေခံနဲ့ သိမှု လက်ပြောင်းလက်လွှဲလုပ်ရာမှာ “ငါ” ဟာ ပြောင်းလဲမသွားဘူး။ ပျက်စီးမသွားဘူး။
တန်ဖိုးလျော့ပါးမသွားဘူး။ တစ်ချိန်တည်းမှာပဲ ဖတ်တဲ့လူတစ်ယောက်က သူ့ရဲ့ “ငါ” ကို အစားထိုးဖတ်သွားနိုင်တယ်။
ဆင်ခြေတစ်ခုအနေနဲ့ ပေးရရင်တော့ နေရူဒါရဲ့ပုစ္ဆာ ကဗျာတွေဆိုတာက အဖြေရှာခိုင်းနေတဲ့၊ အဖြေတောင်းတဲ့ ကဗျာမျိုးမဟုတ်လို့ပဲ။
Rhetorical question သဘောမျိုးတွေပဲ။ ဆင်ခြင်တုံတရားရဲ့ ဘောင်ထဲက အဖြေရှာခိုင်းတာ မဟုတ်လို့ပဲ။
ကိုတာက နေရူဒါသုံးတဲ့ “I” ကို ကောင်းကောင်းကြီးတွေ့လိုက်တော့ “I” ကို “ငါ” လို့မပြန်တော့ဘဲ ပြန်ဆိုသူရဲ့
 “ငါ” ဖြစ်တဲ့ “ဖိုးတာနဲ့ ကိုတာ” ကို ဖလှယ်ပြီး သုံးပြသွားတယ်။ ဒါကြောင့်လည်း စောစောပိုင်း
(နေရူဒါ၏ပုစ္ဆာကဗျာများ စာအုပ်အဖြစ် ထွက်မလာသေးခင်က) သူ့ဘာသာပြန်တချို့ မဂ္ဂဇင်းထဲမှာဖတ်ရတော့
သူ့ဘာသာပြန်အထဲမှာ မူရင်းကဗျာဆရာရဲ့လေကို ကြားရတယ်လို့ ကျွန်တော်ကောက်ချက်ချမိခဲ့ဖူးတယ်။
မူရင်းကဗျာဆရာရဲ့ လေကို မိဖို့ဆိုတာက ဘာန်းစတုံးတင်ပြခဲ့တဲ့ ကဗျာနောက်က ကဗျာကို သိဖို့ပဲ။
(ဆက်ပါဦးမယ်)
မြင့်သန်း
ချင်းတွင်း၊ ဇွန်လ ၂၀၀၆
လောကအမြင်နဲ့ကမ္ဘာ
`လောကအမြင်´ဆိုတာ စကားလုံးကြီးပေမယ့် အနက်အဓိပ္ပါယ်တွေထုတ်ယူရရင် လူတစ်ယောက်ရဲ့ ပုဂ္ဂလဘ၀ subjectivity ရဲ့ အချုပ် ဖြစ်ပါတယ်။ အဇျတ္တဘ၀လို့လည်းခေါ်လို့ရမယ်ထင်ပါတယ်။ ဒီပုဂ္ဂလ/အဇျတ္တဘ၀ထဲမှာ ပါဝင်ဖွဲ့စည်းပြီး အပြန်အလှန်ဆက် နွယ်ဆက်သွယ်နေတာတွေကတော့ သင်ယူမှုသညာအစုအဝေး knowledge ၊ အမှတ်သညာအစုအဝေး memory ၊ မိမိဘယ်သူဘယ်ဝါ သတ်မှတ်ချက် self – identity ၊ မိမိကိုယ်မိမိ အသိုင်းအ၀ိုင်း/ (လူ့) အဖွဲ့အစည်းတစ်ခုခုအတွင်းထားရှိနေရာယူမှု self – positioning ၊ မိမိရဲ့ယုံကြည်မှု အစုအဝေး beliefs ၊မိမိရဲ့အမူအကျင့် အစုအဝေး habits ၊မိမိရဲ့အစွဲအလန်းတွေ prejudices၊ မိမိရဲ့အကြောက်တရား တွေ fears ၊ မိမိရဲ့ဆင်ခြင်သုံးသပ်စဉ်းစားတွေးခေါ်ပုံ cognition စသည်ဖြင့် အကုန်လုံးအကျုံးဝင်နေကြပြီး အဲဒါတွေဟာ မိမိရဲ့နေ့စဉ် ဘ၀ကို ပြာဋ္ဌာန်းသလို မိမိရဲ့ လောကချင်းရာအဖြစ်အပျက်တွေပေါ်အမြင်နဲ့ တုန့်ပြန်မှုတို့ကိုလည်းကြိုးကိုင်ပါတယ်။ အဲဒီ Complex ဖြစ်တဲ့ အစုအဝေးကြီးတွေဟာ တစ်ခုနဲ့ တစ်ခု Jigsaw puzzle လိုအံကိုက်ချိတ်ဆက်ပြီး ပုံဖေါ်နေတာမျိုးမဟုတ်ပဲ ချိတ်လိုက်လွဲလိုက်နဲ့ flux လှုပ်ရွေ့နေကြတာဖြစ်ပါတယ်။ အဲ flux ဖြစ်နေတဲ့ ပုဂ္ဂလ/အဇျတ္တဘ၀ကြီးကိုပဲ `လောကအမြင်´လို့ `ချုပ်´ပြီးပြောကြည့်တာဖြစ် ပါတယ်။
ကဗျာရေးသူတစ်ယောက်ရဲ့ လောကအမြင်နဲ့ သူရေးတဲ့ ကဗျာဟာ ရာခိုင်နှုံးတော်တော်များများ ပတ်သက်မှုရှိတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကဗျာရေးသူရဲ့ content အကြောင်းအရာရွေးချယ်မှု (၀ါ) အကြောင်းအရာရဲ့ စွဲကပ်ခံရမှုနဲ့ form ပုံသဏ္ဍာန်ဖွဲ့ စည်းတည်ဆောက်ယူခြင်း (၀ါ) ၊ ဖွဲ့စည်းတည်ဆောက်မှုတစ်မျိုးမဟုတ်တစ်မျိုးလာစွဲကပ်ခံရခြင်းတို့ဟာ သူ့လောကအမြင်ကလာတာ တွေပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်စိတ်ကိုယ်မှတ်ကျင့်ရှိသူတွေတောင် အနည်းအကျင်းပဲသိနိုင်တဲ့အတွက် သီအိုရီလို့ပဲ သဘောထားချင်ရင် ကျွန်တော့်ဘက်ကငြင်းမှာ မဟုတ်ပါဘူး။ သီအိုရီဆိုတာ စဉ်းစားတွေးခေါ်မှုရဲ့ ငြမ်းလို့ ကျွန်တော်ယူဆတဲ့အတွက်ဖြစ်ပါတယ်။
ကဗျာရေးသူအဖို့ သူရွေးချယ်တဲ့ စကားလုံး/နိမိတ်ပုံ/အသံကအစ သူချိတ်ဆက်တဲ့ လိုင်းတွေနဲ့ ချိတ်ဆက်ပုံတွေအလယ် ၊ နောက်ဆုံးလိုင်းကို ဘယ်လိုတာဝန်ထမ်းဆောင်ခိုင်းပုံ အဆုံးဟာ `အလိုလို´ဖြစ်လာတာမျိုးမဟုတ်သလို ပုံသေပြုလုပ်မှုမျိုးလည်းမဟုတ် ဘူးဆိုတာ ကဗျာရေးသူတိုင်းသိနိုင်ပါတယ်။ `ရင်ဘတ်´နဲ့ ရေးတာလို့ တလွဲနာမည်ကြီးတဲ့ ကျွန်တော်တို့ရဲ့ ကဗျာဆရာကြီးကိုချော (ခ) မောင်ချောနွယ်ကိုယ်တိုင် သူ့ဒိုင်ယာရီထဲမှာ သူအထပ်ထပ်အခါခါပြင်ထားတဲ့ မူကြမ်းတွေ ၊ လိုင်းတွေ ကျွန်တော်မျက်စိနဲ့ မြင်ခဲ့ရဘူးပါ တယ်။ ပါရမီရှင်တစ်ပါးလို ရေးတိုင်းကဗျာဖြစ်တာမဟုတ်ဘူးဆိုတာ ကိုချောဟာ သက်သေပါ။ နေရင်းထိုင်ရင်း ၊ သွားရင်းလာရင်း ၊ စားရင်းသောက်ရင်း ၊ စကားစမြည်ပြောဆိုရင် သူကောက်ရလိုက်တဲ့ လိုင်းတွေ ၊ စကားလုံးတွေ ၊နိမိတ်ပုံတွေ ၊ သူကောက်ကာငင်ကာ ရွတ်ပြနိုင်ပေမယ့် အဲဒါတွေဟာ ကဗျာတွေမဟုတ်သေးပါဘူး။ သူတည်ဆောက်ရပါသေးတယ်။ ထို့အတူ အူလီပို Oulipo လို ပုံသေပုံစံ တွေနဲ့ ကဗျာရေးရင်တောင်မှ ပုံသေစကားလုံးနဲ့ ရေးတာမဟုတ်ပဲ စကားလုံးတွေ ရှာဖွေတည်ဆောက်ရပါသေးတယ်။ ကံအားလျော်စွာပဲ ၊ ကိုချောနဲ့ အူလီပိုအကြောင်းပြောမိခြင်းမှာ ဆီလျော်စွာပဲ ကျွန်တော်ပြောချင်တဲ့အကြောင်းပြန်ရောက်သွားပါတယ်။ ကိုချောဟာ သူ့ ကဗျာကို သူက ဗဟိုပြုပြီး သူ့ကဗျာပါ ခံစားမှုဟာ သူ့ခံစားမှုလို့ သူယုံကြည်စွာ ရေးသားခဲ့ပါတယ်။ သူ့ကဗျာထဲက `ငါ´ဟာ သူကိုယ်တိုင် ဖြစ်ပြီး သူ့မိသားစုဝင်တွေရဲ့ နာမည်တွေကိုပါ သူ့ကဗျာတွေထဲမှာ တွေ့ရပါတယ်။ သူ့ကဗျာရဲ့ မူလဖြစ်ဖျားခံရာဟာ သူကိုယ်တိုင်ရဲ့ လောကအမြင် (၀ါ) ပုဂ္ဂလ/အဇျတ္တဘ၀ဖြစ်ပါတယ်။ အလွယ်ပြောရင် သူ့ဘ၀ပေါ့။ အူလီပိုသမားတွေကတော့ ကဗျာကို တည်ဆောက် construct တဲ့ဘက်ပိုဦးတည်ကြပါတယ်။ ရေးသူရဲ့ ဖွင့်ဟဖေါ်ထုတ်လိုမှု expression ထက် ဘာသာစကားနဲ့ တည်ဆောက်ပြလိုမှု construction ဘက်ပိုကဲပါတယ်။ အဲဒီ ဘာသာစကားနဲ့ တည်ဆောက်ပြမှုဟာ ခံစားမှုကိုလည်းဖြစ်စေပါတယ်။ ခံစားမှုကိုတည်ပြီး ဘာသာစကားနဲ့ ပုံဖေါ်တာမဟုတ်ပဲ ဘာသာစကားရဲ့ တစ်နည်းတစ်ဖုံပုံဖေါ်ထားမှုကြောင့် ခံစားမှုဖြစ်ပေါ်စေတယ်ဆိုတဲ့ သဘောဖြစ်ပါ တယ်။ ကဗျာဗေဒအသုံးအနှုံးနဲ့ ဆိုရင် Lyric method နဲ့ anti-Lyric method တို့ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်ဟာပို ကဗျာမြောက် တယ်မမြောက်ဘူးဆိုတာ လောကအမြင်နဲ့ပဲ ဆိုင်ပါတယ်။
ကဗျာရေးသူတစ်ယေက်ဟာ လောကကို အထက်အောက်ဖွဲ့စည်းမှု ၊ ကွင်းဆက်ချိတ်ဆက်မှု ၊ ယုတ္တိနဲ့ တည်ဆောက်မှု ၊ အနက်အဆက်အစပ်ရှိမှု ၊ သူ့ ကဏ္ဍနဲ့ သူအချိုးကျ ပါဝင်တာဝန်ယူရမှု ၊ အစဉ်အလာလူမှုဆက်ဆံရေးကို လက်ခံကျင့်သုံးမှု ၊ စ- လယ်- ဆုံး ညီညွတ်မှု ၊ စသည်ဖြင့်နဲ့ မိမိကို မိမိခိုင်မာတဲ့ အိုင်ဒင်တတီရှိထားမှု ၊ မိမိသိမှုကို မိမိယုံကြည်လက်ခံမှု ၊ မိမိရဲ့ ပုဂ္ဂလအမြင် - အတွေး -ခံစားမှုတို့ကို လုံဝဥဿုံယုံကြည်မှု စသည်တို့နဲ့ မကွဲမပြတ် ချိတ်ဆက်ထားရင် သူရေးတဲ့ ကဗျာရဲ့ ပုံသဏ္ဍာန်မှာလည်း သူ့အမြင်ကို တွေ့ရှိရမှာဖြစ်ပြီး အထက်ပါလောကအမြင်နဲ့ ကွဲပြားခြားနားသူရဲ့ ကဗျာပုံသဏ္ဍာန်ဟာလည်း လိုက်ခြားနားမှာပဲဖြစ်ပါတယ်။
ဒီနေရာမှာကဗျာရေးသူ လူပုဂ္ဂိုလ်ကနေ ကမ္ဘာကြီးအထိချဲ့တွေးကြည့်ချင်ပါတယ်။ ကမ္ဘာကြီး ပြောင်းလဲသွားတိုင်း အသိအမြင် /လောကအမြင်တွေလိုက်ပြောင်းလဲစမြဲပါပဲ။ ပထမကမ္ဘာစစ်မဖြစ်မီနဲ့ ဖြစ်ပြီးကာလမှာ modernism ဟာ ပညာရပ်လောကမှာရော အနုပညာလောကမှာ ပါပေါ်လာပြီး လူတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေပေါ် အကျိုးသက်ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ postmodern ပေါ်လာတယ်လို့ဆိုကြပါတယ်။ စစ်အေးကာလအတွင်းမှာ အတွေးအခေါ်တွေပြောင်းလဲလာပြီး `၆၀ ခုနှစ်နဲ့ `၇၀ ခုနှစ် တွေမှာ အထူးသဖြင့် ပြင်သစ်က တွေးခေါ်ပညာရှင်တွေရဲ့ တင်ပြလာမှုတွေဟာ အခု ကျွန်တော်တို့သိထားတဲ့ postmodern theory တွေပဲပေါ့။ ဒီဘက် ၂၁ ရာစုပိုင်းမှာတော့ ခေတ်စားလာတဲ့ အသုံးအနှုံးဟာ contemporary ပါပဲ။ ဒါကို အချို့က post- postmodern လို့ လည်း ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဒီကိစ္စတွေကို online မှာ တက်ဖတ်လို့ရတဲ့အတွက် ကျွန်တော်အကျယ်တ၀င့်မပြောတော့တာပါ။ `အချို့´ဆိုပြီးတော့လည်း လုံးချနေတယ်လို့ ကျွန်တော့်ကို ထင်ရင်လည်းထင်စေဗျာ ၊ ကျွန်တော့်ရဲ့ အချိန်ကန့်သတ်ချက်နဲ့ ဒီစာလေး ရေးချင်လို့ ရေးလိုက်ရတဲ့အတွက် ချုံ့ပြောလိုက်တာပဲလို့ ယူဆစေချင်ပါတယ်။
လိုရင်းဆက်ပြောရရင် postmodern ကဗျာလို့ သတ်မှတ်တဲ့ ကဗျာတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန် ၊ ဦးတည်ချက် ၊ နဲ့ အသုံးပြုပစ္စည်းတွေ နောက်ကွယ်မှာ ပြောင်းလဲသွားတဲ့ လောကအမြင်တွေရှိပါတယ်။ ပြင်ပအပြောင်းအလဲတွေဟာ ကဗျာရေးသူရဲ့ သိမှုပေါ်လာသက်ရောက်ပြီး ကဗျာရေးသူရဲ့ အမြင်ပြောင်းလဲမှုတွေဟာ သူ့အတိုင်းအတာနဲ့ သူဖြစ်ခဲ့ကြတာပါပဲ။ အဲသလို လောက အမြင်အပြောင်းအလဲတွေနဲ့ ကဗျာပေါ်အယူအဆ ၊ ကဗျာပြုလုပ်ပုံပြုလုပ်နည်းအပြင် ကဗျာဖတ်ပုံဖတ်နည်းပါ ပြောင်းလဲရေးလှုပ်ရှားမှု တွေ လုပ်လာကြတာဖြစ်ပါတယ်။ ဥပမာ ၊ အမေရိကန် LP ပေါ့။ အမေရိကန် Conceptual Poetry ပေါ့။ ကဗျာပြုလုပ်ဖွဲ့စည်းပုံမှာလည်း အသုံးပြုပစ္စည်း Poetic devices တွေအပေါ်အမြင်ပြောင်းတာမျိုး ၊ ဥပမာ metaphor အခြေပြုနဲ့ metonymy အခြေပြု ၊ သုံးတဲ့ပစ္စည်း ချင်းတူပေမယ့် သုံးပုံသုံးနည်းမတူတာတို့ ၊ ဥပမာ hypotaxis ကနေ parataxis ၊ closure ကနေ anti-closure ၊ အချိုးဟပ်စပ်ပြီး ညီ ညွတ်မှုဆီ ဦးတည်တာနဲ့ အချိုးဖျက်ပြီး `အပွင့်´ ရေးတာမျိုး ၊ ယခင် ဆူရီယလ်နည်းတွေကို ဘာသာစကားကဗျာနည်းနဲ့ ရောစပ်သုံးတာ မျိုး ၊ စသဖြင့်။
အခုဒီဘက်ပိုင်း contemporary ကဗျာမှာတော့ synthesis (၀ါ) recombination ဆီသွားနေကြတာတွေ့ရပါတယ်။ narrative ဇာတ်လမ်းစင်မှု ၊ ခံစားမှုနဲ့ စဉ်းစားဆင်ခြင်မှုတို့ကို ပေါင်းစပ်မှု ၊ Lyric ရဲ့ `ငါ´ဗဟိုပြုမှုကို ယူပေမယ့်လည်း အဲဒီ`ငါ´ခံစားမှု သရုပ်ပြဖို့ ထက်စဉ်းစားတွေခေါ်မှုဘက်လှည့်လိုက်မှု (Lyric postmodernisms) ၊ အရေးအသားပုံစံများ ရောနှောဖွဲ့စည်းမှု ၊ အဓိပ္ပါယ်ဆက်စပ်မှု တိုက်ရိုက်မရှိတဲ့လိုင်းတွေ ချိတ်ဆက်မှု ၊ မျဉ်းဖြောင့်ယုတ္တိဆင်ခြင်မှုထက် associative စိတ်ကူးအတွေး ခုန်ကျော်ဆက်စပ်မှု ၊ စတာတွေ တွေ့ရှိဖတ်ရှုနေရပါတယ်။ ဒါတွေဟာ အလွယ်တကူယူသုံးလို့ရတဲ့ နည်းတွေ ၊ တက္ကနိတွေလို့ အယူလွဲသုံးမှုတွေ ကမ္ဘာမှာလည်းကမ္ဘာနဲ့ ချီပါပဲ။ ဒါပေမယ့် လူသိသူသိ ကဗျာရေးသူတွေဖြစ်လာကြသလား။ online သော်လည်းကောင်း print သော်လည်းကောင်း နီးစပ်ရာ အသိုင်းအ၀ိုင်းလေးထဲမှာပဲ ရှိတတ်ကြပါတယ်။ ကဗျာကိုအလေးအနက်ထား ကိုင်ဆွဲသူတစ်ယောက်အတွက်တော့ သူ့လောက အမြင်နဲ့ သူ့ကဗျာရဲ့ ဆက်သွယ်မှုကို ရှာဖွေဖော်ထုတ် တင်ပြကြတာတွေ ရှာဖွေဖတ်ရှုလို့ရပါတယ်။ ထို့အတူ မိမိကိုယ်မိမိ ကဗျာကိုအလေးအ နက်ထားသူအဖြစ်ခံယူရင် မိမိကိုယ်မိမိလည်း စူးစမ်းကြည့်တာ မမှားပါဘူး။ မိမိရေးတဲ့ ကဗျာနဲ့ မိမိထားရှိတဲ့ အမြင်တွေနဲ့ ဆက်စပ် စူးစမ်းလို့ရပါတယ်။ အဲဒီမှာ မိမိရဲ့မိမိကိုယ်တိုင် သိချင်မှသိမယ့် လောကအမြင်ကို သတိထားမိရင် ထားမိသွားပါလိမ့်မယ် ၊ လှုပ်ရင်လည်း လှုပ်သွားပါလိမ့်မယ်။ ရေးပြီးတဲ့ ကဗျာကို စုတ်တောင်ဖြဲလိုက်မိပါလိမ့်မယ် `သဟဇာတ´ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ကိုလည်း အထိတ်တလန့် မြင်ကောင်းမြင်သွားပါလိမ့်မယ်။ အသက်အရွယ်နဲ့ အတွေ့အကြုံလည်း ဆိုင်မယ်ထင်ပါတယ်။
ထင်ရှားတာကတော့ ကဗျာပေါ်မှာ ဘယ်ပုဂ္ဂိုလ် ၊ ဘယ်ဝါဒ ၊ ဘယ်ဂိုဏ်းကမှ လက်ဝါးကြီးအုပ်လို့မရတော့ခြင်းပါပဲ။ လူ့အဖွဲ့ အစည်းတစ်ခုတည်းမှာတင်ပဲ အစဉ်အလာ ဂန္တ၀င်ကဗျာ ၊ မော်ဒန်ကဗျာ ၊ ပို့စ်မော်ဒန်ကဗျာနဲ့ ကွန်တမ်ပိုရာရီကဗျာတို့အတူတကွ ယှဉ်တွဲ နေထိုင်နေကြတာလည်း တွေ့ရပေါ့။ ကွဲပြားခြားနားမှုဟာ ပြိုကွဲမှုမဟုတ် ၊ ရန်ဘက်မဟုတ် ၊ အန္တာရယ်မဟုတ်လို့ လက်ခံလိုက်ရင် ကဗျာ ရေးသူရဲ့ လောကအမြင်ဟာ နည်းနည်းတော့ ရွေ့သွားမလား။ အဲဒီအရွေ့ဟာ ကဗျာရေးမှုပေါ်မသက်ရောက်ဘူးလို့ ပြောနိုင်မလား။ မိမိရဲ့ကိုယ်ပိုင်တည်ဆောက်ယူထားတဲ့ ကဗျာဗေဒကော ဖြစ်မလာနိုင်ဘူးလို့ပြောနိုင်မလား။
ကျေးဇူးတင်ပါတယ်။
ဇေယျာလင်း
21 – Dec - 13
ဗီဆွာဗါ ရှင်မ်ဘော်စကာ (1923 – 2012)
၁၉၉၆ စာပေနိုဘဲလ်ဆုရပိုလန်ကဗျာဆရာမ ဗီဆွာဗါ ရှင်မ်ဘော်စကာ Wislawa Szymborska ဟာ ပိုလန်နိုင်ငံ Krakow ကရာကောဝ် မြို့မှာပဲ ဖေဖေါ်ဝါရီ ၁ ၊ ၂၀၁၂ မှာ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပါပြီ။
