Tuesday, 30 June 2015

မေ့မရတဲ့ မြို့ကလေး


မေ့ပျောက်မရတဲ့ မြို့ကလေး
မနေ့က အဖြစ်လိုစိတ်ထဲစွဲ
အပျော်တွေ တစ်ကျော့ရစ်ဖြတ်သန်း
ပြန်လွမ်းမိပါရဲ့
လေဘာကို တလိမ့်ချင်းတင်
ဆိုင်ကယ်ကိုယ်စီနဲ့
အ၀ါရောင်ရှုးသွပ်မှုတွေစားသုံး
မြက်တောတွေထဲကခုန်
ငါ တို့ရဲ့အပြောင်အနောက် စကားလုံးတွေ
ဘုရင့်နောင် အငူတ၀ိုက်မှာ
စီးမျှောနေတယ်။
လူငယ်ဘ၀ကို တနင့်တပိုးစားသုံး
ရယ်လိုက် မောလိုက်
စလိုက် နောက်လိုက်
ညစဉ် ညဆက်
အိပ်ရေးပျက် ပျှော်ရွှင်
ဒီမြို့လေးမှာ
ငါ တို့ရဲ့ အိပ်မက်တွေ
ငါ တို့ရဲ့ ရယ်မောသံတွေ
ငါ တို့ရဲ့ လူငယ်ဘ၀တွေ ရှိတယ်။
မမေ့ရက်နိုင်ပါဘူး မြို့ကလေး………………….

မောင်ဝေလွင်
ဓာတ်ပုံ။ ။ကိုကိုအောင်

လူငယ်ဘဝ


ကြယ်တွေ ကြွေတဲ့ညပေါ့

မျက်ရည်တွဲလွဲ ကလေးတစ်ယောက်

ပင်လယ်ပြင်ရဲ့ ရိုက်ခတ်မှု့တွေ

ငေးကြည့်ရင်း

အနာဂတ်တွေ မီးမြိုက်

လူငယ်တစ်ယောက်

ဒုက္ခပင်လယ်ပေါ် စီးမျောရင်း

ကကြိုးတွေလွဲ

လေနီကြမ်းတွေ တိုက်ခတ်ချိန်မှာ

စိတ်ဓာတ်တွေ ဖုန်ကပ်ခံရတယ်

မောင်ဝေလွင်
ဓာတ်ပုံ၊ ၊ ကိုကိုအောင်

ဆည်းဆာချိန်အလွမ်း


ဆည်းဆာနှောင်းချိန် ညနေခင်းလေး
လေပြေတဖွေးဖွေး တိုက်လို့နေ
တိမ်လွှာတိမ်ချယ် အရောင်တောက်လျှက်
နင့်နင့်သည်းသည်း လွှမ်းလို့နေ
ပုဇွန်ဆီရောင် ညနေခင်းထဲ
ကဗျာလေးတွေ ရေးလို့နေခဲ့
ဟိုတွေးဒီတွေး ပြုံးပြုံးလေးနဲ့
မင်း မျက်နှာလေး ငါ မြင်နေ
ပြုံး၍ပြုံး၍ အနမ်းပေး
မကြာမကြာ လွမ်းလို့နေ
အိပ်မက်တွေကို စိုးမိုးသူလေး
ဘယ်ဆီဘယ်ကို ရောက်လို့နေ
ဌက်ကလေးတွေရယ်
အမှာစကား ပါးလိုက်ပါရစေ
အလွမ်းတွေက ပင်လယ်ကြီးလောက်
ရှိခဲ့ပြီတဲ့လေ။


မောင်ဝေလွင်
ဓာတ်ပုံ။ ။ ကိုကိုအောင်

ဒုက္ခများရောင်းရန်ရှိသည်


ကျေးငှက်တစ်ကောင်
လှောင်ချိုင့်ထဲ ၀င်ကတဲ့နေ့
ကြယ်စင်တွေ ကကြိုးလွဲ
မာန်ထလာတဲ့ ပင်လယ်ြပင်
မိုးသက်မုန်တိုင်းနဲ့ ပေါင်းစီးလို့
ငါ့ စိတ်ဓာတ်တွေ
အပြုတ်ချေမှုန်း
ဒေါသနဲ့ ဆုံးဖြတ်ထားတဲ့ ကစားပွဲ
သောကတွေ သောက်သောက်လဲပေါလာတယ်
ငါ ထွန်ယက်ခဲ့တဲ့ လုပ်ရပ်တွေ
ဒုက္ခတွေ သီးပွင့်လာလို့ပေါ့
ဒုက္ခများရောင်းရန်ရှိသည်
ဆိုင်းပုဒ်ကိုဆွဲ
လူ့လောကထဲဝင်ခဲ့တာ
တစ်ယောက်မှ ငါ့ကို
ဆေးဖေါ်ကျောဖက်
မလုပ်တော့ဘူး...............
ငါ ထွန်ယက်ခဲ့ ဒုက္ခသီးတွေ
ငါ ကိုယ်တိုင် စားသုံးပြီး
လူ့လောကကို
ခရီးဆက်ရအုံးမယ်ပေါ့လေ..................

မောင်ဝေလွင်

အမှောင်ထဲက အလင်းနှစ်များ


ည…………
လူသံ သူသံ တိတ်ဆိတ်လို့
မီးရောင်များ
ကွက်ကြားကွက်ကြားလင်းလို့
ထိုင်နေကျ“ကျော်စု” လက်ဖက်ရည်ဆိုင်လေးလည်း
အလင်းမှုန်မှုန်မှာ လဲလျောင်းလို့
ဧဒင်ဥယျာဉ်ထဲက
နူတ်ခမ်းမွှေးရေးရေး
မင်းကွတ်သီးလေးလည်း အိပ်စက်လို့
အဲဒီညမှာ လေးယောက်စလုံး
အပျော်တွေ ပက်ပက်စက်စက်ရွာသွန်း
ကောက်တိကောက်ကွေး ကြယ်ရောင်တွေကြား
ဂစ်တာဝိုင်းဟာလည်း တစ်ယောက်တစ်ပေါက်
အ၀ါရောင်ရူးသွပ်မူ့ကြားက
အမှတ်မထင် စီးဆင်းလာတဲ့
စကားလုံးက………………..
“လူအားလုံး ထိပ်ဆုံးကနေချင်ပေမယ့်
လူအားလုံး ထိပ်ဆုံးက မသေချင်ဘူး….”
အဲဒီညဟာ………
အမှောင်ထဲကအလင်းနှစ်တွေဖြစ်တယ်……………….
မောင်ဝေလွင်

ရှင်သန်ပါ သူငယ်ချင်း


အခုလို
ညမျိုးမှာပဲ
အမဲစက်စွန်းပေနေတဲ့
အကျီတစ်ထည်နဲ့
ငါ့ ရာဇ၀င်ကို ရေးထိုးခဲ့ဖူးတယ်။

ဒဏ်ရာတွေ ကျက်သွားပေမဲ့
အရိုးပြိုင်းပြိုင်းထနေတဲ့
သစ်အိုပင်လို
ငါ နေထိုင်ရှင်သန်ခဲ့ဖူးတယ်။
ဖြစ်ခဲ့သမျှကို
မေ့ပြစ်မရပေမယ့်
ရယ်စရာလို့
ငါ သဘောထားဖူးတယ်။
ကြာခဲ့ပြီပေါ့
အဲဒီနေ့က
ပင်လယ်မှာ လှိုင်းထန်နေတယ်
မကြာခင်မှာ မိုးရွာတော့မယ်
အရှင်နတ်သမီးရေ့...........
ဆောက်တည်ရာမရ ဖြစ်နေတဲ့
သူတို့ကို ပြောလိုက်ပါ။
ငါ တို့နေထိုင်ခဲ့တာ
ငါ တို့ရှင်သန်ခဲ့တာ
ပင်လယ်ရဲ့မာယာနဲ့
သွေးအေးအေး သတ်ဖြတ်ခံရဖို့
မဟုတ်ဘူးလို့။...
ဒီလိုနဲ့ပေါ့..........
ကြယ်ရောင်မဲ့တဲ့ ညမှာပဲ
မုန်တိုင်းတွေ သွေးဆာနေတယ်
ပင်လယ်တွေ သွေးဆာနေတယ်
ဖဲတစ်ချပ်လို ဆွဲမှောက်ခံလိုက်ရတဲ့
ပင်လယ်ရဲ့မာယာအောက်မှာ
ဘာဖြစ်လဲ
ဝမ်းမနည်းကြေးပေါ့
ခြေပစ်လက်ပစ်သာ ကူးခတ်ခဲ့ကြပါ။
ငါ တို့အတွက် ဘ၀သစ်တွေ
ကြိုလင့်နေတယ်။။