ရှင်မ်ဘော်စကာဟာ ၁၉၂၃ မှာ ပိုလန်အနောက်ပိုင်းကမြို့လေးတစ်မြို့မှာ ဖွားမြင်ပါတယ်။ အသက် ၈နှစ်အရွယ်မှာ မိသားစုနဲ့ ကရာကောဝ်မြို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၁၉၄၅ ကနေ ၁၉၄၈ အထိ Jagellonian University မှာပိုလန်စာပေအနုပညာနဲ့ လူမှုဗေဒ ဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ သူမရဲ့ ပထမဆုံးကဗျာဖြစ်တဲ့ `I am Looking for a Word´ `စကားလုံးတစ်လုံးကို မိမိ ရှာဖွေနေ တယ်´ ဟာ Dziennik Polski နေ့စဉ်သတင်းစာမှာ ဖေါ်ပြပါရှိခဲ့ပါတယ်။
၁၉၅၃ ကနေ ၁၉၈၁ အထိ ကရာကောဝ်စာပေအပတ်စဉ်ဖြစ်တဲ့ Zycie Literackie မှာ အယ်ဒီတာနဲ့ ပင်တိုင်ဆောင်းပါးရှင်အ ဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ တက္ကသိုလ်တက်နေစဉ်မှာပဲ ကရာကောဝ်စာပေအသိုင်းအ၀ိုင်းဝင်တွေနဲ့အတူ ၁၉၈၀ စာပေနိုဘဲလ်ဆုရ ပိုလန် ကဗျာ ဆရာကြီး ချက်ရှ်လော် မီလော့ရှ် Czeslaw Milosz နဲ့ ပထမဦးဆုံးအကြိမ်တွေ့ရှိခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး လုံးချင်းကဗျာ စာအုပ်ကို ၁၉၅၂မှာ ထုတ်ဝေခဲ့ပြီး သူမ မကွယ်လွန်ခင်အထိလုံးချင်း ကဗျာစာအုပ်ပေါင်း ၁၅ အုပ်ထက်မနည်း ထုတ်ဝေခဲ့ပါတယ်။ ၁၉၉၁ မှာ Goethe ဆု ၊ ၁၉၉၅ မှာ Herder ဆု ၊ ၁၉၉၅ မှာ Poznan University ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် စာပေအနုပညာ ဒေါက်တာဆု ၊ ၁၉၉၆ မှာ Polish Pen Club ဆုနဲ့ ၁၉၉၆မှာပဲ စာပေ Nobel ဆုတို့ဆွတ်ခူးရရှိခဲ့ပါတယ်။
ရှင်မ်ဘော်စကာရဲ့ ဘ၀မှာ ၂၀ရာစုရဲ့ ပိုလန်နိုင်ငံသမိုင်းဖြတ်သန်းမှုတွေကြုံခဲ့ရပါတယ်။ ၁၉၃၉ မှာ နာဇီဂျာမနီအောက်ရောက် ခဲ့ရတဲ့ ပိုလန်။ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်အင်ပါယာရဲ့ လက်အောက်ခံကွန်မြူနစ်တိုင်းပြည်ပိုလန်။ ဒီမိုကရေစီလှုပ်ရှားမှုဖြစ်တဲ့ Solidarity ကာလနဲ့ နောက်ပိုင်းမာရှယ်လော။ သူမဟာ ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ဘူးပါတယ်။ ကဗျာဝေဖန်ရေးဆရာ Edward Hirsch နဲ့ အင်တာဗျူး (၁၉၉၆) တစ်ခုမှာ သူမပြောခဲ့တာက ––
“ကျွန်မငယ်တုန်းက ကွန်မြူနစ်ဝါဒကို ယုံကြည်ခဲ့ပါတယ်။ ကမ္ဘာကြီးကို ကွန်မြူနစ်ဝါဒကတစ်ဆင့် ကယ်တင်ချင်ခဲ့တယ်။ မကြာခင်မှာပဲသိလိုက်ရပါတယ် ၊ ဒီဝါဒနဲ့တော့ အလုပ်မဖြစ်ဘူးဆိုတာ။ ဒါပေမယ့် ဒီဝါဒကို ကျွန်မတစ်ချိန်တုန်းက ယုံကြည် ခဲ့တယ်ဆိုတာကို မဖုံးကွယ်ချင်ပါဘူး။´´
၁၉၆၆မှာ ကွန်မြူနစ်စနစ်ကို ဝေဖန်တိုက်ခိုက်တဲ့ ပိုလန် ဖီလော်ဆော်ဖါဖြစ်သူ Leszek Kolakowski ကို အာဏာပိုင်တွေက အရေးယူလိုက်တဲ့အခါ ရှင်မ်ဘော်စကာဟာ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ သူမရဲ့ ပါတီဝင်ကဒ်ပြားကို ပြန်အပ်လိုက်ပါတယ်။ ပိုလန်နိုင်ငံရဲ့ Solidarity ဒီမိုကရေစီလှုပ်ရှားမှုကာလမှာလည်း သူမဟာ တမင်ကို မထင်ပေါ်အောင်နေခဲ့ပါတယ်။
သူမရဲ့ ပထမအိမ်ထောင်ဟာ မတည်မြဲခဲ့ပါဘူး။ လင်ဖြစ်သူ ကဗျာဆရာ Adam Wlodek နဲ့ ကွာရှင်းခဲ့ပြီး စာရေးဆရာ Kornel Filipowicz နဲ့အတူ ၁၉၉၀ မှာ ကွယ်လွန်သွားတဲ့အထိတစ်သက်လုံးအတူနေသွားခဲ့ပါတယ်။
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
၁၉၉၆ စာပေနိုဘဲလ်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့ဖြစ်တဲ့ Swedish Academy ဟာ ရှင်မ်ဘော်စကာရဲ့ ကဗျာကို အောက်ပါ အကြောင်းကြောင့်ရွေးချယ်တာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
`ပြောနေတာနဲ့ဆိုလိုတာနဲ့ ဆန့်ကျင်ဘက်ဖြစ်အောင်တိကျတဲ့သူမရဲ့ ကဗျာတွေမှာ လူဖြစ်မှု အရှိတရားအပိုင်းအစတွေထဲက နေပဲ သမိုင်းနဲ့ ရှင်သန်မှုဆိုင်ရာ ဆက်စပ်ဝန်းကျင်တွေပေါ်ထွက်လာကြတာဖြစ်တယ်။´
ပိုလန်ကဗျာဝေဖန်ရေးဆရာ Jerzy Jarzebski အလိုအရ ရှင်မ်ဘော်စကာဟာ `intellectual poet´ `ဥာဏ်ရည်ကို ဦးစား ပေးတဲ့ကဗျာဆရာမ´ ဖြစ်ပြီး `ကမ္ဘာကြီးကို ကဗျာက တစ်ဆင့်စဉ်းစားတာဖြစ်တယ်။´ ဒါပေမယ့် ၊ တစ်ချိန်တည်းမှာပဲ ၊ သူမရဲ့ ကဗျာ တွေဟာ သာမန်ကဗျာဖတ်သူအတွက် ခေါင်းရှုပ်အောင်ရေးတဲ့ ပုံမျိုးမဟုတ်ဘူး။
ဂါးဒီးယန်းသတင်းစာရဲ့ စာပေကဏ္ဍမှာ ဖေါ်ပြပါရှိတာကတော့ ––“သူမရဲ့ လက်ဦးကဗျာတွေဟာ ဆိုရှယ်လစ်ရီယယ်လစ် ဇင်မ် ဟန်လွှမ်းမိုးခဲ့ပေမယ့် ၁၉၅၆ နောက်ပိုင်းမှာ သူမရဲ့ ကွန်မြူနစ်ဝါဒ အပေါ်မယုံကြည်မှု များလာတာနဲ့အမျှ ဒီရေးဟန်ကို သူမစွန့် လွှတ်ခဲ့တာတွေ့ရပါတယ်။ ၁၉၆၂ မှာ ထုတ်တဲ့ `Salt´ ခေါင်းစဉ်နဲ့ ကဗျာစာအုပ်မှာ ဆိုရင် သမိုင်း အဖြစ်အပျက်တွေနဲ့ ပုဂ္ဂလိက အတွေ့အကြုံတွေကို ironic (ပြောဟန်နဲ့ အဓိပ္ပါယ်ဆန့်ကျင်နေကြတဲ့) free verse နဲ့ရေးထားတဲ့ကဗျာတွေပါရှိပါတယ်။´´
Poetry Foundation မှာ တွေ့ရတာကတော့ ––“ ရှင်မ်ဘော်စကာရဲ့ ကဗျာတွေထဲမှာ ကဗျာပရိသတ်မကြာခဏတွေ့ရှိကြ တာဟာ ဇ၀နဥာဏ် ၊ irony ၊ နဲ့ ရိုးစင်းသယောင်ရေးသားပြုလုပ်ထားမှုဖြစ်တယ်။ သမိုင်းနောက်ခံပြုပြီး အိမ်တွင်းရေးအချက်အလက် လေးတွေနဲ့ အဖြစ်အပျက်တွေကို ဆန်းစစ်ထားတာတွေ့ရတယ်။ `The End and the Beginning ´`အဆုံးနဲ့အစ´ဆိုတဲ့ ကဗျာမှာ `စစ်ပွဲကြီးတစ်ပွဲပြီးဆုံးတိုင်း/တစ်ယောက်မဟုတ်တစ်ယောက်ဟာ လှည်းကျင်းရှင်းလင်းရတော့တာပါပဲ´ လို့ပါရှိပါတယ်။ စစ်ပွဲနဲ့ အိမ်တွင်းမှုသန့်ရှင်းရေးတို့ကို တွဲချိတ်ထားတာတွေ့ရပါတယ်။
၁၉၈၀စာပေ နိုဘဲလ်ဆုရ ပိုလန်ကဗျာဆရာကြီးချက်ရှ်လော် မီလော့ရှ်က သူမရဲ့ ကဗျာတွေဟာ မနှစ်မြို့စရာ ကဗျာတွေဖြစ် တယ်လို့ဆိုပါတယ်။ ကဗျာတွေဟာ မနှစ်မြို့စရာကောင်းတာတွေလို့ပြောတာမဟုတ်ပါဘူး။ မနှစ်မြို့စရာအကြောင်းတွေရေးသားထားတဲ့ ကဗျာတွေလို့ဆိုလိုတာဖြစ်ပါတယ်။ သူမရဲ့ ကဗျာတွေကို ဆင်မြူရလ် ဘက်ကစ်တ်ရဲ့ စိတ်ပျက်/စိတ်ဓါတ်ကျ/မှောင်မိုက်တဲ့အမြင်နဲ့ ပမာတင်စားပြောထားပါတယ်။ တစ်ချိန်တည်းမှာပဲ၊ သူမရဲ့ ကဗျာတွေဟာ အသက်ရှူလို့ရသေးတဲ့ ကမ္ဘာလောကကို တင်ပြတယ်လို့ ဆိုပါတယ်။
New York Times Book Review ပင်တိုင်ဆောင်းပါးရှင်ဖြစ်တဲ့ Stanislaw Baranczak ကတော့“ ရှင်မ်ဘော်စကာရဲ့ ကဗျာ တွေအခြေတည်ထားတာဟာ ဘက်နှစ်ဘက်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပဲဖြစ်ပါတယ်။ အကြောင်းအရာ ကိစ္စတစ်ခုပေါ်မှာ တိုက်ရိုက်အဆို ထုတ်ပြောတာဖြစ်စေ စောင်းပါးရိပ်ခြည်ထင်မြင်ချက်ပေးတာဖြစ်စေနဲ့ အဲဒီအဆိုဖြစ်စေထင်မြင်ချက်ဖြစ်စေရဲ့ မှန်ကန်မှုကို သံသယဖြစ် စေအောင် မေးခွန်းထုတ်တာပဲဖြစ်ပါတယ်။ အဲသလို ထိပ်တိုက်တွေ့ဆုံမှုမျိုးဖြစ်ပါတယ်။´´ ရှင်မ်ဘော်စကာရဲ့ ကဗျာတွေထဲမှာ အများ အလွယ်တကူလက်ခံထားတဲ့ အဆိုတွေ ၊ ထင်မြင်ချက်တွေကို ပြန်စဉ်းစားဝေဖန်သုံးသပ်စေလိုတဲ့ စေတနာကို တွေ့ရပါတယ်။
ရှင်မ်ဘော်စကာကိုယ်တိုင်သူမရဲ့ ကဗျာအကြောင်း သူမပြောပြတာကတော့ ––“ကျွန်မနိုင်ငံရေးကဗျာဆရာမ မဟုတ်ပါဘူး။ ကွန်မြူနစ်စနစ်အောက်မှာ နေခဲ့ရတော့ ကိုယ်ရေးကိုယ်တာကိစ္စဟာလည်း နိုင်ငံရေးသဘောသက်ဝင်သွားနိုင်တယ်ဆိုတာကိုတော့ မငြင်းပါဘူး။ . . . . ကျွန်မကဗျာဆရာမဘ၀ခံယူစက လူသားထုကို ကျွန်မချစ်ခဲ့ပါတယ်။ လူသားထုအတွက် အကျိုးရှိတာတစ်ခုခု ကျွန်မလုပ်ပေးချင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ကျွန်မသဘောပေါက်သွားပါတယ် ၊ လူသားထုကို ကယ်တင်ဖို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ လူသားထုကိုချစ်ဖို့လည်းမလိုပါဘူး ၊ လူတွေကို ကြိုက်နှစ်သက်ဖို့ပဲလိုပါတယ်။ ချစ်တာမဟုတ်ဘူးနော် ၊ ကြိုက်နှစ်သက်ဖို့ပဲ။ ကျွန်မရဲ့ လူငယ်ဘ၀ရဲ့ ခက်ခဲတဲ့ တွေ့ကြုံမှုတွေကနေ ဒီသင်ခန်းစာကို ရရှိခဲ့တာဖြစ်ပါတယ်။´´ သူမကိုယ် သူမနိုင်ငံရေးကဗျာဆရာမ မဟုတ်ဘူး လို့ပြောပေမယ့် သူမရဲ့ ကဗျာတွေထဲမှာ ပိုလန်နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းဖြတ်သန်းမှုတွေ တွေ့ရပါတယ်။ ၁၉၅၇ မှာ ထုတ်ဝေတဲ့ `Calling Out to Yeti ´ `ယက်တီကို လှမ်းခေါ်ခြင်း´ ကဗျာစာအုပ်မှာ သူမဟာ ကွယ်လွန်သွားတဲ့ ဆိုဗီယက်အာဏာရှင် စတာလင်ကို ယက်တီဆိုတဲ့ ဒဏ္ဍာရီလာကြောက်မက်ဖွယ်ရာ နှင်းခဲလူသားနဲ့ နှိုင်းယှဉ်ရေးသားခဲ့တာတွေ့ရပါတယ်။ စတာလင်ရဲ့ ကွန်မြူနစ်အင်ပါ ယာအောက်မှာ လူသားလွတ်လပ်ခွင့်နဲ့ အနုပညာလွတ်လပ်ခွင့်တို့ ပျောက်ဆုံးရခြင်းကို ဆန့်ကျင်ရေးသားခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ကဗျာ ထဲကပြောနေသူဟာ ဟိမ၀ံတာ တောင်ထိပ်မှာရပ်ပြီး ယက်တီကို လှမ်းခေါ်ပြောဆိုနေတာဖြစ်ပါတယ်––
`ယက်တီ ၊ ရာဇ၀တ်မှုတွေပဲ
ငါတို့ဆီမှာ ရှိတာမဟုတ်ဘူး။
ယက်တီ ၊ စကားလုံးတိုင်းဟာ
သေမိန့်မဟုတ်ဘူး။´
ရှင်မ်ဘော်စကာဟာ ဟစ်တလာရဲ့ နာဇီဂျာမနီနဲ့ စတာလင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကွန်မြူနစ်စနစ်တွေကိုသာ ဆန့်ကျင် တိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။ နယ်ချဲ့အမေရိကန်တွေ မွှေးလိုက်တဲ့ ဗီယက်နမ်စစ်ပွဲကိုလည်း လက်မရှောင်ခဲ့တာတွေ့ရပါတယ်။
ဗီယက်နမ်
“ဟေ့ ၊ ဟာမ ၊ မင်းနာမည်ဘာလဲ´´ “မသိဘူး´´
“မင်းအသက်ဘယ်လောက်ရှိပြီလဲ´´ “မသိဘူး´´
“ဘာဖြစ်လို့ မင်းဒီမြေတွင်းကိုတူးတာလဲ´´“မသိဘူး´´
“မင်းဒီမှာ ပုန်းအောင်းနေတာဘယ်လောက်ကြာပြီလဲ´´ “မသိဘူး´´
“မင်းဘာကြောင့် ငါ့ လက်ချောင်းကို ကိုက်တာလဲ´´ “မသိဘူး´´
“မင်းကို ငါတို့ အန္တရာယ်မပြုဘူးဆိုတာ မင်းမသိဘူးလား´´ “မသိဘူး´´
“မင်းဘယ်သူ့ဘက်ကလဲ´´ “မသိဘူး´´
“ဒါဟာ စစ်ပဲ ၊ မင်းဘက်လိုက်ရလိမ့်မယ်´´ “မသိဘူး´´
“မင်းရွာရှိသေးလား´´ “မသိဘူး´´
“ဒါမင်းရဲ့ ကလေးတွေလား´´ “ဟုတ်တယ်´´။
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
ရှင်မ်ဘော်စကာဟာ ပြင်သစ်ကဗျာတွေကို ဘာသာပြန်ခဲ့သလို သူမရဲ့ ကဗျာတွေကိုလည်း အင်္ဂလိပ် ၊ ဂျာမန် ၊ ဆွီဒင် ၊ အီတာလျံ ၊ ဒိန်းမတ်က် ၊ ဟေဗြူး ၊ ဟန်ဂေရီ ၊ ချက် ၊ ဆလိုဗက် ၊ ဆာဗို -ခရိုအေးရှင်း ၊ ရိုမေးနီးယား ၊ ဘူလ်ဂေးရီယား အပါအ၀င် ဘာသာအသီးသီးသို့ပြန်ဆိုထားတာတွေရှိပါတယ်။ မြန်မာဘာသာပြန်အပါအ၀င်ပေါ့။
ရှင်မ်ဘော်စကာရဲ့ မူရင်း ပိုလန်ကဗျာကို Stanislaw Baranczak နဲ့ Clare Cavanagh တို့ အင်္ဂလိပ်ဘာသာပြန်လိုက်တဲ့ ` true love ´ ကဗျာကို ကိုကိုသက် မြန်မာမှုပြုထားတာ ဖေါ်ပြလိုက်ပါတယ်။
အချစ်စစ်
အချစ်စစ်တဲ့ ၊ ပုံမှတ်မှဟုတ်ရဲ့လား
အလေးအနက်လား ၊ လက်တွေ့ရောကျရဲ့လား
နှစ်ယောက်တည်းတစ်ကမ္ဘာလုပ်နေတဲ့ လူနှစ်ယောက်က
ဒီကမ္ဘာကြီးကို ဘာပေးနိုင်မှာတဲ့တုန်း။
အကြောင်းပြချက် ခြေခြေမြစ်မြစ် မရှိတဲ့
မဏ္ဍပ်တိုင်ထူလိုက်ကြ
သန်းပေါင်းများစွာထဲက တစ်ယောက်ကို စုံလုံးကန်း ရွေးလိုက်ပြီးမှ
ဒါဟာ ဒီလိုပဲဖြစ်ရမယ်လို့ ယုံကြည်လိုက်ကြ
ဘာအတွက်လဲ – သဲထဲရေသွန်။
ရုတ်တရက် သက်ဆင်း လာတဲ့ အလင်းတန်း။
ဘာကြောင့် တခြားသူတွေပေါ်မကျဘဲ ဒင်းတို့ နှစ်ယောက်ပေါ်ကျ
ဒါဟာ တရားမျှတမှုကို ပါးချတာမဟုတ်လား – ဟုတ်ပါ့။
ဒါဟာ ကျားကုတ်ကျားခဲ ထူထောင်ခဲ့ရတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာ ၊
အထွဋ်အထိပ် ရောက်ပြီးသား ကျင့်ဝတ်တွေကို လွင့်ပစ်တာ –
ဒါတွေအားလုံးဟုတ်။
အဲဒီစုံတွဲ သဲနေပုံကိုကြည့်။
သိုသိုသိပ်သိပ်မနေနိုင်ကြဘူးလား
သူငယ်ချင်းတွေကို စာနာစိတ်နဲ့ စိတ်ဓါတ်ကျချင်ယောင်ဆောင် မနေသင့်ဘူးလား။
နားထောင်ကြည့် ဒင်းတို့ ရယ်သံကိုက – စော်ကားမော်ကား။
ဒင်းတို့ပြောတဲ့စကားတွေက ရိုးလွန်းလို့ ယုံနိုင်စရာမရှိ။
ဒင်းတို့ရဲ့ အသေးအမွှားပျော်ပွဲတွေ ၊ အပရိက ထုံးတမ်းစဉ်လာတွေ ၊
အပိုဆာလား အပြန်အလှန် နိစ္စဓူဝတွေ –
သေချာတာက အချစ်စစ်ဆိုတာ လူသားမျိုးနွယ်ရဲ့ နောက်ကြောက ကလိန်ခြုံမှု။
လူတိုင်းသာ သူတို့လို အတုမြင်အတတ်သင်ဖြစ်ကုန်ရင် ဒုက္ခ
တွေးတောင်မတွေးရဲ။
ဘာသာတရားနဲ့ ကဗျာကို ဘယ်ပေါ်သွားထားမလဲ။
ဘာတွေကိုတသ ၊ ဘာတွေကို စွန့်ပစ်ရမှာလဲ ၊
ဘယ်သူတွေကများ အနှောင်အဖွဲ့တွေကြား နေချင်ပါတော့မလဲ။
အချစ်စစ်တဲ့ ၊ တကယ် လိုအပ်လို့လား။
အရှက်ကွဲမှုတစ်ခု ဘ၀ရဲ့အမြင့်ဆုံး အသိုင်းအ၀ိုင်းတွေထဲ
လူသူမသိ ကျော်ဖြတ်သွားပုံမျိုး
လိမ္မာရေးခြားရှိမှုနဲ့ ၊ လူပိန်းတွေးတွေးမှုက အချစ်စစ်ကို ဖြတ်ကျော်ဖို့
ငါတို့ကို ပြောတယ်။
ခြောက်ပြစ်ကင်း သားသမီးရတနာလေးတွေမွေးဖို့ အချစ်စစ်မလို။
အချစ်စစ် ဆိုတာ ဒုလ္လဘမို့
သူ့အားကိုးနေရင် နောင်နှစ်တစ်သန်းလည်း ကမ္ဘာ့လူဦးရေ တိုးတက်မှာမဟုတ်။
အချစ်စစ်ကို မကြုံဖူးတဲ့လူတွေ
အချစ်စစ်ဆိုတာ လောကမှာ မရှိဘူးလို့ပြောကြပါစေ။
အဲဒီလိုယုံတော့ သူတို့တွေ အနေဖြောင့် အသေဖြောင့်တာပေါ့။ ။
ဇေယျာလင်း
9 – Feb – 2012
Tuesday, 13 October 2015
ကောက်ကွေ့ တဲ့မြစ်ကို ဆွဲဆန့် နိုင်ကြပါ့မလား
(၁)
၁၉၆၄ ခုနှစ်လောက်ကပါ...။ တောင်ဗီယက်နမ်မှာ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်တပ်တွေနဲ့ တောင်ဗီယက်နမ် ရုပ်သေးအစိုးရ ငုယင်ကောင်ကီးရဲ့ တပ်တွေ ဖရိုဖရဲ စစ်ရှုံးနေတုန်း။ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ်လွတ်မြောက်ရေးတပ်တွေက မြို့ တော် ဆိုင်ဂုံကို ဝိုင်းထားတဲ့အချိန်...။
မနက်ခင်း လဘက်ရည်ဆိုင်ထိုင်ကြတဲ့အခါ သတင်းစာကို စားပွဲပေါ်မှာဖြန့် ပြီး ကျနော်တို့ က ဗီယက်နမ်စစ်ပွဲမြေပုံကို ဝိုင်းစုမှတ်သားနေခဲ့ကြပါတယ်။ ကျရှုံးသွားတဲ့ တောင်ဗီယက်နမ်မြို့ တွေ တမြို့ ပြီးတမြို့ ကို ကျနော်တို့ လက်ထဲက မင်နီချောင်းနဲ့ ဝိုင်းပတ်မှတ်သားလိုက်ကြပါတယ်။
ကျနော်တို့ ဟာ အဲဒီတုန်းက ဗီယက်နမ်မျိုးချစ်တပ်တွေဘက်ကရပ်တည်ပြီး နေ့စဉ် လဘက်ရည်ဆိုင် ရင်ခုန်သံစည်းချက်နဲ့  စစ်ပွဲကြီးတပွဲကို စေါင့်ကြည့်နေကြတဲ့အချိန်။
မှတ်မိပါသေးတယ်။ ကိုခါး( ငခါး-ကွမ်းခြံကုန်းမဟုတ်ပါ)က ဆံပင် ကြောထောက်နဲ့ ။ ကိုဦး (ကဗျာဆရာ မင်းခိုင်ဦး) က ခေါင်းလောင်းဘောင်းဘီနဲ့ ။ ကိုစန်းမောင်( ယခု ပဲခူးမြို့ က ရှေ့ နေကြီး ဦးစန်းမောင်) က လည်ကတုံးအကျီနဲ့ ။ ကျနော်ကတော့ ရင်ပတ်ကြယ်သီးဖြုတ်အကျီ ချက်ပြုတ်ပုဆိုးနဲ့ ။
ဒီတုန်းက ပဲခူးမြို့ က ကျနော်တို့ လူငယ်တသိုက်... မော်စီတုံးရဲ့ကဗျာတစ်ပုဒ်ခေါင်းစီးကိုယူပြီး “ဆီးပွင့်” ဆိုတဲ့ ဘာသာပြန်ကဗျာစာအုပ် ထုတ်ခဲ့ကြပါတယ်။ အရှိန်အဟုန်ကြီးကြီးနဲ့ တက်လာနေတဲ့ တကမ္ဘာလုံးက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေကို ဂုဏ်ပြုတဲ့အနေနဲ့  “ဒီရေ” ဆိုတဲ့ ကဗျာစာအုပ်ကိုလည်း ထုတ်ခဲ့ကြပါတယ်။
အခု...နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ်...ကြာပြီးတဲ့နောက်။ ကြည်မောင်သန်းရဲ့  “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ထဲက “ သူတို့ ” ဆိုတဲ့ ကဗျာတစ်ပုဒ်ကိုဖတ်မိတဲ့အခါ ကျနော် မှတ်မှတ်ထင်ထင် အလွမ်းမြစ်ထဲ မျောလိုက်မိတယ်။
သူတို့ 
တပြိုင်နက် ဆံပင်ရှည်ထားကြ
ဘီးတယ်လ်သီချင်းတွေ နားထောင်ကြ
ခေါင်းလောင်းဘောင်းဘီတွေ ဝတ်ကြ
ဗီယက်နမ်စစ်ကို ဆန့် ကျင်ကြ
သူတို့ 
အသံသစ်တွေနဲ့  ဧည့်ဝတ်ကျေပြွန်ခဲ့ကြတယ်။
သူတို့ 
တပြိုင်နက် လဘက်ရည်ဆိုင်ထိုင် ရီဝေကြ
ပင့်ကူအိမ်ထဲက ပိုးကောင်တွေလို ဘဝ
ရုတ်တရက် ဂေါ်ဘာချော့ဗ်၊ ဘာလင်တံတိုင်းနဲ့ 
သံကန့် လန့် ကာကို ဆွဲဖွင့်ကြ
သူတို့ 
ကမ္ဘာကြီးကို လက်နဲ့ ဆွခဲ့ကြတယ်။
သူတို့ 
တပြိုင်နက် ဆံပင်တွေ အရောင်ဆိုးကြ
ဟစ်ဟော့သီချင်းတွေ နားထောင်ကြ
ကွန်ပျူတာနဲ့ ထိတွေ့ ကြ
ဂိမ်းစ်တွေ ကစားကြရင်း
အနိုင်ရတာကို အရသာတွေ့ ကြ
သူတို့ 
ကောက်ကွေ့ တဲ့မြစ်ကို ဆွဲဆန့် နိုင်ကြပါ့မလား...။
(၂)
လွတ်လပ်မှုရဲ့ သင်္ကေတဟာ
ကမ်းခြေတစ်ခုလို့ ဆိုရင်
ဟိုမှာ
ကမ်းခြေတစ်ခု အဓွန့် ရှည်ဖို့ 
မာကျောကျောရုပ်ရည်နဲ့ 
အကာအကွယ်တွေ ပေးနေသူတွေ...။
                (ကြည်မောင်သန်းရဲ့ ကျောက်ဆောင်များ ကဗျာမှ...)
ကျနော်တို့ ခေတ်တုန်းကတော့ ဗန်းမော်တင်အောင်ဆိုတာလည်း မာကျောကျော စိတ်ဓါတ်ရုပ်ရည်နဲ့ ပါပဲ။ ကျွန်း အစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကိုလေးမောင် ဆိုတာလည်း မာကျောကျော ရုပ်ရည်နဲ့ ပါပဲ။ အနှစ်နှစ်ဆယ်ကို ရေးသွားတဲ့ ဗိုလ်မှူးချစ်ကောင်းဆိုတာလည်း မာကျောကျောရုပ်ရည်နဲ့ ပါပဲ။
ကျနော်တို့ဟာ ကျနော်တို့ခေတ်မှာ လေးစားရမယ့်သူကို တလေးတစားရှာခဲ့ကြတယ်။ ကျောက်ဆောင်တွေကို ဘယ်သူတွေ ကာကွယ်ဖို့ ကြိုးစားခဲ့ကြသလဲဆိုတာ သိချင်ခဲ့ကြတယ်ဆိုပါတော့။
အဲဒီ မာကျောကျောရုပ်ရည်နဲ့ လူတွေဟာ ကျောက်ဆောင်ကို ကာကွယ်ရင်းနဲ့ ကျဆုံးသွားခဲ့ကြသလို ကျနော်တို့ ကကော ကျနော်တို့ ခေတ်ကြီးအတွက် ဘာတွေများ သက်ပြင်းတွေ ချွေခဲ့ကြသလဲ။ ကျနော်တို့ ကမ္ဘာမြေကြီးအတွက် ဧည့်ဝတ်ကျေခဲ့ကြပါရဲ့လား။
နှစ်တွေလည်း ရူးသလို ပေါသလို ကုန်ဆုံးသွားခဲ့ပြီ
ဒီလိုအနေအထားမှာ
သေသွားတဲ့ သူငယ်ချင်းတွေကို သတိရတယ်
မသေမရှင် သူငယ်ချင်းတွေနဲ့ 
သေချင်ယောင်ဆောင်နေတဲ့ သူငယ်ချင်းတို့ ရေ
တို့ နောက်က ဆံပင် နီကြောင်ကြောင် မျိုးဆက်ကို
တို့  ဘာတွေ လက်ဆင့်ကမ်းနိုင်ခဲ့ပါသလဲ။
          (ကြည်မောင်သန်းရဲ့ သူငယ်ချင်း အပျင်းပြေဖတ်ဖို့  ကဗျာ..မှ)
ဒီကဗျာပိုဒ်ကိုဖတ်တော့ ကိုယ့် အတ္တ ပုဂ္ဂလိက ဒိုင်ယာရီထဲမှာ ကမ္ဘာကြီးကို မျက်ကွယ်ပြုသွားကြတဲ့ ကဗျာဆရာတိုက်မောင်းကို သတိရတယ်။ နိုင်ဝင်းဆွေကို သတိရတယ်။ သေချင်ယောင်ဆောင်နေတဲ့ ကဗျာဆရာမ မိဆူးပွင့်ကို သတိရတယ်။ မသေမရှင်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို သတိရတယ်။
တချိန်ကတော့ ဟုတ်ပါတယ်...။ ကြည်မောင်သန်းရဲ့ ကဗျာတစ်ပုဒ်ထဲကလို ကျနော်တို့ ဟာ ဟစ်ပီယောင်ယောင် ဂျစ်ပစီယောင်ယောင်နဲ့  စံနစ်တစ်ခုရဲ့ သားကောင်ဖြစ်ခဲ့ကြပေမယ့် ကျနော်တို့  ဓါးတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်နိုင်ခဲ့တာပဲ မဟုတ်လား။ ကျနော်တို့  ဖြတ်သန်းခဲ့ကြတာပဲ မဟုတ်လား။ အချုပ်ခန်းတွေ ထောင်တွေ ရဲဘက်စခန်းတွေ ပိုက်လုံးကြီးတွေ ရထားသံလမ်းတွေ ဘူတာရုံတွေ ပလက်ဖေါင်းတွေ အရက်ဆိုင်တွေကို ဖြတ်သန်းရင်း...ကျနော်တို့ စစ်အေးခေတ်ကြီးကို ထားခဲ့ကြတာပဲ မဟုတ်လား။ တစ်ပါတီစံနစ်ကို ထားခဲ့ကြတာပဲ မဟုတ်လား။
တချို့ က ကျေနပ် လိုက်ကြတယ်။ ကျေနပ်လိုက်တာနဲ့ တပြိုင်နက် လွတ်လပ်မှုဟာ ကျဆုံး သွားပြီ ဆိုတာ မသိလိုက် ကြဘူးလေ။
မီးတိုင်အောက်က မျက်လုံးတစုံဟာ အခုတော့ ညကပွဲခန်းမထဲမှာ ရောင်းအားမြှုင့် မျက်လုံးတစုံအဖြစ် ဈေးကွက်စီးပွါးရေးဆန်လာတာ ကျနော်တို့ သတိပြုမိပါရဲ့လား။
ကျနော်တို့ က တစ်စက်မှ မယိုဖိတ်ရအောင် နေချင်ခဲ့ကြတာပါ။ ဒါပေမယ့် တာကျိုးတဲ့အသံကြီးကသာ ခေတ်ကြီးတစ်ခုလုံးကို လွှမ်းသွားခဲ့တယ်။
အ ကာလ
စိန်ပန်းတွေ မြေခ
ဆိတ်ဖလူးရနံ့ မွှေးမြ
အသံမဲ့ ကြယ်တွေ ကြွေကျ
အ ကာလ။
ကလေးရယ်
မင်းကို မွေးတဲ့အခါ
ကံဆိုးမိုးမှောင်ကျ
အ ကာလ။
ကလေးရယ်
မင်းအမေ အပြင်းအထန် ချီတက်ခဲ့ရ
မင်းအဖေ အသည်းအသန် ထွန်ယက်ခဲ့ရ
အ ကာလ.
တကယ်တော့ ကလေးရယ်
သေသေချာချာ တွေးကြည့်တော့မှ
အ ကာလဆိုတာ
ညတညရဲ့ ဈာပန ဖြစ်နေရဲ့။ု
          တခါတရံမှာ ကျနော်တို့  ထောင်ချောက်တွေထဲ ဆင်းခဲ့မိကြတာလည်း ရှိတယ်။ ဒီခေတ်ရဲ့ထောင်ချောက်တွေက ဥပဓိရုပ်မငြိမ်ဘူးလေ။ အရောင်စုံလွန်း ထွေထွေပြားပြားဖြစ်လွန်းတော့ ထောင်ချောက်တွေက ဗို့အားမြှင့်ဘို့ မလိုလောက်အောင်ကိုပဲ အနံ့ ပြင်းတယ်။ ဒီလိုနဲ့ ဆယ်ယောက်ရှိရင် ဆယ်ယောက်၊ နှစ်ယောက်ရှိရင် နှစ်ယောက် လမ်းတွေကွဲကြရတယ်။ ကျနော်ဆုတောင်းတယ်လေ...။ လမ်းဆုံတနေရာမှာတော့  ထောင်ချောက်ထဲက လူတချို့  ပြန်ဆုံနိုင်ကောင်းရဲ့လို့ ပေါ့။  ပိန်းပိတ်အောင် မှောင်လွန်းတဲ့ ခေတ်ကြီးတစ်ခေတ်ရဲ့ ဈာပနကို အတူတူ လိုက်ပို့ လို့  ရစကောင်းရဲ့ပေါ့။
          ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်တစ်အုပ် သေနတ်တစ်လက်နဲ့  လက်တင်အမေရိကတိုက်က လူငယ်တစ်ယောက်ကို ကျနော်တို့ အားကျခဲ့ဖူးတာ ကောင်းပါတယ်။ အင်းစိန်ထောင်ထဲက လှဲပစ်လိုက်တဲ့ သမိုင်းဝင် ဆိတ်ဖလူးပင်ကို လွမ်းတတ်တာ ကောင်းပါတယ်။ ကိုဗဟိန်းက လရောင်အောက်မှာထိုင်ပြီး  ခင်မကြီးဆီ စာရေးခဲ့တာ ကောင်းပါတယ်။
          ကဗျာဆရာတစ်ယောက်က ကဗျာစာအုပ်တစ်အုပ်ထဲမှာ ကဗျာပုဒ်ရေ ၁၀၀ နဲ့  လောကကြီးကို ကြိုးပစ်ပြီး ဖမ်းဖို့ ကြိုးစားသွားတာ ပိုပြီးကောင်းပါတယ်။
(၃)
ကြည်မောင်သန်း ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာ ကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ဖတ်ရှုခံစားကြည့်ခဲ့တာပါ။
ဒီကဗျာစာအုပ်ထဲမှာ “ကြည်မောင်သန်း” ရဲ့ စာပေလောကအတွင်း စတင်ခြေချတဲ့ကဗျာ “ဆူးလေလမ်း၏ ရာဇဝင် ကဗျာ”၊ ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ ရဲ့ ၁၉၉၄ တစ်နှစ်အတွင်း အကြိုက်ဆုံးကဗျာ “ဖြောင့်ချက်”၊ မန္တလေး စာဖတ်သူများရဲ့ အကောင်းဆုံးကဗျာဆုရ ကဗျာ(၁၉၉၈) “လက်”၊ ၂၀၀၆ ပျဉ်းမနား အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆုရ “တောင်အမေရိကကို သွားချင်တယ်” ကဗျာ၊ ၂၀၀၆ ရွှေအမြုတေ စာပေဆု(ကဗျာ) အဖြစ် “အာရှတိုက်ရဲ့ တစ်နေရာ” ၊ ၂၀၀၆ ရွှေဘိုမြို့  ပန်းကဗျာ ခေတ်ပေါ်ကဗျာဆုရ “ငါလည်းတစ်နေ့ ” ကဗျာတွေကို ထည့်သွင်းဖေါ်ပြပါရှိတာတွေ့ ရလို့  ပိုမို စိတ်ဝင်စား ခံစားခဲ့ရ။
(၄)
“ကြည်မောင်သန်း” ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ကျနော်ဖတ်ခဲ့ပါတယ်။ မေးခွန်းတွေလည်း မေးမိသွားပါတယ်။
ကျနော်တို့ ရဲ့ တံပိုးတန်းခေတ်မှာ ကောက်ကွေ့ တဲ့မြစ်ကို ဆန့် အောင် ဆံပင်နီကြောင်ကြောင် လူငယ်တွေ တကယ် ကြိုးစားနေကြမယ်ဆိုတာကိုတော့ ယုံကြည်လျက်...။
ရာဇဝင်မြစ်ကတော့ တံတားအောက်မှာ စီးဆင်းသွားနေလျက်...။    ။
ငြိမ်းဝေ
သေနတ်သံတွေ တိတ်သွားတဲ့အထိ ကဗျာတွေရွတ်ဆိုကြ
တခါတရံမဂ္ဂဇင်းတချို့တွင် ကဗျာရွတ်ပွဲများအကြောင်းကိုဖတ်ရသည်။ ထိုအခါ ကဗျာရွတ်ဆိုသည့်
အလေ့အကျင့် အနည်းအကျဉ်းရှိလာခဲ့သူမိမိအဖို့ အလိုလိုတက်ကြွရွင်လန်းနေမိသည်။ မဂ္ဂဇင်းထဲ
တွင်ပါသည့် ကဗျာရွတ်ပွဲများကို စိတ်ကူးနှင့်မြင်ကြည့်သည်။ စိတ်နားနှင့် ထောင်ကြည့်သည်။ ကဗျာ
ရွတ်ဆိုနေကြသူများ၏ ကိုယ်ဟန်အမူအယာများကိုစိတ်ကူးဖွဲ့ကြည့်သည်။ ရွတ်ဆိုကြသည့်ကဗျာများ
ထဲ၌ မိမိကျက်မှတ်မိပြီး ကဗျာ ပါဝင်ပါက ကိုယ်တိုင်ကဗျာဝင်ရွတ်နေသလို စိတ်လှုပ်ရှားရသည်။ ကဗျာ
တပိုင်းတစကို ပါးစပ်ကအလိုလို ရွတ်ဆိုမိလျက်သားဖြစ်ရသည်။ ကဗျာရွတ်ပွဲတွင် ပါဝင်ရွတ်ဆိုသူများ
၏ ရင်ခုန်မှုအရှိန်အဟုန်များမှာမီး တောက်တခုက တခြားမီးတောက်တခုဆီ ယိမ်းထိုးကူးယှက်သွား
သလို မိမိထံ ထိယှက်ပူးဝင်လိုက်ကြခြင်း ဖြစ်ဟန်တူလေသည်။
အမှန်စင်စစ် ကဗျာရွတ်ဆိုခြင်းအလုပ်ကို မိမိကိုယ်တိုင်က အသိရှိရှိနှင့်စတင် ဆောင်ရွက်လိုက် နိုင်ခဲ့
ခြင်းတော့မဟုတ်ချေ။၁၉၉၃ခု၊ မာနယ်ပလောတွင်ကျင်းပသည့် စာဆိုတော်နေ့အခမ်းအနားတွင် ရှုဒေါင့်
ဂျာနယ်အယ်ဒီတာဟောင်း (ဦး)၀င်းခက်က “မနက်ဖြန်ကြရင် ဒီကဗျာကိုရွတ်ပေးစမ်း”ဟုဆိုခြင်းဖြင့် မိမိ
မှာ ကဗျာရေးသူအဖြစ်မှ ကဗျာရွတ်သူအဖြစ်သို့ ဖြတ်ကနဲကူးပြောင်းရောက်ရှိသွားခဲ့ရ၏။
ရွတ်ဆိုရမည့် ကဗျာက ဆရာမောင်သော်က၏ “မီးခြစ်တစ်ဆံ”ကဗျာဖြစ်သည်။ စကားပြောခွက်ရှေ့ကို
ရောက်သည်အထိ မည်သည့်အသံအနေအထားနှင့် ရွတ်ဆိုရမည်ဆိုသည်ကိုရွေးချယ်မဆုံးဖြတ်နိုင်သေး။
ကံအားလျော်စွာ ကဗျာအကြောင်းအရာကို ရုတ်တရက်တွေးမိကာ လက်သီးကိုဆုပ်အသံကိုမြှင့်ပြီး အော်
ဟစ်လိုက်မိသည်။ “အနှစ်နှစ်ဆယ်တဲ့လားဟေ့...” ဆိုပြီး အော်ဟစ်လိုက်သည့် မိမိအသံမှာကရင်လူငယ်
အစည်းအရုံး ခန်းမဆောင်အတွင်း ပဲ့တင်ထပ်မျှ ဟိန်းသွား၏။  ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တခုလုံး
သွေးများ ပူလောင်ဆူပွက်လာပြီး ကျန်ကဗျာပိုဒ်များကို အလိုလို ရွတ်ဆိုမိလျက်သားဖြစ်သွား၏။ မိမိ၏
ခံစားမှုအရှိန်အဟုန်များ  လေထဲတွင် ခုန်ပေါက်ပြေးလွှားနေစဉ်  လက်ခုပ်သံများ ထွက်ပေါ်လာခဲ့၏။
ဆက်လက်ရွတ်ဆိုရန် ကဗျာစာသား မရှိတော့သည့်တိုင်၊ ကဗျာရွတ်ဆိုသံ ရပ်ဆိုင်းသွားသည့်တိုင်
 ဖြန့်ထွက်ဝေးကွာသွားနေသည့် စိတ်အလျင်များကို မိမိမှာပြန်လည်ရုပ်သိမ်းလို့မရနိုင်သေး။ မိမိ၏
စိတ်အလျင်မှာ ရှေ့တွင်ထိုင်နေသည့် လူအုပ်၏ နှလုံးသားကို ဒိုးယိုပေါက် ထွင်းဖောက်သွားခဲ့၏။