မောင်ဝေလွင်
 ၁၁.၀၂.၁၅

အိပ်ဆေး


(၁)
အကျဉ်းကျနေတဲ့
အိပ်မက်တွေက အစီအစဉ်မကျ
ကမောက်ကမနဲ
မျက်ရည်တွေ အခါခါစီးကျ
ငိုခြင်းတွေ အသံတိတ်
ဥပေက္ခာလှိုင်းပုတ်မှု့တွေထဲ
ငါ စုန်းစုန်မြုတ်တော့မယ်
ငါ့ လွတ်မြောက်ရာလမ်း
ငါကိုယ်တိုင်ဖောက်ခဲ့တယ်
ငါရေးထားတဲ့
ငါ့ သမိုင်းက
ဗလာအတိပြီးတယ်

(၂)
အကောင်းတွေလုပ်နေတဲ့
ငါ့ကို
အဆိုးမြင်နေသေးရင်
ဒီကမ္ဘာမှာ ငါ ဆက်ရှိဖို့ မလို
ငါကို မျက်ပြင်းကတ်နေသူတွေအတွက်
ဘာသေတမ်းစာမှ မထားခဲ့ဘူး။
ငါ သေရင်
ငါနာကျင်ခြင်းတွေ
ငါ နှင့်အတူမြှုပ်နှံပေးလိုက်ကြပါ။
အဲ့ဒီဝန်ထုတ်ဝန်ပိုးနဲ့
ဘယ်သူ့ကိုမှ နှုတ်မဆက်ချင်ဘူး။
လွတ်လပ်စွာ
အိပ်မောကျချင်တယ်။

(၃)
မနေ့ကပဲ
ငါ ဆေးရုံက ဆင်းခဲ့တယ်
နတ်ဆိုးတွေ ဆူညံလွန်းလို့
ငါ့ ကိုယ် ငါ
အမှောင်ချ
အိပ်ဆေးလေးသောက်ခဲ့တယ်။
အို့ ဘုရားရေ့
ငါ့ ရင်ဖတ်ထဲ
အိပ်ဆေးတွေ မပျံ့နှံ့ခင် ငါ နိုးထခဲ့တယ်။
ငါ့ ကိုယ် ငါ မှောင်ချခဲ့ပြီးမှ
ဘာလို့အသက်ပြန်သွင်းချင်ရတာလဲ
ကျေးဇူးပြု၍
လွပ်လပ်စွာ အိပ်မောကျခွင့်လေးတော့
ခွင့်ပြုကြပါ။

(၄)
အိပ်ဆေးတွေ မြိုချ
ငါ ကိုယ် ငါ အမှောင်ချခဲ့ပြီးနောက်
ဈာပနတစ်ခုလို
မြုပ်နှံခွင့် မရတဲ့
ငါ ရှင်သန်ထမြောက်မှုမှာ
ဘယ်သူက ငါကို ကြိုဆိုမှာလဲ
ဒုတိမြောက် ရှင်သန်ထမြောက်ခြင်းရဲ့
အစွန်းတစ်ဘက်မှာ
ငါ တစ်ယောက်တည်း
တိုးတိုးတိတ်တိတ် ငိုခဲ့ရတဲ့
နေ့ရက်တွေ များလှပြီ

(၅)
မေတ္တာတရားတွေ
ခေါင်းပါလာတဲ့ ဘ၀မှာ
ငါ ကိုယ် ငါ ဒဏ်ခတ်ကြည့်တာပါ.
အော် ဆိုးလိုက်တဲ့ ဘဝ
သေမင်းက လက်မခံသေးဘူးတဲ့
မငိုကြနဲ့လေ
အဲဒီမျက်ရည်တွေက
မေတ္တာစစ်စစ်ဖြစ်ရဲ့လား
မထိပ်လန့်ကြနဲ့လေ
ငါ့ ကိုယ် ငါ လက်ဆောင်ပေးတာ
ခါးသီးတဲ့ စကားလုံးတွေနဲ့
သူနိုင်ကိုယ်နိုင်
အပြိုင်မကျဲချင်လို့ပါ
လွပ်လပ်စွာပဲ
အိပ်မောကျခွင့်ပြုပါ။

သေခြင်းတံခါးဆိုတာ
ဘယ်သူမှ မဖွင့်လည်းပွင့်တယ်။
ငါ ကိုယ်တိုင်ဆွဲဖွင့်ထားတဲ့
တံခါးတစ်ချပ်နောက်
အဓိပါယ်ဖော်ဖို့မလို
အာဏာရှင်တွေရဲ့အခန်းကျဉ်းထဲမှာ
အိပ်မက်တွေအကျဉ်းကျရတာ
ငါ့ စိတ်ထဲ ခါးသီးလွန်တယ်။
ငါ့ မျက်လုံးမှာ
မျက်ရည်တွေခန်းခြောက်သွားခဲ့ပြီ။
ကြောက်တတ်တဲ့ စိတ်တွေ
ငါ ထားခဲ့ပြီးနောက်
မနက်ဖြန်
လက်ကျန်ရှင်တမ်းအတွက်
အိပ်ဆေးတွေရှိသေးတယ်။