စိတ်အလျင်များကို ပြန်လည်ရုပ်သိမ်း ထိန်းချုပ်လာနိုင်သောအခါမူ မျက်လုံးအိမ်များထဲ၌ မျက်ရည်
များနှင့် မှုန်ဝါးနေလေတော့သည်။
၁၉၉၄ ခုနှစ်တွင် အသံလွှင့်ဌာနတခု၌ အပါတ်စဉ် ပုံမှန်အစီအစဉ်တခုကိုအသံလွှင့်ခွင့်ရ၏။ ထိုအခါ
တပါတ်လျှင်တကြိမ် ကဗျာရွတ်ဆိုရသည့်သဘောဖြစ်လာ၏။ ၁၉၉၃ခုနှစ်“မီးခြစ်တဆံ”ကဗျာကိုရွတ်
ဆိုစဉ်က ကဗျာအကြောင်းအရာကိုတွေးမိပြီး အများစိတ်ဝင်စားအောင်ရွတ်ဆိုနိုင်ခဲ့သည့်အတွေ့အကြုံ
အရ၊ အသံလွှင့်ဘို့ ရွေးချယ်ထားသည့် ကဗျာများကို  အဓိပ္ပါယ် နားလည်သည်ထက် နားလည်ရန်
အကြိမ်ကြိမ် အထပ်ထပ်ဖတ်၏။ အဓိပ္ပါယ်နားလည်လျှင် ကဗျာဖတ်သည့်အခါ ပိုမိုအဆင်ပြေသည်ကို
သတိပြုမိလာ၏။ ကဗျာဖတ်သည့်အခါ စိတ်နှင့်ဖတ်သည်ထက် အသံထွက်ဖတ်ခြင်းဖြင့် ကဗျာရွတ်ဆို
ရာတွင် အလုပ်တ၀က်ပြီးသလိုဖြစ်ရ၏။
အသံလွှင့်ရန် ကဗျာများကိုရွေးချယ်ရာ၌ ပထမပိုင်းတွင် ကာရန်ပါသည့်ကဗျာများကိုဖတ်လျှင် ရွတ်ဆိုရ
ပိုမိုအဆင်ပြေသည်ဟုထင်၏။ ထို့ကြောင့် ကာရန်ပါသည့်ကဗျာများကိုသာဦးစားပေးပြီးရှာဖွေရွတ်ဆို၏။
သို့သော် ရွေးချယ်ထားသည့်အသံလွှင့်အစီအစဉ်ခေါင်းစဉ်က နိုင်ငံရေးနောက်ခံဖြင့်ပေးထားသဖြင့် နိုင်ငံရေး
နောက်ခံရှိပြီးကာရန်နှင့်ရေးဖွဲ့ထားသည့်ကဗျာများမှာရှာရဖွေရခက်ခဲလာခဲ့၏။ ထိုစဉ်ကမိမိမှာမာနယ်ပလော
တွင် နေထိုင်သူဖြစ်သဖြင့်လည်း ပြည်တွင်းမှကဗျာပါသည့် စာအုပ်များကို ဆက်သွယ်ရယူရန်မှာအခက်အခဲ
ရှိ၏။ အခြေအနေကတောင်းဆိုသဖြင့် ကာရန်မပါပဲရေးဖွဲ့သည့်ကဗျာများ၊ လွတ်လပ်ကာရန်စနစ်ဖြင့်ရေးဖွဲ့
သည် ကဗျာများဖက်သို့ အလိုလိုဦးလှည့်ခဲ့ရ၏။ ထိုအခါ ကာရန်မဲ့ ကဗျာများမှာ ကာရန်နှင့်ရေးစပ်သည့်
ကဗျာများထက် ပိုမိုအားစိုက်ရွတ်ဆိုရန်လိုအပ်ကြောင်း ထူးထူးခြားခြား သတိပြုမိလာရလေသည်။
ကာရန်မပါသည့်ကဗျာများကို ရွတ်ဆိုသည့်အခါ အသံအနိမ့်အမြင့်နှင့် အသံစီးဆင်းပုံ၏ ၀ိသေသကို
ထိတွေ့ခွင့်ရ၏။ အသံအနိမ့်အမြင့်နှင့် အကွာအဝေး မတြာများမှာပုံမှန် ပုံသေမရှိသဖြင့် ကဗျာရွတ်ဆို
နေစဉ် အသက်ရှူနူန်းမှာလည်း ပုံမှန်ပုံသေထားပြီးအသက်ရှူလို့မရနိုင်တော့။ ကာရန်နှင့်ရေးဖွဲ့သည့်
ကဗျာများမှာမူ ကာရန်အမျိုးအစားအပေါ်မူတည်ပြီး အသက်ရှူမှုအပြင်းအပေါ့ကွာခြားသည်မှလွဲ၍
အသက်ရှူချိန်။ ရှူနှုန်း တခုနှင့်တခု သိပ်ပြီးကွာဟမှုမရှိလှ။ မသိသာလှ။ ကာရန်ပါသည့်ကဗျာများမှာ
နရီကို ချိန်ကိုက်ထားသလောက်ဖြစ်၏။ ထို့ကြောင့် ကာရန်ပါသည့် ကဗျာကိုရွတ်ဆိုလျှင် သီချင်းတပုဒ်
ကိုလူတိုင်းလိုက်ပြီး စည်းဝါးတီးသလို အထိုက်အလျောက်လွယ်ကူ၏။ ကာရန်မဲ့ကဗျာများ၏ အသံ
တည်ဆောက်ပုံမှာမူ ပုံမှန်၊ ပုံသေမဟုတ်သဖြင့် ရွတ်ဆိုရာ၌ တမူထူးခြားသစ်လွင်နေလေသည်။
ကဗျာရွတ်ဆိုခြင်းပဲဖြစ်ပစေ ကဗျာဖတ်သည်ပဲဖြစ်ပစေ ကဗျာကိုသီချင်းဆိုသလိုရွတ်ဆိုခြင်းနှင့်
ဇာတ်ဟန် ဇာတ်သံနှင့် ရွတ်ဆိုခြင်းများကိုမူ ကျနော်မနှစ်သက်မိပါ။
အသံလွှင့်ဌာနမှတဆင့် ကဗျာရွတ်ခွင့်ရလာသောအခါ ဗြိတိသျှကဗျာဆရာကြီး ‘ဒီလန်တောမတ်စ်’ ကို
သတိရတတ်၏။ သူကအသံလွှင့် ဌာနမှတဆင့်ကဗျာတွေအများကြီးရွတ်ဆိုသွားခဲ့သူဖြစ်သည်။ ထို့ပြင် 
အမေရိကန်ကဗျာဆရာများဖြစ်ကြသည့် ‘ရောဘတ်ဖရော့ခ်’နှင့်‘မာယာအင်ဂျီလို’တို့ကိုလည်းစိတ်ထဲစွဲ
နေ၏။ သူတို့နှစ်ဦးက အမေရိကန်သမ္မတနှစ်ဦး၏ သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲများတွင် တက်ရောက်
ကဗျာ ရွတ်ဆိုဖို့ ဘိတ်ကြားခြင်းခံခဲ့ကြရသူများဖြစ်၏။ သူတို့တတွေ ဘယ်လို ကဗျာရွတ်သည်ကို မတွေ့
မမြင်ဘူးသော်လည်း ကဗျာရွတ်သူများဖြစ်သည်ဟူသည့်အသိတခုတည်းနှင့်ပင် မိမိမှာ ရင်ခုန်လို့မဆုံး။
လူမျိုးနှင့်ချီပြီးကဗျာရွတ်ဆိုခြင်းနှင့် ကဗျာရွတ်ဆိုခြင်းကို နားထောင်သည့်အလေ့အကျင့်ရှိသူ များမှာ
ရုရှားလူမျိုးများဖြစ်သည်ဟုကြားဖူး၏။ကဗျာဆရာ‘မာယာကော်စကီး’နှင့်‘ယက်ဖ်တူရှင်ကို’တို့၏ကဗျာ ရွတ်ပွဲများကိုရုရှားလူမျိုးထောင်သောင်းချီပြီးတက်ရောက်နားထောင်တတ်ကြ၏ ။ကဗျာဆရာ‘မာယာ
ကော်စကီး’လူပုံအလယ်တွင် ကဗျာရွတ်နေပုံသတင်းဓါတ်ပုံထဲတွင် တွေ့ဖူး၏။ သူတို့ကဗျာရွတ်သံများ
ကိုမူမကြားဘူးသေး။
၁၉၉၈ ခုနှစ်လည်ပိုင်းက နော်ဝေနိုင်ငံမှ ထိုင်းနိုင်ငံသို့အပြန်ရုရှားနိုင်ငံ၊ မော်စကိုလေဆိပ်တွင်
လေယာဉ်ပြောင်းစီးရန် (၅)နာရီမျှ ထိုင်စောင့်ခဲ့စဉ်ကလေဆိပ်ထဲတွင်ရှိသည့် တိတ်ခွေနှင့်စီဒီခွေ
အရောင်း ဆိုင်များတွင် ‘မာယာကော်စကီး’နှင့် ‘ယက်ဖ်တူရှင်ကို’ကဗျာရွတ်ထားသည့် အသံသွင်း
တိတ်ခွေများကို တွေ့လိုတွေ့ငြား လိုက်ရှာခဲ့၊ မေးခဲ့ဖူး၏။ ရှာလို့မေးလို့မရခဲ့။
မိမိနိုင်ငံတွင်လည်းကဗျာရွတ်ပွဲများ ကြိုးကြားကြိုးကြား ကျင်းပသည်ကို ကြားနေခဲ့ရ၏။ သို့သော်
ကဗျာဆရာများနှင့် ကဗျာချစ်သူအနည်းငယ်မျှသာစုဝေးကြပြီး တယောက်တလှည့် ကဗျာရွတ်ဆို
ကြခြင်း သာဖြစ်သည်။ အများပြည်သူတက်ရောက်နားထောင်နိုင်သည့် အခွင့်အလမ်းနှင့်အလေ့အထ
ကိုမူ ယ္ခုအထိမဖန်တီးနိုင်သေး။
ကဗျာရွတ်ဆိုခြင်းအလုပ်ကို ခုံမင်မိန်းမူးလာသဖြင့် ကဗျာရွတ်ပွဲများဖြစ်ပေါ်ရန်၊ လူပုံအလယ်တွင်
ကဗျာရွတ်ခွင့်ရရန် ဖန်တီးချင်လာခဲ့၏။ ထို့ကြောင့် ကမ္ဘာ့ကဗျာနေ့အပါအ၀င်၊ တခြား စာပေနှင့်
နိုင်ငံရေး ဆိုင်ရာအခမ်းအနားများတွင် ကဗျာတက်ရောက်ရွတ်ဆိုခွင့်ရရန် အခမ်းအနားဦးစီးကျင်းပ
သူများထံ ချဉ်းကပ် တောင်းဆိုမိ၏။ သက္ကရာဇ် ၂၀၀၀ ခုနှစ်မှစတင်ကာ ကဗျာရွတ်ပွဲ၊ ကဗျာရွတ်
ဆိုခြင်းအစီအစဉ်ပါရှိသည့် အခမ်းအနားများတွင် ကဗျာရွတ်ဆိုခွင့်ရလာခဲ့၏။ တချို့အခမ်းအနားများ
တွင်မူ မိမိကိုယ်တိုင်က မချဉ်းကပ်ပဲ ကဗျာတက်ရောက်ရွတ်ဆိုပေးပါရန် ဘိတ်ကြားခြင်းကိုလက်ခံ
ရရှိလာခဲ့၏။ ယ္ခုအခါ အသံလွှင့်ဌာနအပါအ၀င် အခမ်းအနားပေါင်းစုံတွင် တက်ရောက်ရွတ်ဆိုခဲ့သည့်
ကဗျာပုဒ်ရေ(၄၆၀)ကျော်ရှိခဲ့ပြီ။ ကဗျာရွတ်ဆိုခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးမှာ တွေးမိတိုင်း
ပီတိဖြစ်ဖွယ်ကောင်းလှ၏။
ကဗျာရွတ်ဆိုခြင်းနှင့် ပါတ်သက်ပြီးရုရှကဗျာဆရာကျော် “ယက်ဖ်တူရှင်ကို” ပြောဖူးသည့်စကားမှာ
မှတ်သားဖွယ်ဖြစ်၏။ သူက “ကဗျာရွတ်တာနားထောင်ပြီးသူတိုင်းနားထောင်သူအဖြစ်မှ ကဗျာဖတ်သူ
အဖြစ်သို့ မလွဲမသွေရောက်ရှိလာလိမ့် မယ်”  ဟူ၍ပြောဖူးလေသည်။
ယ္ခုနှစ်ဒုတိယလ၊ လဆန်းပိုင်းတွင် RFA မှတဆင့် “လက်တဖက်ကို မြဲနေအောင်ကိုင်ထား”ကဗျာ ကို
ကျနော်ရွတ်ဆိုခဲ့၏။ နှစ်ရက်ခန့်ကြာသောအခါ တယ်လီဖုံးမြည်သံကြားလို့ ကောက်ကိုင်လိုက်စဉ်
“လက်တဖက်ကတယ်လီဖုံးကို မြဲနေအောင်ကိုင်ထား”ဟုတဖက်မှကြားလိုက်ရ၏။ တအံ့တသြဖြစ်နေစဉ်
 အောင်ခင်လေဗျာ’ ဟူသောအသံကိုပါကြားရ၏။ ကျနော့်မှာမဖေါ်ပြနိုင်လောက်အောင် ၀မ်းသာရသည်။
(၇)နှစ်တာမျှ အဆက်အသွယ်ပြတ်နေခဲ့သည့် ဒေါက်တာအောင်ခင်၏ အသံကို တယ်လီဖုံးထဲမှကြား
လိုက်ရ၍ဖြစ်၏။ သူကRFAမှာ ကျနော်ရွတ်ဆိုခဲ့သည့် ခေတ်ပေါ်ကဗျာ ‘လက်တဖက်ကို မြဲနေအောင်
ကိုင်ထား’ ကဗျာကိုရည်ညွှန်းပြောလိုက်ခြင်းဖြစ်၏။ တဆက်တည်းဆိုသလိုပင် ဒေါက်တာအောင်ခင်လို
ကဗျာ နှင့်ဝေးနေသူအဖြစ် မိမိဖက်မှ ယူဆထားသူတဦးထံမှ ‘အဲဒီကဗျာကကာရန်မပါဘူးဗျ၊ ခင်ဗျားမိုလို့
နားထောင် ကောင်းတာနဲ့တူတယ်၊ တခြားလူဆိုရင် ပျက်သွားမှာ’ဟုအားပေးစကားကြားလိုက်ရ၏။
ယ္ခုအခါ ဒေါက်တာ အောင်ခင် သည် ကဗျာနှင့်နီးလာနေပြီလော ဟုပီတိဖြစ်မိသည်။
ကဗျာရွတ်သည့်အခါ ကဗျာရွတ်သံကိုနားထောင်သည့်အခါ ရွတ်ဆိုရင်း၊ နားထောင်ရင်း၊ ကဗျာရွတ်သူနှင့်
ကဗျာနားထောင်သူ နှစ်ဦးစလုံးစရဏကိုထိန်းကာလေ့ကျင့်သလိုဖြစ်သွားရ၏။ ပရဟိတ္တ ကိုထိတွေ့ရ၏။
ဗျာပါဒကိုစားသုံးမိသွား၏။ ၀ိမုတ္တိကိုတခဏမျှရ၏။ ငြိမ်းချမ်းရေး၏ အခြေခံ ယဉ်ကျေးမှုရေး အုတ်မြစ်တခု
ချလိုက်သလိုဖြစ်ရ၏။
နိုင်ဂျီးရီးယားစာရေးဆရာကဗျာဆရာ `ကင်ဆာရိုဝီဝါ´ က အိုဂိုနီလူမျိုးစုများအတွက် ဆောင်ပုဒ် တစ်ခု
ဖန်တီးပေးခဲ့သည်။ သူ့ဆောင်ပုဒ်က ` ကကြကကြ သေနတ်သံတွေ တိတ်သွားတဲ့အထိကကြ´ ဟူ၍
ဖြစ်သည်။ ကျနော်ကလည်းကဗျာချစ်သူများအတွက် ဆောင်ပုဒ်တစ်ခု တင်ပြချင်နေသည်။ ကျနော့်
ဆောင်ပုဒ်ကတော့ ` ရွတ်ဆိုကြ ရွတ်ဆိုကြ သေနတ်သံတွေ တိတ်သွားတဲ့အထိကဗျာတွေ ရွတ်ကြ´
ဟူ၍ ဖြစ်ပါသည်။
အခုလို ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုသံများ အဆူညံဆုံး ကြားလာနေရသည့်အချိန်မျိုးတွင် ငြိမ်းချမ်းရေး
၏ လက်နက်တစ်ခုဖြစ်သော ကဗျာရွတ်ဆိုခြင်းအမှုကို တနိုင်ငံလုံးအနှံ့ လိုက်လံရွတ်ဆိုခွင့်ရလျင် မည်မျှ
ကောင်းမည်နည်းဟု ကျနော်တောင့်တမိသည်။ ထို့ပြင် မုဆိုးရာသီကုန်ဆုံးပြီး လေးသံမြှားသံများထာဝရ
ရပ်စဲကာ တကမ္ဘာလုံးအနှံ့ ကဗျာရွတ်ပွဲများ ကျင်းပနိုင်လျှင် ကောင်းပေစွဟူ၍လည်း တောင့်တမိတော့၏။ ။
ငြိမ်းဝေ
(စာရေးသူ၏ Face Book စာမျက်နှာပေါ်မှ ကူးယူဖော်ပြသည်။)
လောကအမြင်နဲ့ကမ္ဘာ
`လောကအမြင်´ဆိုတာ စကားလုံးကြီးပေမယ့် အနက်အဓိပ္ပါယ်တွေထုတ်ယူရရင် လူတစ်ယောက်ရဲ့ ပုဂ္ဂလဘ၀ subjectivity ရဲ့ အချုပ် ဖြစ်ပါတယ်။ အဇျတ္တဘ၀လို့လည်းခေါ်လို့ရမယ်ထင်ပါတယ်။ ဒီပုဂ္ဂလ/အဇျတ္တဘ၀ထဲမှာ ပါဝင်ဖွဲ့စည်းပြီး အပြန်အလှန်ဆက် နွယ်ဆက်သွယ်နေတာတွေကတော့ သင်ယူမှုသညာအစုအဝေး knowledge ၊ အမှတ်သညာအစုအဝေး memory ၊ မိမိဘယ်သူဘယ်ဝါ သတ်မှတ်ချက် self – identity ၊ မိမိကိုယ်မိမိ အသိုင်းအ၀ိုင်း/ (လူ့) အဖွဲ့အစည်းတစ်ခုခုအတွင်းထားရှိနေရာယူမှု self – positioning ၊ မိမိရဲ့ယုံကြည်မှု အစုအဝေး beliefs ၊မိမိရဲ့အမူအကျင့် အစုအဝေး habits ၊မိမိရဲ့အစွဲအလန်းတွေ prejudices၊ မိမိရဲ့အကြောက်တရား တွေ fears ၊ မိမိရဲ့ဆင်ခြင်သုံးသပ်စဉ်းစားတွေးခေါ်ပုံ cognition စသည်ဖြင့် အကုန်လုံးအကျုံးဝင်နေကြပြီး အဲဒါတွေဟာ မိမိရဲ့နေ့စဉ် ဘ၀ကို ပြာဋ္ဌာန်းသလို မိမိရဲ့ လောကချင်းရာအဖြစ်အပျက်တွေပေါ်အမြင်နဲ့ တုန့်ပြန်မှုတို့ကိုလည်းကြိုးကိုင်ပါတယ်။ အဲဒီ Complex ဖြစ်တဲ့ အစုအဝေးကြီးတွေဟာ တစ်ခုနဲ့ တစ်ခု Jigsaw puzzle လိုအံကိုက်ချိတ်ဆက်ပြီး ပုံဖေါ်နေတာမျိုးမဟုတ်ပဲ ချိတ်လိုက်လွဲလိုက်နဲ့ flux လှုပ်ရွေ့နေကြတာဖြစ်ပါတယ်။ အဲ flux ဖြစ်နေတဲ့ ပုဂ္ဂလ/အဇျတ္တဘ၀ကြီးကိုပဲ `လောကအမြင်´လို့ `ချုပ်´ပြီးပြောကြည့်တာဖြစ် ပါတယ်။
ကဗျာရေးသူတစ်ယောက်ရဲ့ လောကအမြင်နဲ့ သူရေးတဲ့ ကဗျာဟာ ရာခိုင်နှုံးတော်တော်များများ ပတ်သက်မှုရှိတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကဗျာရေးသူရဲ့ content အကြောင်းအရာရွေးချယ်မှု (၀ါ) အကြောင်းအရာရဲ့ စွဲကပ်ခံရမှုနဲ့ form ပုံသဏ္ဍာန်ဖွဲ့ စည်းတည်ဆောက်ယူခြင်း (၀ါ) ၊ ဖွဲ့စည်းတည်ဆောက်မှုတစ်မျိုးမဟုတ်တစ်မျိုးလာစွဲကပ်ခံရခြင်းတို့ဟာ သူ့လောကအမြင်ကလာတာ တွေပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်စိတ်ကိုယ်မှတ်ကျင့်ရှိသူတွေတောင် အနည်းအကျင်းပဲသိနိုင်တဲ့အတွက် သီအိုရီလို့ပဲ သဘောထားချင်ရင် ကျွန်တော့်ဘက်ကငြင်းမှာ မဟုတ်ပါဘူး။ သီအိုရီဆိုတာ စဉ်းစားတွေးခေါ်မှုရဲ့ ငြမ်းလို့ ကျွန်တော်ယူဆတဲ့အတွက်ဖြစ်ပါတယ်။
ကဗျာရေးသူအဖို့ သူရွေးချယ်တဲ့ စကားလုံး/နိမိတ်ပုံ/အသံကအစ သူချိတ်ဆက်တဲ့ လိုင်းတွေနဲ့ ချိတ်ဆက်ပုံတွေအလယ် ၊ နောက်ဆုံးလိုင်းကို ဘယ်လိုတာဝန်ထမ်းဆောင်ခိုင်းပုံ အဆုံးဟာ `အလိုလို´ဖြစ်လာတာမျိုးမဟုတ်သလို ပုံသေပြုလုပ်မှုမျိုးလည်းမဟုတ် ဘူးဆိုတာ ကဗျာရေးသူတိုင်းသိနိုင်ပါတယ်။ `ရင်ဘတ်´နဲ့ ရေးတာလို့ တလွဲနာမည်ကြီးတဲ့ ကျွန်တော်တို့ရဲ့ ကဗျာဆရာကြီးကိုချော (ခ) မောင်ချောနွယ်ကိုယ်တိုင် သူ့ဒိုင်ယာရီထဲမှာ သူအထပ်ထပ်အခါခါပြင်ထားတဲ့ မူကြမ်းတွေ ၊ လိုင်းတွေ ကျွန်တော်မျက်စိနဲ့ မြင်ခဲ့ရဘူးပါ တယ်။ ပါရမီရှင်တစ်ပါးလို ရေးတိုင်းကဗျာဖြစ်တာမဟုတ်ဘူးဆိုတာ ကိုချောဟာ သက်သေပါ။ နေရင်းထိုင်ရင်း ၊ သွားရင်းလာရင်း ၊ စားရင်းသောက်ရင်း ၊ စကားစမြည်ပြောဆိုရင် သူကောက်ရလိုက်တဲ့ လိုင်းတွေ ၊ စကားလုံးတွေ ၊နိမိတ်ပုံတွေ ၊ သူကောက်ကာငင်ကာ ရွတ်ပြနိုင်ပေမယ့် အဲဒါတွေဟာ ကဗျာတွေမဟုတ်သေးပါဘူး။ သူတည်ဆောက်ရပါသေးတယ်။ ထို့အတူ အူလီပို Oulipo လို ပုံသေပုံစံ တွေနဲ့ ကဗျာရေးရင်တောင်မှ ပုံသေစကားလုံးနဲ့ ရေးတာမဟုတ်ပဲ စကားလုံးတွေ ရှာဖွေတည်ဆောက်ရပါသေးတယ်။ ကံအားလျော်စွာပဲ ၊ ကိုချောနဲ့ အူလီပိုအကြောင်းပြောမိခြင်းမှာ ဆီလျော်စွာပဲ ကျွန်တော်ပြောချင်တဲ့အကြောင်းပြန်ရောက်သွားပါတယ်။ ကိုချောဟာ သူ့ ကဗျာကို သူက ဗဟိုပြုပြီး သူ့ကဗျာပါ ခံစားမှုဟာ သူ့ခံစားမှုလို့ သူယုံကြည်စွာ ရေးသားခဲ့ပါတယ်။ သူ့ကဗျာထဲက `ငါ´ဟာ သူကိုယ်တိုင် ဖြစ်ပြီး သူ့မိသားစုဝင်တွေရဲ့ နာမည်တွေကိုပါ သူ့ကဗျာတွေထဲမှာ တွေ့ရပါတယ်။ သူ့ကဗျာရဲ့ မူလဖြစ်ဖျားခံရာဟာ သူကိုယ်တိုင်ရဲ့ လောကအမြင် (၀ါ) ပုဂ္ဂလ/အဇျတ္တဘ၀ဖြစ်ပါတယ်။ အလွယ်ပြောရင် သူ့ဘ၀ပေါ့။ အူလီပိုသမားတွေကတော့ ကဗျာကို တည်ဆောက် construct တဲ့ဘက်ပိုဦးတည်ကြပါတယ်။ ရေးသူရဲ့ ဖွင့်ဟဖေါ်ထုတ်လိုမှု expression ထက် ဘာသာစကားနဲ့ တည်ဆောက်ပြလိုမှု construction ဘက်ပိုကဲပါတယ်။ အဲဒီ ဘာသာစကားနဲ့ တည်ဆောက်ပြမှုဟာ ခံစားမှုကိုလည်းဖြစ်စေပါတယ်။ ခံစားမှုကိုတည်ပြီး ဘာသာစကားနဲ့ ပုံဖေါ်တာမဟုတ်ပဲ ဘာသာစကားရဲ့ တစ်နည်းတစ်ဖုံပုံဖေါ်ထားမှုကြောင့် ခံစားမှုဖြစ်ပေါ်စေတယ်ဆိုတဲ့ သဘောဖြစ်ပါ တယ်။ ကဗျာဗေဒအသုံးအနှုံးနဲ့ ဆိုရင် Lyric method နဲ့ anti-Lyric method တို့ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်ဟာပို ကဗျာမြောက် တယ်မမြောက်ဘူးဆိုတာ လောကအမြင်နဲ့ပဲ ဆိုင်ပါတယ်။
ကဗျာရေးသူတစ်ယေက်ဟာ လောကကို အထက်အောက်ဖွဲ့စည်းမှု ၊ ကွင်းဆက်ချိတ်ဆက်မှု ၊ ယုတ္တိနဲ့ တည်ဆောက်မှု ၊ အနက်အဆက်အစပ်ရှိမှု ၊ သူ့ ကဏ္ဍနဲ့ သူအချိုးကျ ပါဝင်တာဝန်ယူရမှု ၊ အစဉ်အလာလူမှုဆက်ဆံရေးကို လက်ခံကျင့်သုံးမှု ၊ စ- လယ်- ဆုံး ညီညွတ်မှု ၊ စသည်ဖြင့်နဲ့ မိမိကို မိမိခိုင်မာတဲ့ အိုင်ဒင်တတီရှိထားမှု ၊ မိမိသိမှုကို မိမိယုံကြည်လက်ခံမှု ၊ မိမိရဲ့ ပုဂ္ဂလအမြင် - အတွေး -ခံစားမှုတို့ကို လုံဝဥဿုံယုံကြည်မှု စသည်တို့နဲ့ မကွဲမပြတ် ချိတ်ဆက်ထားရင် သူရေးတဲ့ ကဗျာရဲ့ ပုံသဏ္ဍာန်မှာလည်း သူ့အမြင်ကို တွေ့ရှိရမှာဖြစ်ပြီး အထက်ပါလောကအမြင်နဲ့ ကွဲပြားခြားနားသူရဲ့ ကဗျာပုံသဏ္ဍာန်ဟာလည်း လိုက်ခြားနားမှာပဲဖြစ်ပါတယ်။
ဒီနေရာမှာကဗျာရေးသူ လူပုဂ္ဂိုလ်ကနေ ကမ္ဘာကြီးအထိချဲ့တွေးကြည့်ချင်ပါတယ်။ ကမ္ဘာကြီး ပြောင်းလဲသွားတိုင်း အသိအမြင် /လောကအမြင်တွေလိုက်ပြောင်းလဲစမြဲပါပဲ။ ပထမကမ္ဘာစစ်မဖြစ်မီနဲ့ ဖြစ်ပြီးကာလမှာ modernism ဟာ ပညာရပ်လောကမှာရော အနုပညာလောကမှာ ပါပေါ်လာပြီး လူတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေပေါ် အကျိုးသက်ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ postmodern ပေါ်လာတယ်လို့ဆိုကြပါတယ်။ စစ်အေးကာလအတွင်းမှာ အတွေးအခေါ်တွေပြောင်းလဲလာပြီး `၆၀ ခုနှစ်နဲ့ `၇၀ ခုနှစ် တွေမှာ အထူးသဖြင့် ပြင်သစ်က တွေးခေါ်ပညာရှင်တွေရဲ့ တင်ပြလာမှုတွေဟာ အခု ကျွန်တော်တို့သိထားတဲ့ postmodern theory တွေပဲပေါ့။ ဒီဘက် ၂၁ ရာစုပိုင်းမှာတော့ ခေတ်စားလာတဲ့ အသုံးအနှုံးဟာ contemporary ပါပဲ။ ဒါကို အချို့က post- postmodern လို့ လည်း ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဒီကိစ္စတွေကို online မှာ တက်ဖတ်လို့ရတဲ့အတွက် ကျွန်တော်အကျယ်တ၀င့်မပြောတော့တာပါ။ `အချို့´ဆိုပြီးတော့လည်း လုံးချနေတယ်လို့ ကျွန်တော့်ကို ထင်ရင်လည်းထင်စေဗျာ ၊ ကျွန်တော့်ရဲ့ အချိန်ကန့်သတ်ချက်နဲ့ ဒီစာလေး ရေးချင်လို့ ရေးလိုက်ရတဲ့အတွက် ချုံ့ပြောလိုက်တာပဲလို့ ယူဆစေချင်ပါတယ်။
လိုရင်းဆက်ပြောရရင် postmodern ကဗျာလို့ သတ်မှတ်တဲ့ ကဗျာတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန် ၊ ဦးတည်ချက် ၊ နဲ့ အသုံးပြုပစ္စည်းတွေ နောက်ကွယ်မှာ ပြောင်းလဲသွားတဲ့ လောကအမြင်တွေရှိပါတယ်။ ပြင်ပအပြောင်းအလဲတွေဟာ ကဗျာရေးသူရဲ့ သိမှုပေါ်လာသက်ရောက်ပြီး ကဗျာရေးသူရဲ့ အမြင်ပြောင်းလဲမှုတွေဟာ သူ့အတိုင်းအတာနဲ့ သူဖြစ်ခဲ့ကြတာပါပဲ။ အဲသလို လောက အမြင်အပြောင်းအလဲတွေနဲ့ ကဗျာပေါ်အယူအဆ ၊ ကဗျာပြုလုပ်ပုံပြုလုပ်နည်းအပြင် ကဗျာဖတ်ပုံဖတ်နည်းပါ ပြောင်းလဲရေးလှုပ်ရှားမှု တွေ လုပ်လာကြတာဖြစ်ပါတယ်။ ဥပမာ ၊ အမေရိကန် LP ပေါ့။ အမေရိကန် Conceptual Poetry ပေါ့။ ကဗျာပြုလုပ်ဖွဲ့စည်းပုံမှာလည်း အသုံးပြုပစ္စည်း Poetic devices တွေအပေါ်အမြင်ပြောင်းတာမျိုး ၊ ဥပမာ metaphor အခြေပြုနဲ့ metonymy အခြေပြု ၊ သုံးတဲ့ပစ္စည်း ချင်းတူပေမယ့် သုံးပုံသုံးနည်းမတူတာတို့ ၊ ဥပမာ hypotaxis ကနေ parataxis ၊ closure ကနေ anti-closure ၊ အချိုးဟပ်စပ်ပြီး ညီ ညွတ်မှုဆီ ဦးတည်တာနဲ့ အချိုးဖျက်ပြီး `အပွင့်´ ရေးတာမျိုး ၊ ယခင် ဆူရီယလ်နည်းတွေကို ဘာသာစကားကဗျာနည်းနဲ့ ရောစပ်သုံးတာ မျိုး ၊ စသဖြင့်။
အခုဒီဘက်ပိုင်း contemporary ကဗျာမှာတော့ synthesis (၀ါ) recombination ဆီသွားနေကြတာတွေ့ရပါတယ်။ narrative ဇာတ်လမ်းစင်မှု ၊ ခံစားမှုနဲ့ စဉ်းစားဆင်ခြင်မှုတို့ကို ပေါင်းစပ်မှု ၊ Lyric ရဲ့ `ငါ´ဗဟိုပြုမှုကို ယူပေမယ့်လည်း အဲဒီ`ငါ´ခံစားမှု သရုပ်ပြဖို့ ထက်စဉ်းစားတွေခေါ်မှုဘက်လှည့်လိုက်မှု (Lyric postmodernisms) ၊ အရေးအသားပုံစံများ ရောနှောဖွဲ့စည်းမှု ၊ အဓိပ္ပါယ်ဆက်စပ်မှု တိုက်ရိုက်မရှိတဲ့လိုင်းတွေ ချိတ်ဆက်မှု ၊ မျဉ်းဖြောင့်ယုတ္တိဆင်ခြင်မှုထက် associative စိတ်ကူးအတွေး ခုန်ကျော်ဆက်စပ်မှု ၊ စတာတွေ တွေ့ရှိဖတ်ရှုနေရပါတယ်။ ဒါတွေဟာ အလွယ်တကူယူသုံးလို့ရတဲ့ နည်းတွေ ၊ တက္ကနိတွေလို့ အယူလွဲသုံးမှုတွေ ကမ္ဘာမှာလည်းကမ္ဘာနဲ့ ချီပါပဲ။ ဒါပေမယ့် လူသိသူသိ ကဗျာရေးသူတွေဖြစ်လာကြသလား။ online သော်လည်းကောင်း print သော်လည်းကောင်း နီးစပ်ရာ အသိုင်းအ၀ိုင်းလေးထဲမှာပဲ ရှိတတ်ကြပါတယ်။ ကဗျာကိုအလေးအနက်ထား ကိုင်ဆွဲသူတစ်ယောက်အတွက်တော့ သူ့လောက အမြင်နဲ့ သူ့ကဗျာရဲ့ ဆက်သွယ်မှုကို ရှာဖွေဖော်ထုတ် တင်ပြကြတာတွေ ရှာဖွေဖတ်ရှုလို့ရပါတယ်။ ထို့အတူ မိမိကိုယ်မိမိ ကဗျာကိုအလေးအ နက်ထားသူအဖြစ်ခံယူရင် မိမိကိုယ်မိမိလည်း စူးစမ်းကြည့်တာ မမှားပါဘူး။ မိမိရေးတဲ့ ကဗျာနဲ့ မိမိထားရှိတဲ့ အမြင်တွေနဲ့ ဆက်စပ် စူးစမ်းလို့ရပါတယ်။ အဲဒီမှာ မိမိရဲ့မိမိကိုယ်တိုင် သိချင်မှသိမယ့် လောကအမြင်ကို သတိထားမိရင် ထားမိသွားပါလိမ့်မယ် ၊ လှုပ်ရင်လည်း လှုပ်သွားပါလိမ့်မယ်။ ရေးပြီးတဲ့ ကဗျာကို စုတ်တောင်ဖြဲလိုက်မိပါလိမ့်မယ် `သဟဇာတ´ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ကိုလည်း အထိတ်တလန့် မြင်ကောင်းမြင်သွားပါလိမ့်မယ်။ အသက်အရွယ်နဲ့ အတွေ့အကြုံလည်း ဆိုင်မယ်ထင်ပါတယ်။
ထင်ရှားတာကတော့ ကဗျာပေါ်မှာ ဘယ်ပုဂ္ဂိုလ် ၊ ဘယ်ဝါဒ ၊ ဘယ်ဂိုဏ်းကမှ လက်ဝါးကြီးအုပ်လို့မရတော့ခြင်းပါပဲ။ လူ့အဖွဲ့ အစည်းတစ်ခုတည်းမှာတင်ပဲ အစဉ်အလာ ဂန္တ၀င်ကဗျာ ၊ မော်ဒန်ကဗျာ ၊ ပို့စ်မော်ဒန်ကဗျာနဲ့ ကွန်တမ်ပိုရာရီကဗျာတို့အတူတကွ ယှဉ်တွဲ နေထိုင်နေကြတာလည်း တွေ့ရပေါ့။ ကွဲပြားခြားနားမှုဟာ ပြိုကွဲမှုမဟုတ် ၊ ရန်ဘက်မဟုတ် ၊ အန္တာရယ်မဟုတ်လို့ လက်ခံလိုက်ရင် ကဗျာ ရေးသူရဲ့ လောကအမြင်ဟာ နည်းနည်းတော့ ရွေ့သွားမလား။ အဲဒီအရွေ့ဟာ ကဗျာရေးမှုပေါ်မသက်ရောက်ဘူးလို့ ပြောနိုင်မလား။ မိမိရဲ့ကိုယ်ပိုင်တည်ဆောက်ယူထားတဲ့ ကဗျာဗေဒကော ဖြစ်မလာနိုင်ဘူးလို့ပြောနိုင်မလား။
ကျေးဇူးတင်ပါတယ်။
ဇေယျာလင်း
21 – Dec - 13
နီယိုမော်ဒန် (Neomodern) လမ်းသွယ်လမ်းမြွှာများ
အလင်းတန်းအနုပညာဂျာနယ်
အမှတ်(၅၈၃)၊ ဒီဇင်ဘာ(၇)၊ တနင်္လာ၊ ၂၀၀၉
          မြန်မာခေတ်ပေါ်ကဗျာသစ် ကြေညာစာတမ်း ၂၀၀၇ ထွက်ပြီးတဲ့နောက်ပိုင်း ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း မဂ္ဂဇင်းစာမျက်နှာပေါ်မှာ နီယိုမော်ဒန်ကဗျာတချို့ပေါ်ထွက်လာတာတွေ့ရပါတယ်။ ၂၀၀၇ အတွင်းမှာကတည်းက နီယိုမော်ဒန်ကဗျာတွေရှိနေပြီဆိုရင် ဖော်ထုတ်တင်ပြပေးဖို့ လူငယ်ကဗျာဆရာတချို့က တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ နီယိုမော်ဒန်အစောပိုင်းကာလတွေမှာ ကဗျာအညွှန်းဆောင်းပါေးတွေ မရေးသင့်သေးဘူးလို့ယူဆပြီး ကဗျာ အပြောင်းအလဲ၊ အရွေ့အခြေအနေကိုစောင့်ကြည့်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ကြပါတယ်။
          နီယိုမော်ဒန်အကြောင်း ဆက်လက်ပြောဆိုဆွေးနွေးကြရင်းနဲ့ နီယိုမော်ဒန်ကဗျာမျိုးကွဲတွေကို တွေ့ရှိလာခဲ့ ကြပါတယ်။ နီယိုမော်ဒန်မူကွဲ (Alternative Neomodern) ဆိုတဲ့စကားလုံးကို တိုးနှောင်မိုးကစတင်သုံးစွဲခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း သွင်ပြင်လက္ခဏာ၊ ဖွဲ့စည်းတင်ပြပုံ၊ ကဗျာရသတွေကွဲပြားခြားနားနေတဲ့ နီယိုမော်ဒန်ကဗျာ တွေကို အမျိုးအစားခွဲခြားသတ်မှတ်ပေးဖို့ စဉ်းစားရပါတော့တယ်။
          ၂၀၀၈-၂၀၀၉မှာ ပေါ်ထွက်လာတဲ့ နီယိုမော်ဒန်ကဗျာတွေဟာ ပုံသဏ္ဍာန်တစ်မျိုးတည်းမဟုတ်ဘဲ အမျိုးမျိုး အစားစား ကွဲပြားခြားနားနေပါတယ်။ ပင်မရေစီး ခေတ်ပေါ်ကဗျာကိုကျော်လွန်ပြီး နီယိုမော်ဒန်ဆီရွေ့ဖို့ကြိုးစားကြ ရင်းက သွင်ပြင်မတူတဲ့ကဗျာမျိုးကွဲတွေ ထွက်ပေါ်လာတယ်လို့ယူဆမိပါတယ်။ လောလောဆယ် မဂ္ဂဇင်းစာမျက်နှာ တွေမှာ တွေ့မြင်နေရတဲ့နီယိုမော်ဒန်ကဗျာတွေကို အမျိုးအစားခွဲခြားလိုက်ရင် (၇)မျိုးရှိပါတယ်။
၁။       နီယိုမော်ဒန် (Neomodern)
၂။       စမ်းသက်နီယိုမော်ဒန် (Experimental Neomodern)
၃။       ဆီမီနီယိုမော်ဒန် (Semi-Neomodern)
၎။       နီယိုမော်ဒန်မူကွဲ (Alternative Neomodern)
၅။       ကောလာ့ဂ်ျနီယိုမော်ဒန် (Collage Neomodern)
၆။       စကားပြေနီယိုမော်ဒန် (Prose Neomodern)
၇။       ပို့စ်နီယိုမော်ဒန် (Post + Neomodern)
          ဒီ နီယိုမော်ဒန်ကဗျာမျိုးကွဲတွေဟာ နီယိုမော်ဒန်လမ်းကြောင်းဆီ တိုးဝင်ရွေ့လျားလာနိုင်တဲ့ လမ်းမြွှာလမ်း သွယ်တွေပဲ ဖြစ်ပါတယ်။ နီယိုမော်ဒန်မျိုးကွဲတွေများပြားလာတဲ့အမျှ နီယိုမော်ဒန်ရေစီးအားကောင်းလာပြီး ခေတ်ပေါ်ကဗျာကိုကျော်လွန်တဲ့ ပင်မရေစီးကဗျာလမ်းကြောင်း ဖြစ်လာနိုင်ခြေရှိနေပါတယ်။
     လက်ရှိအခြေအနေမှာ ပင်မရေစီးခေတ်ပေါ်ကဗျာလမ်းကြောင်းက အားနည်းခန်းခြောက်နေပါပြီ။ အသစ် ပြောင်းလဲလာတဲ့နီယိုမော်ဒန်မျိုးကွဲတွေ ဖြည်းဖြည်းမှန်မှန်ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် အနာဂတ်မှာပင်မရေစီး ခေတ်ပေါ်ကဗျာအစား   ပင်မရေစီးနီယိုမော်ဒန်ကဗျာလို့    ပြောင်းလဲသုံးစွဲရရှိလာနိုင်လိမ့်မယ်ထင်ပါတယ်။
၁။     နီယိုမော်ဒန် (Neomodern/Neo)
          နီယိုမော်ဒန် (Neomodern) ကဗျာကို အတိုကောက်စာလုံးနဲ့ Neo လို့ပြောဆိုသုံးစွဲကြပါတယ်။ ပင်မရေစီး ခေတ်ပေါ်ကဗျာရေးဟန်ကို ကျော်လွန်လာတဲ့ကဗျာအမျိုးအစားသစ်တစ်မျိုးပါ။ မြန်မာခေတ်ပေါ်ကဗျာသစ်လို့ ပြောနိုင်ပါတယ်။ နီယိုမော်ဒန်ဟာ ခေတ်ပေါ်ကဗျာရဲ့သွင်ပြင်လက္ခဏာတွေ အားလုံးနီးပါးကိုတော်လှန်ပြောင်းလဲ ပစ်လိုက်ပါတယ်။ နီယိုမော်ဒန်လက္ခဏာတွေကို ကျွန်တော်ရေးခဲ့တဲ့ နီယိုမော်ဒန်(သို့မဟုတ်)အနာဂတ်ကဗျာ၊ နီယို မော်ဒန်နောက်ခံအယူအဆနဲ့သွင်ပြင်လက္ခဏာတချို့ဆောင်းပါးတွေနဲ့ လူငယ်ကဗျာဆရာ စိုးမိုးယံ၊ လင်းသဏ်ညီ၊ စိုးမင်းအောင်တို့ရဲ့ကဗျာတွေကို ချဉ်းကပ်ထားတဲ့ ကဗျာအညွှန်းဆောင်းပါးတွေမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
          နီယိုမော်ဒန်လက္ခဏာတွေနဲ့ တိုက်ဆိုင်ညီညွတ်နေတဲ့ကဗျာတွေဟာ နီယိုမော်ဒန်ကဗျာတွေပါပဲ။ နီယို မော်ဒန်ကဗျာတစ်ပုဒ်(တည်း)မှာနီယိုမော်ဒန်လက္ခဏာရပ်အားလုံး အပြည့်အစုံပါဝင်နေတာမျိုးတော့မဖြစ်နိုင်ပါဘူး။ နီယိုမော်ဒန်လက္ခဏာတွေထဲက ရာနှုန်းအတော်များများနဲ့ ညီညွတ်တယ်ဆိုရင် နီယိုမော်ဒန်ကဗျာလို့ပြောနိုင်ပါ တယ်။ နှလုံးအိမ်မဂ္ဂဇင်းမှာ ကျွန်တော်ချဉ်းကပ်လေ့လာခဲ့ဖူးတဲ့ စိုးမိုးယံရဲ့ နားလည်သူ ကဗျာ၊ လင်းသဏ်ညီရဲ့ စစ်တောင်းရိပ်မွန် အင်တာနက်ကဖေး ကဗျာတွေဟာ နီယိုမော်ဒန်ကဗျာတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့မျိုးဆက်ကဗျာတွေထဲက မောင်ပြည့်မင်း၊ မင်းထက်မောင်၊ ခရမ်းပြာထက်လူ၊ ခိုင်မြဲကျော်စွာ၊ ကိုရွေး၊ နေစိမ့်၊ လွန်းဆက်နိုးမြတ်တို့ရဲ့ရေးဟန်ပြောင်းလဲထားတဲ့ ကဗျာတချို့ဟာလည်း နီယိုမော်ဒန်ကဗျာတွေပါပဲ။
၂။     စမ်းသပ်နီယိုမော်ဒန် (Experimental Neomodern/Experneo)
            စမ်းသပ်နီယိုမော်ဒန် (Experimental Neomodern) ကဗျာကို Experneo လို့ အတိုကောက်ခေါ်ဝေါ်သုံးစွဲနိုင် ပါတယ်။ ခေတ်ပေါ်ကဗျာကိုကျော်လွန်ပြီး နီယိုမော်ဒန်လမ်းကြောင်းဆီ တိုးဝင်ရွေ့လျားနိုင်ဖို့ စမ်းသပ်ရေးဖွဲ့နေတဲ့ ကဗျာအမျိုးအစားပါ။ Experneo ဟာ ပို့စ်မော်ဒန်တွေရဲ့ Experimental Poetry နဲ့မတူပါဘူး။ သူတို့က ပို့စ်မော်ဒန်လမ်းကြောင်းဆီဦးတည်တဲ့စမ်းသပ်ကဗျာပါ။ Experneo က နီယိုမော်ဒန်ဆီချဉ်းကပ်လာတဲ့ စမ်းသပ် ကဗျာပါ။ ပို့စ်မော်ဒန်နဲ့ နီယိုမော်ဒန်စမ်းသပ်ကဗျာတွေကြားမှာ အနုပညာနဲ့ ဘာသာစကားအယူအဆ၊ လူ့အဖွဲ့ အစည်းအပေါ် အမြင်၊ ကဗျာနဲ့ရသအမြင်၊ သွင်ပြင်လက္ခဏာအရာရာ ကွဲပြားခြားနားမှုရှိပါတယ်။
          Experneo ကဗျာတွေကို မျိုးဆက်သစ်လူငယ်ကဗျာဆရာတွေဆီမှာ အတွေ့များပါတယ်။ စမ်းသပ်ရေးဖွဲ့ နေဆဲဖြစ်လို့ နီယိုမော်ဒန်လက္ခဏာတွေ သိပ်မထင်ရှားသေးပါဘူး။ ဒါပေမဲ့ Experneo ကဗျာတွေထဲက တချို့ လက္ခဏာတွေဟာ တစ်ချိန်မှာ နီယိုမော်ဒန်လက္ခဏာထဲ ပေါင်းစပ်ရမယ့်လက္ခဏာအသစ်တွေဖြစ်နေတာတွေ့ရ တတ်ပါတယ်။
၃။     ဆီမီနီယိုမော်ဒန် (Semi-Neomodern/Semineo)
          ဆီမီနီယိုမော်ဒန် (Semi-Neomodern/Semineo) ကို တစ်ဝက်နီယိုမော်ဒန်လို့ပဲ အကြမ်းဖျင်းဘာသာပြန် ရမယ်ထင်ပါတယ်။ မြန်မာဘာသာပြန်ကို သိပ်ဘ၀င်မကျတဲ့အတွက် အတိုကောက်အနေနဲ့ Semineo လို့ပဲ ခေါ်ဝေါ်သုံးစွဲချင်ပါတယ်။ Semineo က ပင်မရေစီး ခေတ်ပေါ်ကဗျာကို ခြေလှမ်းကျော်လွန်လာနေပါပြီ။ ဒါပေမယ့် နီယိုမော်ဒန်ဆီအပြည့်မရောက်သေးဘဲ တစ်ဝက်တစ်ပျက်ပဲရှိပါသေးတယ်။ ပင်မရေစီး ခေတ်ပေါ်ကဗျာလက္ခဏာ တစ်ဝက်၊ နီယိုမော်ဒန်လက္ခဏာတစ်ဝက် ရောနှောနေတဲ့ကဗျာတွေ၊ ခေတ်ပေါ်ကဗျာရေးဟန်နဲ့ နီယိုမော်ဒန်ရေး ဟန် ပေါင်းစပ်ရေးဖွဲ့ထားတဲ့ကဗျာတွေကို Semineo ကဗျာလို့ပြောနိုင်ပါတယ်။
          နမူနာလေ့လာကြည့်ချင်ရင် မောင်ဖီလာ၊ ကြည်ဇော်အေး၊ စိုင်းဝင်းမြင့်၊ လင်းဆက်နောင်၊ မြတ်ဝေတို့ရဲ့ ကဗျာအချို့ကို  ညွှန်းလိုပါတယ်။
၎။     နီယိုမော်ဒန်မူကွဲ (Alternative Neomodern/Alterneo)
        တိုးနှောင်မိုး ရေးဟန်အပြောင်းအလဲလုပ်ထားတဲ့ ကဗျာတချို့ဟာ L.P နဲ့ ပို့စ်မော်ဒန်ဘက်ကို တိမ်းညွတ်မှု အနည်းငယ်ရှိတယ်လို့ တခြားသူငယ်ချင်းကဗျာဆရာတွေနဲ့ ကျွန်တော်ကမြင်ပါတယ်။ ကျွန်တော်တို့အမြင်ကို တိုးနှောင်မိုးက ငြင်းဆန်ပြီး သူရေးနေတာ ပို့စ်မော်ဒန်မဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့လုပ်ထားတဲ့နီယိုမော်ဒန်မူကွဲလို့ ပြောပါတယ်။ တိုးနှောင်မိုးလိုပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေးထားကြတဲ့ နီယိုမော်ဒန်မူကွဲကဗျာတွေရှိကောင်းရှိနေ ကြမှာပါ။ အဲဒီလိုနီယိုမော်ဒန်မူကွဲကဗျာတွေကိုလည်း နီယိုမော်ဒန်လမ်းကြောင်းထဲစီးဝင်လာမယ့် လမ်းသွယ်လမ်း မြွှာတစ်ခုအဖြစ် ကျွန်တော်တို့သတ်မှတ်ထားပါတယ်။ နီယိုမော်ဒန်မူကွဲ (Alternative Neumodern) ကို Alterneo လို့အတိုကောက် ပြောဆိုသုံးစွဲနိုင်ပါတယ်။
၅။     ကောလာ့ဂ်ျနီယိုမော်ဒန် (Collage neomodern/Collaneo)
          ကောလာ့ဂ်ျနီယိုမော်ဒန်က Collage နည်းစနစ်နဲ့ရေးဖွဲ့ထားတဲ့ နီယိုမော်ဒန်ကဗျာကိုဆိုလိုပါတယ်။ အတို ကောက်ကတော့ Collaneo ပေါ့။ အနောက်တိုင်းမှာတော့ Collage နဲ့ Prose Poem တွေကို ပို့စ်မော်ဒန်ကဗျာ အမျိုးအစားတွေအဖြစ် သတ်မှတ်ကြတယ်လို့ဆရာသစ္စာနီကဆိုပါတယ်။
          ကျွန်တော်တို့ကတော့ အဲဒီလို တရားသေ/ပုံသေ မသတ်မှတ်ချင်ပါဘူး။
          Collage လုပ်ခြင်းဟာ ကဗျာပြုလုပ်/ရေးဖွဲ့တဲ့နည်းလမ်းတစ်လမ်းသာဖြစ်ပြီး သူ့ကို မော်ဒန်၊ ပို့စ်မော်ဒန်၊ နီယိုမော်ဒန် ဘယ်လိုကဗျာအမျိုးအစားမှာမဆို သုံးစွဲခွင့်ရှိတယ်လို့ယူဆပါတယ်။ Collage နည်းလမ်းသုံး ရေးဖွဲ့ ထားတဲ့ကဗျာတစ်ပုဒ်မှာ ဘယ်လိုအာရုံခံစားပုံ၊ ရသ၊ အသိအမြင်တွေ ပျော်ဝင်နေသလဲဆိုတဲ့အချက်အပေါ်အခြေခံ ပြီး ကဗျာအမျိုးအစားခွဲခြားသင့်တယ်လို့ကျွန်တော်တို့မြင်ပါတယ်။
          မော်ဒန်အာရုံခံစားပုံ၊ မော်ဒန်အရသာပါတဲ့စာသားတွေ ဆက်စပ်ရေးဖွဲ့ထားရင် မော်ဒန်၊ နီယိုမော်ဒန်အရ သာပေါ်လွင်ရင် နီယိုမော်ဒန်၊ ပို့စ်အာရုံခံစားပုံပေါက်နေရင် ပို့စ်မော်ဒန်လို့ခွဲခြားနိုင်ပါတယ်။
          ကောလာ့ဂ်ျနီယိုမော်ဒန် (Collane) ဆိုတာ ကောလာ့ဂ်ျနည်းလမ်းသုံးထားပြီး နီယိုမော်ဒန်လက္ခဏာပါဝင် နေတဲ့ နီယိုမော်ဒန်ကဗျာမျိုးကွဲတစ်မျိုးပါ။ Collaneo ကဗျာမှာ အခြားသူရဲ့စာသားသက်သက်၊ ကိုယ်ပိုင်စာသားနဲ့ အခြားစာသားအရောအနှော၊ ကိုယ့်စာသား ကိုယ်ပြန်လည်ရောစပ်ခြင်း စသဖြင့် အဆင်ပြေသလို ရောစပ်ဖန်တီး ရေးဖွဲ့နိုင်ပါတယ်။
          ကျွန်တော်တို့ဆီမှာ Collaneo ကဗျာတွေ အတွေ့ရနည်းနေပါသေးတယ်။
၆။     စကားပြေနီယိုမော်ဒန် (Prose Neomodern/Prosneo)
          စကားပြေပုံစံ၊ စကားပြေအခြေပြုရေးဖွဲ့ထားပေမယ့် ပို့စ်မော်ဒန်ဘက်ကိုမရောက်ဘဲ နီယိုမော်ဒန်ဘက်ကို တိမ်းညွတ်မှုပိုများတဲ့ ကဗျာအမျိုးအစားကို စကားပြေနီယိုမော်ဒန် (Prose Neomodern) လို့ ခေါ်နိုင်ပါတယ်။ အတိုကောက်ဆိုရင် Prosneo ပေါ့။
          စကားပြေကဗျာ (Prose Poem) ကိုလက်ခံကြတဲ့ ကဗျာဆရာတချို့ သူ့နည်းသူ့ဟန်နဲ့ စကားပြေကဗျာ တွေရေးနေကြတာပါပဲ။ စကားပြေအခြေပြုဖွဲ့စည်းတည်ဆောက်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်၊ တစ်ပုဒ်နဲ့ တစ်ပုဒ် ကဗျာရသ၊ အသိအမြင်၊ ကဗျာအတွင်းသား၊ အာရုံခံစားပုံချင်း မတူကြပါဘူး။ ဥပမာ-ပိုင်နဲ့လူဆန်း၊ စိုင်းဝင်းမြင့်နဲ့သားဦး၊ မောင်ယုပိုင်နဲ့စိုးမင်းအောင်။
          အခုနောက်ပိုင်း လူငယ်ကဗျာဆရာတွေ စကားပြေနီယိုမော်ဒန် (Prosneo) ကဗျာတွေကို အတော်များများ ရေးဖွဲ့လာကြတာ သတိပြုမိပါတယ်။ လူလတ်ပိုင်းထဲက ကဗျာဆရာပိုင်၊ လူငယ်တွေထဲက စိုင်းဝင်းမြင့်၊ သားဦး၊ စိုးမင်းအောင်၊ မင်းသက်ဇဉ်တို့ရဲ့စကားပြေအခြေပြုကဗျာတွေကို Prosneo ကဗျာတွေလို့ပြောလို့ရနိုင်ပါတယ်။
၇။     ပို့စ်နီယိုမော်ဒန် (Post + Neomodern/Poneo)
          ပို့စ်နီယိုမော်ဒန် (Post + Neomodern) ဆိုတဲ့ဝေါဟာရကိုသုံးစွဲရတာ အတော်အန္တရာယ်ကြီးပါတယ်။ ဒီဝေါဟာရထဲမှာ post/Neo?Modern စကားလုံး ၃ မျိုးလုံးပါဝင်နေတဲ့အတွက် အဓိပ္ပာယ်ကောက်ယူရာမှာ ထွေပြား/ရောထွေးမှုနဲ့ ပြဿနာတွေဖြစ်လာနိုင်လို့ပါပဲ။
          ကျွန်တော့်ရည်ရွယ်ချက်က ပို့စ်မော်ဒန်နည်းစနစ်တွေကို ယူငင်သုံးစွဲထားတဲ့ နီယိုမော်ဒန်ကဗျာတွေကို ဆိုလိုတာပါ။ ပို့စ်နီယိုမော်ဒန် (Poneo) ကဗျာဟာ နီယိုမော်ဒန်ကို ကျော်လွန်နေတဲ့အဓိပ္ပာယ်မဆောင်ပါဘူး။ သင်္ကေတအနေနဲ့ Hypen ပါတဲ့ Post - Neomodern လို့မသုံးဘဲ Post + Neomodern လို့သုံးရင် ဆိုလိုရင်းပေါ် လွင်မယ်ထင်ပါတယ်။ သူ့ရဲ့အတိုကောက်စာလုံးကတော့ Poneo ဖြစ်ပါတယ်။
          Poneo ကဗျာစာ Poneo ကဗျာတွေနဲ့ခွဲခြားရခက်ပါတယ်။
          (နောက်နောင် နီယိုမော်ဒန်ကဗျာမျိုးကွဲတွေနဲ့ ပို့စ်မော်ဒန်ကဗျာတွေကို နှိုင်းယှဉ်ချဉ်းကပ်လေ့လာတင်ပြ သွားဖို့ အစီအစဉ်ရှိပါတယ်။)
          ပို့စ်နီယိုမော်ဒန် (Poneo) ကဗျာမှာနည်းစနစ်အရ နီယိုနဲ့ ပို့စ်ကလ္ခဏာရောစပ်မှုဟာ အများဆုံး ၅၀း၅၀ ရာခိုင်နှုန်းကနေ အနည်းဆုံး ၇၀း၃၀ ရာခိုင်နှုန်းအထိ ရှိနိုင်/ရှိတတ်ပါတယ်။ ပို့စ်နည်းစနစ်ရောစပ်မှုရှိပေမယ့် Poneo နီယိုမော်ဒန်ကဗျာရဲ့နောက်ခံအယူအဆနဲ့ သွင်ပြင်လက္ခဏာ၊ အရသာတွပေါ်လွင်ထင်ရှားတဲ့ကဗျာအမျိုး အစားပါ။
          အခုနောက်ပိုင်းရေးဟန် အပြောင်းအလဲလုပ်ထားတဲ့ မင်းချမ်းမွန်၊ ပိုင်၊ အိုအောင်၊ သူရနီ၊ အောင်ပိုင်စိုး၊ မောင်မင်းစိုး၊ လင်းသဏ်ညီတို့ရဲ့ကဗျာတချို့ဟာ Poneo ကဗျာတွဖြစ်တယ်လို့ ကျွန်တော်ယူဆထားပါတယ်။ ပို့စ် မော်ဒန်အုပ်စုထဲက တချို့ကဗျာဆရာတွေ (ဥပမာ-စိုးမြင့်သိန်း၊ ဟိန်းမြတ်ဇော်)ဆီမှာတောင် Poneo ကဗျာတစ်ပုဒ် နှစ်ပုဒ်စတွေ့ရတတ်ပါတယ်။
နိဂုံး
          အခုအကြမ်းဖျဉ်းမိတ်ဆက်ဆွေးနွေးခဲ့တဲ့ နီယိုမော်ဒန်ကဗျာအမျိုးအစား(၇)မျိုးဟာ နီယိုမော်ဒန်လမ်း ကြောင်းထဲကို စီးဝင်လာနိုင်တဲ့၊ တစ်နည်းပြောရရင် နီယိုမော်ဒန်ကနေ ခွဲဖြာထွက်လာတဲ့ Neomodern off-streams တွေပဲဖြစ်ပါတယ်။ နီယိုမော်ဒန်အယူအဆ/ကဗျာတွေဟာ ကျွန်တော်တို့ဆီမှာ တဖြည်းဖြည်းခိုင်မာပုံပေါ် လာနေပြီလို့ဆိုနိုင်ပါတယ်။ အနောက်တိုင်းမှာ ပို့စ်မော်ဒန်အယူအဆတွေကို Postmodernisms လို့အများကိန်း(S) သုံးပြီးခေါ်ကြသလို ဒီကနီယိုမော်ဒန်ကဗျာတွေကိုလည်း အခုချိန်ကစပြီး Neomoderns လို့ခေါ်ဝေါ်သုံးစွဲဋ္ဌနိုင်ကြ ပါတယ်။
          ကျွန်တော့်ဆီမှာ စာမျက်နှာပေါ်ရောက်မလာနိုင်သေးတဲ့ "Neomodern Sensibility" “နီယိုမော်ဒန်ရဲ့ ဘာသာစကားအယူအဆ”၊ နီယိုမော်ဒန်အနုပညာအမြင်လို့ပြောနိုင်တဲ့ “အနုပညာ၏သရုပ်မှန် သဘောသဘာဝ” ဆောင်းပါးတွေရှိနေပါသေးတယ်။
          နီယိုမော်ဒန်အကြောင်းကို တစ်ယောက်တည်းပြောနေရတာတော့ သိပ်မနိပ်လှပါဘူး။ ကျွန်တော်တို့အနေနဲ့ ရိုးအီငြီးငွေ့နေပါပြီ။ မြန်မာကဗျာယဉ်ကျေးမှုအသစ် ဖြစ်ထွန်းဖို့လိုလားသူ၊ နီယိုမော်ဒန်ကို စိတ်ဝင်စားတိမ်းညွတ်မှု ရှိသူ ကဗျာဆရာ၊ ပညာရှင်၊ ကဗျာဖတ်သူတွေအားလုံးဝိုင်းဝန်းဆွေးနွေးကြစေချင်ပါတယ်။ ကဗျာဆောင်းပါးတွေ ရေးကောင်းတဲ့ ကိုခါး၊ လေးလွင်လတ်၊ မောင်နွေထက်၊ လူရှင်းတို့ မိုးဝေကဗျာ ခေတ်ပေါ်ကဗျာတွေအကြောင်း မှာတင်ရပ်မနေဘဲ ဒီနေ့ခေတ်ပြိုင်ကဗျာတွေကို ချဉ်းကပ်ဆွေးနွေးသင့်ပါပြီ။ လူငယ်ကဗျာဆရာတွေထဲက သူရနီနဲ့ မောင်ယုပိုင်တို့ရေးနေတဲ့ ကဗျာဆောင်းပါးတွေ မိုက်/လန်းပါတယ်။
          အခု နီယိုမော်ဒန်လမ်းသွယ်လမ်းမြွှာများဆောင်းပါးမှာ ကျွန်တော့်ကဗျာတွေအကြောင်းထည့်မပြောဘဲ တမင်ချန်ထားခဲ့ပါတယ်။ ကိုယ့်ကဗျာအကြောင်းကိုယ်ပြောရတာ ပျင်းစရာကောင်းလို့ပါ။ ကျွန်တော့ကဗျာတွေ အကြောင်း တခြားကဗျာဆရာတွေပြောကြပါလိမ့်မယ်။
          ပုဂ္ဂိုလ်ရေးမပါဘဲ မှန်မှန်ကန်ကန်ပြောဖို့တော့လိုပါတယ်။
          ”မြန်မာခေတ်ပြိုင် ကဗျာယဉ်ကျေးမှုသစ် ဖွံ့ဖြိုးတိုးတက်နိုင်ပါစေ။”
အောင်ရင်ငြိမ်း
နီယိုမော်ဒန်နောက်ခံအယူအဆနဲ့သွင်ပြင်လက္ခဏာတချို့
အောင်ရင်ငြိမ်း
နွယ်နီမဂ္ဂဇင်း၊၂၀၀၉
            နီယိုမော်ဒန်နဲ့ပတ်သက်ပြီး လူငယ်ကဗျာဆရာတချို့ဆီက မေးခွန်းတွေထွက်လာတာကြုံရပါတယ်။ နီယိုမော်ဒန်ဆိုတာ အနာဂတ်အတွက်ကဗျာလား။ နီယိုမော်ဒန်ဆိုတာကို စကားလုံးဝေါဟာရအနေနဲ့ပဲ ယူတာဆိုတော့ သူတို့ဆီက နီယိုမော်ဒန်နဲ့မတူဘူး လား။ မြန်မာနီယိုမော်ဒန်ဆိုတာကရော ဘယ်လိုကဗျာအမျိုးအစားတွေလဲ။ နီယိုမော်ဒန်ကဗျာရဲ့သွင်ပြင်လက္ခဏာတွေက ဘာတွေလဲ။ နီယိုမော်ဒန်မှာ Ideology ကအရင်လား၊ Artifacts ကအရင်ဖြစ်တာလား၊ မြန်မာနီယိုမော်ဒန်ကဗျာဆိုတာကရောရှိနေလို့လား။ တကယ် လို့ရှိနေပြီဆိုရင် အဲဒီကဗျာတွေကိုဖော်ထုတ်ဝေဖန်သုံးသပ်ပြသလို နောက်ခံသဘောတရားရေးရာ၊ ကဗျာအယူအဆတွေကိုပါ တည်ဆောက်ပြရင် ပိုအကျိုးရှိမယ်။
            ဒါတွေက မြန်မာကဗျာယဉ်ကျေးမှုအသစ် ပြောင်းလဲဖြစ်ထွန်းဖို့အတွက် မေးသင့်မေးထိုက်တဲ့မေးခွန်းတွေပါပဲ။ တချို့ ၀ါရင့်ကဗျာ ဆရာတွေကတော့ ဆောင်းပါးတွေရေးမနေပါနဲ့ကွာ၊ အလုပ်ရှုပ်ပါတယ်၊ ကဗျာပဲရေးစမ်းပါတဲ့။ ကိုယ်ယုံကြည်ရာလမ်းကို လျှောက်နေကြ တဲ့လူတွေပဲလေ။ ကိုယ့်ရွေးချယ်ခွင့်နဲ့ကိုယ်မဟုတ်လား။ အမှားအမှန်ကိစ္စတွေက သိပ်တော့အရေးမကြီးလှဘူး။
            နီယိုမော်ဒန်ကို စိတ်ဝင်စားယူတချို့ရဲ့ မေးခွန်းတွေကများပါတယ်။ ဒီလိုပဲအရေးအသားအသစ်တွေစမ်းသပ်တည်ဆောက်ရင်းနဲ့၊ ကဗျာသဘောတရားတွေစဉ်းစားဆင်ခြင်ရင်းနဲ့၊ သဘောထားအမြင်တွေဆွေးနွေးငြင်းခုံကြရင်းနဲ့ ကဗျာသစ်ယဉ်ကျေးမှုကိုတဖြည်းဖြည်း တည်ဆောက်သွားကြရမှာပါ။ ခေတ်ပေါ်ကဗျာကနေ နီယိုမော်ဒန်ဆီအရွေ့မှာ အယူအဆ/အရေးအသားတွေဟာ အယူဝါဒတစ်ခုအဖြစ် မတည်ရှိ၊ ပြီးပြည့်စုံမှုမရှိသေးဘဲ အခုမှစတင်၊ သန္ဓေတည်၊ ကြီးပြင်းဖို့ဟန်ပြင်ဆဲအခြေအနေမှာပဲ ရှိသေးတယ်ဆိုတာတော့နားလည်ပေး ထားကြဖို့လိုပါတယ်။
            နီယိုမော်ဒန်မိတ်ဆက်အဖြစ် ရုပ်ရှင်တေးကဗျာမှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ သဘောထားတိုက်ဆိုင်မှု၊ အမြင်ကွဲလွဲမှု ဆိုတာကတော့ အထွေအထူးပြောနေစရာမလိုတော့တဲ့ အတွေးအခေါ်လွတ်လပ်ခွင့်ကိစ္စပါပဲ။ အခုဆက်လက်ပြီး နီယိုမော်ဒန်ရဲ့သွင်ပြင် လက္ခဏာတစ်ချို့ကိုဆွေးနွေးတင်ပြလိုပါတယ်။ ဒီလက္ခဏာတွေကို အခုနောက်ပိုင်းရေးဟန်ပြောင်းလဲလာတဲ့ကဗျာဆရာတချို့ရဲ့ကဗျာ အရေးအသားတွေအပေါ် လေ့လာမှုနဲ့ကျွန်တော့်စိတ်ကူးအချက်အလက်တွေပေါင်းစပ်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။
            အနုပညာတွေနဲ့ပတ်သက်ရင် ကြွင်းမဲ့ခိုင်မာပြီး ပြည့်စုံတဲ့ပကတိအမှန်အမှားဆိုတာတွေမရှိပါဘူး။ တကယ်လို့ရှိတယ်လို့တစ်ဦး တစ်ယောက်ကအမြင်ကျဉ်းကျဉ်းနဲ့ပြောလာရင်လည်း အဲဒီအမှန်အမှားကိစ္စတွေကိုကျွန်တော်တို့စိတ်မ၀င်စားပါဘူး။ လူ့ဘ၀မှာ ကိုယ် ယုံကြည်ရာ ကိုယ်လုပ်ဖို့၊ ကိုယ်တည်ဆောက်ချင်ရာတည်ဆောက်ဖို့အတွက် ကျွန်တော်တို့ကဗျာဆရာဘ၀ကိုရွေးချယ်ထားကြတာပါ။ အယူအဆမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိုယ်ယုံကြည်ရာကိုင်စွဲ၊ လုပ်ခဲ့တယ်လို့တာဝန်ယူပါတယ်။
(၁)     ခေတ်ကိုကိုယ်စားပြုခြင်း/ခေတ်ရဲ့ပုံရိပ်ထင်စပ်ခြင်း
            ဒီအချက်ဟာ ခေတ်ပေါ်ကဗျာရေသောက်မြစ်ကနေ ဆင်းသက်လာတဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ခေတ်ပေါ်ကဗျာခေတ်ဦး ပိုင်းမှာ ကျွန်တော်တို့ရှေ့ကကဗျာဆရာတွေက ခေတ်ပေါ်အာရုံခံစားမှု/ခေတ်ပေါ်အာရုံခံစားပုံ/ခေတ်ပြိုင်အကြောင်းအခြင်းအရာဆိုတဲ့ စကားရပ်တွေ၊ အဓိပ္ပါယ်တွေကို ကိုယ်တွယ်သုံးစွဲခဲ့ကြတယ်။ ခေတ်ပြိုင်လူမှုအကြောင်းခြင်းရာတွေကို မျက်ခြည်မပြတ်ဘူးဆိုရင်၊ ခေတ် ပေါ်ကဗျာနဲ့မဝေးဘူးဆိုရင် အားလုံးနားလည်ရှင်းလင်းပြီးသားအကြောင်းအရာပါ။ ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ခေတ်ရဲ့အရိပ်အရောင်/ သြဇာလွှမ်းမိုးမှု/ရိုက်ခတ်မှုတွေမပါဘူးဆိုရင် အဲဒီလိုကဗျာအရေးအသားတွေကို ဘာလုပ်မှာလဲ။ ခေတ်ပြိုင်ထဲကပုဂ္ဂလိကလူသား/လူသား အစုအဝေးရဲ့အာရုံခံစားမှု၊ သဘောထားအမြင်တွေကို မျက်ကွယ်ပြုထားတဲ့အရေးအသားတွေဆိုရင် အမှိုက်ပုံမှာစွန့်ပစ်ပြီးရေနုတ်မြောင်း ထဲ ပစ်ချလိုက်ဖို့ပဲရှိပါတယ်။
(၂)     ကဗျာဆရာရဲ့ခံစားမှု/ဘ၀အမြင်ကိုအခြေခံခြင်း/ဘာသာစကားကိုမီဒီယမ်အဖြစ်သာအသုံးပြုခြင်း
            နီယိုမော်ဒန်ဟာ ကဗျာဆရာရဲ့အာရုံခံစားမှုနဲ့ ဘ၀အမြင်တွေကို အခြေခံသန္ဓေသားအဖြစ် သွေးသားဖွဲ့စည်းပြီးမှ “ကဗျာ”ဆိုတဲ့ အနုပညာလက်ရာပစ္စည်းကို ရေးသားဖန်တီးပါတယ်။ နီယိုမော်ဒန်ဟာ လူသားရဲ့အာရုံခံစားမှုကိုအလေးထားပြီး ဘာသာစကားကို အနု ပညာဖန်တီးရာမှာ မီဒီယမ်/ကြားခံပစ္စည်းအဖြစ်သာသုံးစွဲတယ်။ ဒါဟာ ကဗျာအနုပညာမှာ Foreground နဲ့ Background ကိုခွဲခြားထား ခြင်းဖြစ်ပါတယ်။ တချို့သူတွေအနေနဲ့ အရေးကြီးတဲ့အရာကို နောက်မှာထားပြီး ဘာမှအရေးမပါတဲ့သက်မဲ့သင်္ကေတအဆောက်အအုံတွေ ကို ရှေ့တန်းတင်နေရင် ပညာတတ်တလွဲဆံပင်ကောင်းသလိုအဖြစ်မျိုးဆိုက်နေပါလိမ့်မယ်။
(၃)     လူသားရဲ့ကိုယ်ရည်ကိုယ်သွေးပေါ်လွင်ခြင်း/လူရဲ့ပုဂ္ဂလိကသဘောကိုပြန်လည်ဖော်ထုတ်ခြင်း
            သိပ္ပံပညာ၊ ဈေးကွက်စီးပွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ နောက်ဆုံးပေါ်ဇိမ်ခံကား၊ အကြမ်းဖက်စစ်ပွဲ၊ လူသုံးကုန်ပစ္စည်းအသစ် အဆန်းများစတဲ့ ရုပ်ပိုင်ဆိုင်ရာယဉ်ကျေးမှုတွေ တိုးတက်ထွန်းကားလာတာနဲ့အပြိုင် လူသားရဲ့စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေ ယုတ်လျော့ ကျဆင်းလာနေပါတယ်။ ရုပ်ဝတ္တုယဉ်ကျေးမှုနဲ့လူဦးရေပေါက်ကွဲနှုန်းအောက်မှာ လူသားရဲ့တစ်သီးပုဂ္ဂလအခန်းကဏ္ဍဟာ မှိန်ဖျော့လာပြီး လူအုပ်ကြီးထဲမှာ ရောနှောပျောက်ကွယ်နေတဲ့အဖြစ်ကို အထိတ်တလန့်မြင်တွေ့နေရပါတယ်။ ပို့စ်မော်ဒန်ခေတ်ကြီးထဲမှာ ရုပ်ဝတ္ထုတွေရဲ့ လွှမ်းမိုးမှုကြောင့်ပင်ကိုတန်ဖိုးတွေပျောက်ဆုံးေ၀၀ါးနေတဲ့လူသားရဲ့ပုဂ္ဂလိကသဘောကိုပြန်လည်ဖော်ထုတ်ဖို့ နီယိုမော်ဒန်ကအလေးထား ပါတယ်။ အဲဒီလိုနဲ့ နီယိုမော်ဒန်မှာလူသားရဲ့ပုဂ္ဂလိကကိုယ်ရည်ကိုယ်သွေးပေါ်လွင်ထင်ရှားလာပါတယ်။
(၄)     ခေတ်ပြိုင်ထဲက Modern & Postmodern sensibility ပေါ်လွင်ထင်ရှားခြင်း
            ခေတ်ပြိုင်ထဲက လူမှုဖြစ်ရပ်တွေကို အကြောင်းခြင်းရာအဖြစ်ရွေးချယ်ပြီးပြီဆိုရင် သူ့ကိုဖော်ကျူးတင်ပြမယ့်အာရုံခံစားပုံ/ဟန်ပန် တွေကို ခေတ်နဲ့အညီ ပြောင်းလဲတင်ပြဖို့လိုအပ်လာပါတယ်။ စကားလုံး/ဘာသာစကားကို ကဗျာဆန်ဆန်၊ လှလှပပ၊ ဆော့ကစားတည် ဆောက်ရုံနဲ့ ခေတ်ပေါ်/နှောင်းခေတ်ပေါ်အာရုံခံစားမှုဆီ ဆိုက်ရောက်နိုင်တာမဟုတ်သေးပါဘူး။ ဒီနေ့ခေတ်လူသားတွေရဲ့ခံစားမှု/အမြင် တွေဟာ ဘယ်လိုရှိသလဲ။ ဥာဏ်ပညာ၊ ငွေကြေး၊ ချစ်ခြင်းမေတ္တာ၊ ဖက်ရှင်၊ နည်းပညာတွေအပေါ်မှာ လူသားရဲ့သဘောထားကဘယ်လို လဲ။ ပို့စ်မော်ဒန်ခေတ်လူသားရဲ့အသိအမြင်၊ သဘောထားတွေဟာ ဘယ်လိုပြောင်းလဲနေသလဲ။ ပို့စ်မော်ဒန်လူသားဟာ ဥာဏ်ပညာကို လက်နက်တစ်ခုအဖြစ်ကိုင်စွဲရင်ကိုင်စွဲထားမယ်။ ချစ်ခြင်းမေတ္တာကို အမှိုက်လို့မြင်ရင်မြင်မယ်။ အမှန်တရားလို့လူတွေပြောနေကြတဲ့အရာ ကို စက်ဆုပ်ရွံရှာစရာအဖြစ်မြင်ရင်လည်းမြင်လိမ့်မယ်။ ဒါဟာ သူ့ရဲ့အာရုံခံစားပုံအပြောင်းအလဲဖြစ်ပါတယ်။ ဒီလိုမော်ဒန်/ပို့စ်မော်ဒန်အာရုံ ခံစားပုံအပြောင်းအလဲတွေ ဒီနေ့ခေတ်လူငယ်အဖွဲ့အစည်းထဲမှာ အများအပြားဖြစ်ပျက်နေတာကို ခေတ်ပေါ်ကဗျာသစ်ကပေါ်လွင်အောင် ဖော်ပြနိုင်ဖို့မလိုဘူးလားလို့ စဉ်းစားစရာဖြစ်လာပါတယ်။
(၅)     လူအုပ်ကြီးထဲရောနှောပျောက်ဆုံးနေတဲ့ Identity ကိုရှာဖွေတည်ဆောက်ခြင်း
            ပို့စ်မော်ဒန်ခေတ်ကြီးထဲမှာ တစ်သီးပုဂ္ဂလလူသားရဲ့ Identity ဟာ လူအုပ်ကြီးထဲရောနှောပျောက်ဆုံးနေသလို ကိုယ့်ရဲ့ Identity ကိုတည်ဆောက်ရတာလည်းခက်ခဲနက်နဲလာပါတယ်။ လူတစ်ဦးချင်းစီရဲ့ Identity ဟာ လူအုပ်ကြီးထဲမထင်မရှား ဖြစ်ရသလို အတွေးအခေါ်၊ အသိပညာအရ Identity ရဲ့သဘောလက္ခဏာတွေကလည်း အချိန်ကာလပယောဂနဲ့အမျှ အတည်မငြိမ်၊ မသေမချာ၊ အစိုမရ၊ ပြိုကွဲလေလွင့်၊ ပျောက်ဆုံးကွယ်လွန်နေကြတာကိုတွေ့မြင်လာရတယ်။ ဒီအခြေအနေမှာ ပို့စ်မော်ဒန်နစ်တွေက Identity ရဲ့ မရေရာမှု/ရောထွေးေ၀၀ါးနေမှုကို သူ့သဘာဝအတိုင်း လက်လွတ်စပယ်ပစ်ပယ်ထားလိုက်ကြတယ်။ နီယိုမော်ဒန်ကတော့ ဒါဟာ ဘယ်လို ပဲမသေချာ၊ မရေရာ၊ ယိမ်းယိုင်လှုပ်ရှားနေသည်ဖြစ်စေ၊ လူသားတစ်ယောက်အနေနဲ့ပြန်လည်ဆက်စပ်တည်ဆောက်ရမယ့်သဘောတွေ လို့ မှတ်ယူပါတယ်။ လူအုပ်ကြီးထဲရောနှောပျောက်ဆုံးနေတဲ့တစ်သီးပုဂ္ဂလလူသားရဲ့ Identity သဘောကို ပြန်လည်ရှာဖွေတည်ဆောက် ဖို့ ကြိုးပမ်းပါတယ်။ လူသားရဲ့တစ်သီးပုဂ္ဂလသဘောကို ရှာဖွေတည်ဆောက်တာ၊ အာရုံခံစားမှု၊ လောကအမြင်စတဲ့လူသားဆန်မှုတွေကို ဗဟိုပြုပြီး ကဗျာရေးသားခြင်းဆိုတာကို အတ္တကြီးမားတယ်/ငါစွဲထားတယ်/သက္ကာယဒိဌိဖြစ်တယ်/အနတ္တကို အတ္တလို့မြင်တဲ့အမြင်မှား ဖြစ်တယ်ဆိုပြီး ဘာသာရေးစံနှုန်းပေတံတွေနဲ့တိုင်းတာစွပ်စွဲလို့တော့မရနိုင်ပါဘူး။ ကဗျာဆရာ ကဗျာရေးခြင်းဆိုတာ လောကသံသရာက လွတ်မြောက်ရာအလုပ်ကို ကျင့်ကြံအားထုတ်နေတာမဟုတ်ဘဲ လူသားဆန်တဲ့ဖန်တီးမှုအနုပညာယဉ်ကျေးမှုကိုတည်ဆောက်နေတာဖြစ် လို့ပါပဲ။
(၆)     ရေးဟန်နှင့် တင်ပြပုံပြောင်းလဲခြင်း
            မော်ဒန်ကနေ နီယိုမော်ဒန်ကိုအရွေ့မှာ ကဗျာဆရာရဲ့ရေးဟန်နဲ့တင်ပြပုံအပြောင်းအလဲဟာ အဓိကအရေးကြီးတဲ့ပုံသဏ္ဍာန်ပိုင်း ဆိုင်ရာ ရွေ့လျားမှုဖြစ်ပါတယ်။ ကိုယ် ကိုင်တွယ်သုံးစွဲနေကျစကားလုံး၊ နိမိတ်ပုံ၊ သင်္ကေတ၊ အသံအသွားအလာ၊ ကိုယ်တည်ဆောက်နေ ကျ ၀ါကျ၊ ပါဒဖွဲ့စည်းပုံ၊ ကိုယ်အရိုးစွဲနေတဲ့ကဗျာ စီစဉ်တင်ပြပုံ၊ တွေးထောင့်တွေကို အသစ်ပြောင်းလဲပစ်ဖို့ကိစ္စက တကယ်တမ်းမှာလွယ် မယောင်နဲ့ခက်ပါတယ်။ တိမ်မယောင်နဲ့နက်ပါတယ်။ ကိုယ့်ရဲ့အစွဲအလမ်း/ဟန်ပန်တွေကိုဖယ်ရှားစွန့်ပစ်လိုက်ရမှာဖြစ်လို့ ကိုယ့်အတ္တရဲ့ ဆန့်ကျင်မှု၊ အများလက်မခံနိုင်မှာစိုးရိမ်ထိတ်လန့်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ဒါကိုကျွန်တော်တို့စွန့်စားလုပ်ရမှာပဲ။ ဒီလို မလုပ်ရင် ကျွန်တော်တို့ခေတ်ပေါ်ကဗျာလမ်းဟောင်းထဲမှာပဲ တစ်လည်လည်ဖြစ်နေကြရပါလိမ့်မယ်။
(၇)     ရသအပြောင်းအလဲ
            နီယိုမော်ဒန်မှာ အာရုံခံစားပုံ/ရေးဟန်နဲ့တင်ပြပုံတွေကိုအပြောင်းအလဲလုပ်လိုက်ရင် ကဗျာစာသားတွေဆီကရတဲ့ ရသဟာလည်း အလိုအလျှောက်ပြောင်းလဲသွားပါလိမ့်မယ်။ ခေတ်ပေါ်ကဗျာဟာ ဘယ်လိုအရသာ/ရသမျိုးရှိတယ်ဆိုတာ ကျွန်တော်တို့ကဗျာ ရေး၊ ဖတ်၊ လေ့လာတဲ့အတွေ့အကြုံတွေအရသိရှိခဲ့ကြပြီးပါပြီ။ ခေတ်ပေါ်ကဗျာရဲ့ရသပုံစံအဟောင်းကိုစွန့်လွှတ်ပြီး ရသအသစ်စမ်းသပ်ဖော်စပ်ရာမှာ အနုပညာရသပျက်မသွားအောင်၊ အရသာအသစ်အမှန်တကယ်ဖြစ်လာအောင်လုပ်ကြရမှာပါ။ နီယိုမော်ဒန်ရဲ့ရသအသစ်ဟာ ဘယ်လို ဘယ်ပုံ အရသာမျိုးလဲဆိုတာတော့ ကဗျာဆရာရဲ့ရသဖန်တီးနိုင်မှုစွမ်းရည်/ပရိတ်သတ်ရဲ့ရသခံစာနိုင်မှုစွမ်းရည်တွေအပေါ်လည်းမူတည် နေပါသေးတယ်။ ဒီနေရာမှာ အရင်ခေတ်တွေကလို “ရသ”ဆိုတာဘာလဲမေးခွန်းထုတ်နေဖို့၊ စဉ်းစားအဖြေရှာနေဖို့အချိန်မရှိပါဘူး။ ရသ အပြောင်းအလဲ Aesthetic Shift လုပ်ဖို့ကိုပဲ ခေါင်းထဲထည့်ထားကြရမှာဖြစ်ပါတယ်။ ကိုယ့်အနုပညာအတွေ့အကြုံနဲ့ကိုယ် ရသအသစ် ပြောင်းလဲနိုင်ဖို့အားထုတ်ကြရမှာပဲပေါ့။
(၈)     အဇ္ဈတ္တခံစားမှု ပိုင်းစစိတ်မြွှာခြင်း
            ပို့စ်မော်ဒန်အတွေးအခေါ်တွေထဲက Theory of Fragmentation ဒီအတွေးအမြင်ကို အနုပညာလက်ရာတွေထဲ သွန်းလောင်း ထည့်လိုက်တဲ့အခါ ၀ါကျအပိုင်းအစတွေ၊ စကားစုအပိုင်းအဖြတ်တွေဖြစ်သွားကြပါတယ်။ ဒါပေမယ့် ၀တ္ထု/ကဗျာထဲမှာ ပို့စ်မော်ဒန်လူသား ရဲ့အာရုံခံစားမှုအကျိုးအကြေ/အပိုင်းအစတွေပါမလာဘဲ အတွေးအခေါ်ထဲမှာအနည်ထိုင်ကျန်ရစ်နေခဲ့ကြတယ်။ ပို့စ်မော်ဒန်နစ်တွေရဲ့ အဲဒီအားနည်းချက်ကို နီယိုမော်ဒန်ကသတိပြုမိပြီး အနုပညာလက်ရာတွေထဲမှာ ကျိုးကြေစိတ်မြွှာနေတဲ့ အဇ္ဈတ္တအာရုံခံစားမှုတွေ ထည့်သွင်းနိုင်အောင်ကြိုးစားဖို့ဆင်ခြင်မိပါတယ်။ စကားစု / ပါဒ / ၀ါကျအပိုင်းအစတွေနဲ့အတူ ပို့စ်မော်ဒန်လူသားရဲ့စိတ်ခံစားမှု အကျိုး အကြေ၊ အနည်အဖတ်တွေပါဝင်လာရင် နီယိုမော်ဒန်ရဲ့ထူးကဲတဲ့အရသာကို စမ်းသပ်မြည်းစမ်းမိနိုင်မယ်ထင်ပါတယ်။
(၉)     အတွေးအမြင်များ အချိုးပျက်ခြင်း
            “အဇ္ဈတ္တခံစားမှု ပိုင်းစစိတ်မြွှာခြင်း”မှာ ဆွေးနွေးခဲ့သလိုပါပဲ။ နီယိုမော်ဒန်က ကဗျာရဲ့မျက်မြင်ပုံသဏ္ဍာန်အချိုးပျက်ခြင်းထက် ကဗျာဆရာရဲ့အတွးအခေါ်/အာရုံခံစားပုံ အချိုးပျက်ခြင်းကို ပိုအလေးထားပါတယ်။ လူ့အဖွဲ့အစည်း/အနာဂတ်/ယဉ်ကျေးမှု/လူ့ဘ၀ အဓိပ္ပါယ်ဆိုတာတွေကို ဘယ်လိုဖွင့်ဆိုလို့ဖွင့်ဆိုရမှန်းမသိအောင် ရှုပ်ထွေး/ထွေပြား/ပွေလီလှတဲ့ ပို့စ်မော်ဒန်ခေတ်ကာလကြီးထဲမှာ ကျွန်တော်တို့ရဲ့သဘောထား/အတွေးအမြင်တွေ အချိုးပျက်တွန့်လိမ်နေပုံကကြောက်မက်ဖွယ်ရာ/အံ့သြတုန်လှုပ်ဖွယ်ရာဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ်ရဲ့လူငယ်တွေမှာ ကိုးကွယ်ယုံကြည်ရာအယူဝါဒမရှိတော့ဘူး။ တန်ဖိုးထားယုံကြည်ရာအနှစ်သာရတွေပျောက်ဆုံးနေ ကြပြီ။ ခေတ်အဆက်ဆက်ကိုးကွယ်ယုံကြည်ခဲ့ကြတဲ့အမှန်တရားဆိုတဲ့အရာဟာ သံသယဖြစ်ဖွယ်ရာ၊ မေးခွန်းထုတ်ဖွယ်ရာ အသိခံအရာ တစ်ခုဖြစ်နေပြီ။ တချို့ဝေဖန်သုံးသပ်သူတွေပြောသလို ခေတ်ပေါ်ကဗျာဟာ နတ္ထိဝါဒဆီဦးတည်ရွေ့လျားနေတယ်ဆိုတာကလည်း ဒီလို အတွေးအမြင်တွေ အချိုးပျက်ရာက စတင်မြစ်ဖျားခံခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခေတ်ရဲ့ဂီတက ၁၉၆၀ခုနှစ်တွေဆီက ရော့ခ်ဂီတမဟုတ်တော့ ပါဘူး။ ဒီနေ့ခေတ်ရဲ့ဂီတက Hip-Hop, Alternative, Punk-Metal နဲ့ Nu-Metal.
(၁၀)    အကြောင်းအရာများ ရောထွေးထားခြင်း
            ခေတ်ပြိုင်အနုပညာလက်ရာတချို့ကိုလေ့လာကြည့်တဲ့အခါ အကြောင်းအရာအရ ဗဟိုချက်ကင်းမဲ့နေတဲ့ အရေးအသားတွေကို တွေ့မြင်ကြရမှာပါ။ ကဗျာစာသားတွေထဲမှာ ၀ါကျတစ်ကြောင်းဟာ အကြောင်းအရာတစ်ခုကိုသယ်ဆောင်လာတယ်။ အကြောင်းအရာ တစ်ခုမပြီးဆုံးခင်မှာ တခြားအကြောင်းအရာအသစ်တစ်ခုဖြတ်ဝင်လာတယ်။ လက်ရာ/စာသားတစ်ခုလုံးလွှမ်းခြုံကြည့်လိုက်တော့ အကြောင်းအ၇ာအပိုင်းအစတွေဆက်စပ်စီစဉ်ထားတဲ့အတွက် တိကျသေချာတဲ့ဗဟိုချက်ပျောက်ဆုံးသွားတာတွေ့ရပါတယ်။
(၁၁)    အာရုံခံစားမှုဗဟိုချက်ကင်းမဲ့ခြင်း
            နီယိုမော်ဒန်မှာ အကြောင်းအရာဗဟိုချက်ကင်းမဲ့ခြင်းနဲ့အတူ အာရုံခံစားမှုဗဟိုချက်ကင်းမဲ့ခြင်းကို ပေါ်လွင်ထင်ရှားအောင်လုပ်ဖို့ အရေးကြီးပါတယ်။ အာရုံခံစားမှုဗဟိုချက်ကင်းမဲ့ခြင်းဟာ ကျွန်တော်တို့ရဲ့မရေရာမသေချာတဲ့ လူ့ဘ၀စီမံကိန်းတွေဆီကနေ မြစ်ဖျားခံလာ ပါတယ်။ လက်ရှိပစ္စုပ္ပန်ဘ၀ဖြစ်တည်မှု၊ အနာဂတ်အလားအလာ၊ အတွေးအခေါ်အယူဝါဒ၊ ငွေကြေးနဲ့ဖက်ရှင်ပစ္စည်းစသဖြင့် ကျွန်တော်တို့ ရဲ့လူ့ဘ၀မှာ အမှန်တကယ်ဗဟိုပြု/စွဲလမ်းဆုပ်ကိုင်ထားရမယ့်အရာဆိုလို့ ဘာဆိုဘာမှမရှိပါဘူး။ လူသားဟာ သူ့ဘ၀မှာဗဟိုပြုတွေးခေါ်/ အာရုံခံစားရာ ဘာဆိုဘာမှမရှိတဲ့အဖြစ်မှန်ကို မျက်မှောက်ပြုနေရတယ်။ ဗဟိုပြုစရာအကြောင်းအရာပျောက်ဆုံးသွားတာနဲ့အမျှ သူ့အာရုံ ခံစားပုံ/လောကအမြင်တွေဟာလည်းChaos/Alternativeဖြစ်လာပါတယ်။ ဒါကိုအထင်မှားပြောခဲ့တဲ့ “အကြောင်းအရာဗဟိုချက်ကင်းမဲ့မှု” လောက်နဲ့ချဉ်းကပ်တင်ပြလို့မပြည့်စုံနိုင်ပါဘူး။ ကဗျာဆရာဟာ ခေတ်ပြိုင်လူသားနဲ့ သူ့ရဲ့အာရုံခံစားမှုဗဟိုချက်ကင်းမဲ့မှုကို ထိရောက်ပီပြင် တင်ဆက်ဟောပြောဖို့ ခေတ်လူသားရဲ့ အဇ္ဈတ္တအတွင်းလွှာထဲထိ ထိုးထွင်းသိမြင်ကြည့်နိုင်မှဖြစ်လိမ့်မယ်။ လူသားရဲ့ဘ၀မှာ အာရုံခံစားမှု တွေ ပိုင်းစစိတ်မြွှာနေတာ၊ ဗဟိုချက်ကင်းမဲ့နေတာမြင်ရင် နောက်တစ်ဆင့်အနေနဲ့ အဲဒီလိုအဓိပ္ပါယ်ထွက်တဲ့စကားလုံးရဝေါဟာရတွေကို ရှာဖွေဆက်စပ်တည်ဆောက်ကြည့်ဖို့စိတ်တိမ်းညွတ်လာပါလိမ့်မယ်။
(၁၂)    လူ/လူအများရဲ့အမြင်နဲ့ အာရုံခံစားမှုများ ရောထွေးနေခြင်း/ပေါင်းစပ်ရေးဖွဲ့ခြင်း
            ကဗျာဆရာဟာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းထဲမှာ/လူအုပ်ကြီးထဲမှာ ရောနှောနေထိုင်ရှင်သန်နေရတဲ့ ပုဂ္ဂလိကလူသား တစ်ယောက်သာဖြစ်ပါတယ်။ သူ့ဘ၀ကို သူ့ကိုယ်ပိုင်လောကအမြင်တွေနဲ့လုံခြုံအောင်တည်ဆောက်ထားသည်ဖြစ်စေ၊ ခေတ်/လူ့အဖွဲ့ အစည်းရဲ့သဘောထားအမြင်/တန်ဖိုးတွေရဲ့ရိုက်ခတ်မှုကို မလွဲမသွေရိုက်ခတ်ခံရစမြဲဖြစ်တယ်။ သူ့ရဲ့လောကအမြင်/အာရုံခံစားမှု/အယူ အဆတွေဟာလည်း ခေတ်ထဲမှာရှိနှင့်နေပြီးသားဖြစ်တဲ့၊ တည်ဆောက်ပြီး/ဆဲ ယဉ်ကျေးမှုက သွန်သင်ပြဌာန်းထားတဲ့အရာတွေနဲ့ ရောထွေးနေပါတယ်။ အဲဒီအခြေအနေဟာ နီယိုမော်ဒန်မှာ အရေးကြီးတဲ့လက္ခဏာတစ်ရပ်ဖြစ်လာတယ်။ နီယိုမော်ဒန်မျာ ကဗျာဆရာရဲ့ အာရုံခံစားမှု/လောကအမြင်တွေအပြင် တခြားသူ/ပုဂ္ဂိုလ်တွေရဲ့အမြင်ခံစားမှုတွေပါ ရောနှောတင်ပြဖို့စဉ်းစားလာကြတယ်။ ဒါဟာ ခေတ်ပြိုင်လူအုပ်ကြီးထဲက အခြားသူတွေရဲ့ Identity ကို Imitate လုပ်ဖို့ကြိုးစားကြည့်ခြင်းပါပဲ။
(၁၃)    နိမိတ်ပုံ/သင်္ကေတများလျှော့ချခြင်း
            ခေတ်ပြိုင်ကဗျာသမိုင်းတစ်လျှောက်လုံးမှာ ကဗျာဆရာတွေက နိမိတ်ပုံ/သင်္ကေတတွေကို အစွမ်းကုန်ရှာဖွေသုံးစွဲခဲ့ကြပါတယ်။ ဒီလိုအားထုတ်ကြရာမှာ သန်မာလတ်ဆတ်တဲ့နိမိတ်ပုံ/သင်္ကေတတွေရခဲ့ကြသလို ကဗျာဖတ်သူနဲ့ဝေးကွာနေတဲ့နိမိတ်ပုံ/သင်္ကေတတွေကို လည်း မလွဲမသွေတွေ့ခဲ့ကြပါတယ်။ ခေတ်ပေါ်ကဗျာနှောင်းပိုင်း (၂၀၀၀-၂၀၀၅)နောက်မှာတော့ ကဗျာဆရာတချို့က နိမိတ်ပုံ/သင်္ကေတ တွေလျှော့ချဖို့ ဟန်ပြင်လာကြတာသတိပြုမိကြပါလိမ့်မယ်။ နီယိုမော်ဒန်မှာ အထူးပြုလုပ်ဖန်တီးထားတဲ့ နိမိတ်ပုံ/သင်္ကေတတွေရဲ့အခန်း ကဏ္ဍဟာ မိန်ဖျော့လာပါတယ်။ ဒါဟာ ခေတ်ပေါ်ကဗျာသမိုင်းတစ်လျှောက်လုံး အားပြုသုံးစွဲလာတဲ့ အလင်္ကာအသုံးအနှုန်းတွေကို ရိုးအီ ငြီးငွေ့လာတာကတစ်ကြောင်း၊ ကဗျာဖတ်သူပရိတ်သတ်နဲ့နီးကပ်အောင် တိုးရွေ့လိုတာကတစ်ကြောင်းကြောင့်ဖြစ်ပါတယ်။
(၁၄)    အရပ်သုံးဘာသာစကားများ ရောနှောသုံးစွဲခြင်း
            နိမိတ်ပုံ/သင်္ကေတတွေကို လျှော့ချလိုက်တာနဲ့အမျှ ကဗျာဘာသာစကား (အလင်္ကာတန်ဆာဆင်မှု/ကဗျာဆန်ဆန်လှပနူးညံ့မှု) ရဲ့ ရွှေရည်ရွှေသွေးက စံနှုန်းလျော့ကျသွားမှာပါပဲ။ ကဗျာဘာသာစကားရဲ့တချို့အစိတ်အပိုင်းတွေမှာ အရပ်သုံးဘာသာစကားက ၀င်ရောက်နေရာယူလာမယ်။ ကဗျာဘာသာစကားနဲ့ အရပ်သုံးဘာသာစကား အရောအနှော၊ စပ်ဟပ်ပုံရာခိုင်နှုန်းကတော့ ကဗျာဆရာ တစ်ဦးချင်းစီရဲ့ စိတ်တိမ်းညွတ်မှုအပေါ်မူတည်ပါတယ်။ ကဗျာဘာသာစကားနေရာမှာ အရပ်သုံးဘာသာစကားဝင်ရောက်လာတာဟာ ခေတ်ပေါ်ကဗျာသစ်နဲ့ ကဗျာဖတ်သူကြားက အကွာအဝေးကို ဆွဲချုံ့ပစ်နိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။
(၁၅)    ရိုးရှင်းလွယ်ကူသော အဓိပ္ပါယ်/အနက်ဖွင့်စံနစ်များတည်ဆောက်ခြင်း
            ခေတ်ပေါ်ကဗျာသမိုင်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ရှေ့ကကဗျာသုတေသီ(မြဇင်၊ မင်းလှညွန့်ကြူး၊ မောင်သာနိုး၊ မျိုးသန့်) တွေ ပြောဆိုခံယူခဲ့ကြတဲ့ ခေတ်ပေါ်ကဗျာရဲ့လက္ခဏာတစ်ခုက သွယ်ဝိုက်ဖွဲ့ဆိုတဲ့ ၀င်္က၀ုတ္တိသဘော၊ မှန်ကူကွက်သဘောတွေဖြစ်ပါ တယ်။ အဲဒီလက္ခဏာဟာ ခေတ်အခြေအနေအရ ပေါ်ထွက်လာခဲ့တာမှန်ပေမယ့် ကဗျာသဘောတရား စူးစမ်းလေ့လာမှုအားနည်းတဲ့၊ ကဗျာဖတ်ကျင့်အလေ့အထသိမ့်မရှိတဲ့ ကဗျာဖတ်သူတွေနဲ့အတိုင်းအတာတစ်ခုအထိ အလှမ်းကွာခဲ့ပါတယ်။ နီယိုမော်ဒန်မှာ ခေတ်ပေါ် ကဗျာရဲ့ ၀င်္က၀ုတ္တိသဘော၊ မှန်ကူကွက်သဘောတွေကိုစွန့်လွှတ်ပြီး ရိုးရှင်းလွယ်ကူတဲ့ အဓိပ္ပါယ်/အနက်ဖွင့်စံနစ်တွေဆီ ပြောင်းလဲရွေ့ လျားသွားပါတယ်။ ကဗျာဆရာဟာ သူပြောလိုတဲ့ဆိုလိုရင်းရောက်အောင် တိုက်ရိုက်/ဒဲ့ဒိုးပဲပြောတယ်။ ခေတ်ပေါ်ကဗျာခေတ်ကလို သွယ်ဝိုက်တာတွေ၊ မူယာမာယာများတာတွေလုပ်မရတော့ဘူး။ ဒါဟာ ခေတ်ပြိုင်ထဲမှာ ပေါ်ထွန်းနေတဲ့ဟစ်ဟော့ပ်ဂီတ၊ ပန့်ခ်ဂီတာတွေရဲ့ ရိုးသားပွင့်လင်းမှုတွေနဲ့ဆက်နွယ်နေပါတယ်။
(၁၆)    ကဗျာအတွင်းသားအပျော့ထည် (Soft-ware) များပြောင်းလဲခြင်း
            ကဗျာရဲ့အတွင်းသားအပျော့ထည် (Soft-ware) ဆိုတာ အာရုံခံစားပုံ၊ နိမိတ်ပုံသင်္ကေတ၊ အသံအသွားအလာတွေကိုဆိုလိုပါ တယ်။ နီယိုမော်ဒန်မှာ အာရုံခံစားပုံ/စိတ်ကူးစိတ်သန်း/အသိပညာအပြောင်းအလဲအပြင် နိမိတ်ပုံ၊ သင်္ကေတ၊ အသံအသွားအလာအသစ် တွေကိုလည်း ရှာဖွေဖို့လိုပါတယ်။ ကဗျာဆရာတစ်ဦးချင်းစီမှာ ကိုယ်ပိုင်ဟန်လိုပုံသေဖြစ်နေတဲ့ စကားလုံး/အသံ/ဘာသာစကားအကွက် အဆင်တွေရှိနေတတ်ကြပါတယ်။ နီယိုမောဒန်မျာကဗျာဆရာရဲ့ Concept ကို ပထမအဆင့်ပြောင်းလဲပြီးတာနဲ့ ပုံသေဖြစ်နေတဲ့ ကိုယ်ပိုင် အရေးအသားဟန်ပန်တွေကို စွန့်လွှတ်ဖို့၊ စမ်းသပ်ချဲ့ထွင်ဖို့အရေးကြီးလာပါတယ်။ အာရုံတိမ်းညွတ်နေကျအကြောင်းအရာတွေကို သွေဖီ၊ အသုံးပြုနေကျစကားလုံးအဟောင်းတွေကို စွန့်လွှတ်၊ ကိုယ်ပိုင်ဟန် အသံအသွားအလာတွေကို ရှောင်ကြဉ်၊ စကားလုံးအစပ်အသစ်တွေ ရှာဖွေနိုင်ဖို့ဟာ ကဗျာသစ်အသွင်ပြောင်းလဲမှုအတွက် အေ၇းကြီးတဲ့စဉ်းစားစရာအချက်အလက်တွေပါပဲ။
(၁၇)    ပေါ်ပြူလာဖြစ်နေတဲ့ အရေးအသား/ဟန်ပန်များကို ရှောင်ကြဉ်ခြင်း
            ခေတ်ပေါ်ကဗျာသမိုင်းကိုအပေါ်စီးကကြည့်ရင် အများကြိုက်ပေါ်ပြူလာဖြစ်တဲ့အရေးအသား၊ ဟန်ပန်မျိုးတွေမကြာခဏဆိုသလို ခေါင်းထောင်ထွက်ပေါ်လာတတ်ကြတာကိုသတိပြုမိကြပါလိမ့်မယ်။ အဲဒီလိုပေါ်ပြူလာ/ပေါ်ပင် အရေးအသားမျိုးတွေဟာ ဖက်ရှင်အသစ် အဆန်းတွေလိုပဲ အတွေးအခေါ်နုနယ်တဲ့ကဗျာဆရာတချို့ကို ဖြားယောင်းဆွဲဆောင်တတ်ကြပါတယ်။ ဒါပေမယ့် အချိန်တန်လို့တစ်နှစ် လောက်ကြာပြီးဆိုရင် ပေါ်ပြူလာဖြစ်ခြင်း၊ လတ်တလောဖက်ရှင်ဖြစ်ခြင်းရဲ့ သဘာဝအတိုင်းပြန်တိမ်မြုပ်မှေးမှိန်သွားကြတာပါပဲ။ ဥပမာ နိုင်ငံတကာသတင်းဂျာနယ်ထဲက သတင်းခေါင်းစဉ်တွေချည်းသက်သက် ဆက်စပ်ဖွဲ့စည်းပြီး ကဗျာရေးတာမျိုး၊ တစ်ယောက်ကစစ်ပွဲ ကဗျာဆိုရင် နောက်တစ်ယောက်ရဲ့ကဗျာထဲမှာ မီးခိုးနံ့ယမ်းနံ့တွေဆူဝေသွားတာမျိုး၊ တစ်ယောက်က ဘာသာစကားဆိုရင် တစ်ယောက် က စကားဘာသာဆိုတာမျိုး၊ ပြီးတော့ ကဗျာကိုဘယ်လိုစပြီးဘယ်ပုံသယ်ဆောင်၊ ဘယ်လိုအဆုံးသတ်ပြီးပြီမို့ ကဗျာဖတ်သူက ခေါင်းစဉ် ကြည့်တပ်လိုက်ပါဆိုတာမျိုးတွေပေါ့။
            အခု ဥပမာပေးခဲ့တဲ့သဘောတွေဟာ မြန်မာကဗျာသမိုင်းမှာ ရေပွက်ပမာ သွေးရူးသွေးတန်းထပွက်ပြီး ပြန်ပျောက်ကွယ်သွားမယ့် ဖက်ရှင်တွေဆိုတာ နီယိုမော်ဒန်တွေက သဘောပေါက်ထားကြပါတယ်။ နီယိုမော်ဒန်တွေက အဲဒီလိုပေါ်ပြူလာ/ဖက်ရှင်ဖြစ်တဲ့ အရေး အသားမျိုးတွေကို ဂရုစိုက်ရှောင်ကြဉ်ပါတယ်။ သူတို့က လတ်တလော လူကြိုက်များ၊ ခေတ်စားနေတဲ့ကဗျာဖက်ရှင်ဒီဇိုင်းကိစ္စတွေကို သိပ်စိတ်မ၀င်စားဘဲ သမိုင်းခေတ်ရဲ့တောင်းဆိုမှုနဲ့အညီသွားရမယ့် ခေတ်၏ကဗျာသစ်ရဲ့ရေရှည်ခြေလှမ်းအလားအလာကို လေးနက်တဲ့ သဘောထားနဲ့ရှုမျှော်ကြပါတယ်။
            နီယိုမော်ဒန်ရဲ့နောက်ခံအယူအဆနဲ့ သွင်ပြင်လက္ခဏာတချို့နဲ့ပတ်သက်ပြီး ကျွန်တော်တတ်နိုင်သမျှဆွေးနွေးတင်ပြပြီးပါပြီ။ ဒါတွေဟာ သံမဏိစည်းမျဉ်းတွေမဟုတ်သလို အလွတ်ကျက်ကိုးကားရမယ့် အဆိုအမိန့်တွေ၊ စံပြအဖြေလွှာတွေလည်းမဟုတ်ပါဘူး။ အရပ်စကားနဲ့ပြောရရင် ကြိုက်တာရွေးယူ၊ မကြိုက်တာလွှင့်ပစ်လိုက်ပေါ့ဗျာ။
            ကျွန်တော့်အမြင်တစ်ခုရှိပါတယ်။
            အနုပညာရပ်တွေနဲ့ပတ်သက်လာရင် အကြွင်းမဲ့ခိုင်မာပြီး ပြည့်စုံတဲ့ပကတိအမှန်အမှားဆိုတာတွေမရှိပါဘူး။ တကယ်လို့ရှိတယ် လို့ တစ်ဦးတစ်ယောက်ကအမြင်ကျဉ်းကျဉ်းနဲ့ပြောလာရင်လည်း အဲဒီအမှန်အမှားကိစ္စတွေကိုစိတ်မ၀င်စားပါဘူး။ လူ့ဘ၀မှာကိုယ်ယုံကြည် ရာကိုယ်လုပ်ဖို့၊ ကိုယ်တည်ဆောက်ချင်ရာတည်ဆောက်ဖို့အတွက် ကျွန်တော်တို့ကဗျာဆရာဘ၀ကို ရွေးချယ်ထားကြတာပါ။ အယူအဆ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိုယ်ယုံကြည်ရာ ကိုင်စွဲ လုပ်ခဲ့တယ်လို့ တာဝန်ယူပါတယ်။
အောင်ရင်ငြိမ်း