မောင်ဝေလွင်

၂၅.၀၂.၁၅

ပင်လယ်ရနံ့တွေ လွှမ်းခြုံထားတဲ့မြို့



မြို့အ၀င်မှာ
မွေတော်ကျွန်းနှင့်အောင်တော်မှု
သူ့ရဲ့ဘယ်ဘက်ရင်အုံမှာ
ပါချန်မြစ်ကလေး အလျားလိုက်စီးဆင်းလို့
မြွေတစ်ကောင်လို
စိမ်းညိုညိုတောင်တန်းတွေနဲ့
ပင်လယ်ရနံ့တွေ လွှမ်းခြုံထားတဲ့မြို့

မြို့မဈေးမှာလည်း
ဈေးသယ်တွေ ဈေးဝယ်တွေ
ကုန်ထမ်းသမားတွေက
ကမ်းနားလမ်းမှာ အပြေးအလွှား
ပင်လယ်ရနံ့တွေ လွှမ်းခြုံထားတဲ့မြို့

ဖရိုဖရဲ ပဲချိတ်ကလေးတွေကြား
လူခေါ်သံ တညံညံ
ပဲချိတ်သံ တဖုန်းဖုန်း
လှိုင်းဖွတ်သံ တ၀ုန်းဝုန်း
ပင်လယ်ရနံ့တွေ လွှမ်းခြုံထားတဲ့မြို့

ပါချန်မြစ်ထဲ ခုန်ပေါက်ဆင်းသွားတဲ့
နေတစ်စင်းရဲ့ ညနေခင်းတွေထဲ
ကင်းမွန်မီးထွန်းလှေကလေးတွေ စီစီရီရီ
ပင်လယ်ရနံ့တွေ လွှမ်းခြုံထားတဲ့မြို့

ဘုရင့်နောင်အငူတ၀ိုက်
လူငယ်တွေ ဆိုင်ကယ်ကိုယ်စီနဲ့
လွတ်လပ်စွာ စီးမျောနေကြ
ပင်လယ်ရနံ့တွေ လွှမ်းခြုံထားတဲ့မြို့

မောင်ဝေလွင်

ဓာတ်ပုံ၊ ၊ ကိုကိုအောင်

လူငယ်တစ်ယောက်ရဲ့လမ်း

ဘာပဲပြောပြော ဒီလူတွေ
ဒဏ်ရာနဲ့ အသက်ကြီးလာခဲ့တယ်။
ရွာရိုးကိုးပေါက် လမ်းလျှောက်ခဲ့တယ်။
ဘုရားသခင်က
ဒုက္ခဆိုတာ စားကောင်းသောအသီးလို့
မပြောခဲ့လို့
ဒါနဲ့ သူတို့တွေ ထူးချွန်လာခဲ့
ဒါနဲ့ သူတို့တွေ ထက်မြက်လာကြ။

ကံကြမ္မာပေးတဲ့ လက်ဆောင်ကို
နှက်သက်လည်း လက်ခံရင်း
မနှက်သက်လည်း လက်ခံရင်း
အမာရွတ်တွေ စားမြုံပြန်နေကြတယ်။

ဘ၀ဆိုတာ
အိပ်ရာဝင် ပုံပြင်မဟုတ်တော့
ခံစားချက်တွေ
ဓါးတစ်ချောင်းလို့ဖြစ်လို့လာခဲ့
ကဗျာတစ်ပုဒ်ဖြစ်လို့လာခဲ့

အတုယောင် အိပ်မက်တွေဆက်မက်ကြ
ထင်သလို့ ဖြစ်ပျက်နေကြတဲ့
တစ်ခါတစ်ရံမှာ
လူငယ်တစ်ယောက်ရဲ့
စိတ်အချဉ်ပေါက်ခြင်းက
ဝိုင်တစ်ခွက်ဖြစ်စေတယ်
သနားစရာကောင်းတဲ့
ဘ၀တွေထဲက
အနာဂတ်ကိုပဲ မက်မက်မောမောရှာဖွေခဲ့
ရှာဖွေဆဲ ရှာဖွေလျှက်
ရှာဖွေနေစဉ်မှာပဲ
ငါ တို့ဟာ
မျက်လုံးပြူးလျှာထုတ်ပြရမဲ့
အခြေနေတွေကြုံလာခဲ့တယ်။
အရှေ့မှာတော့ သိပ့်မဝေးတော့တဲ့
သုဿ န်တစ်ခုရှိတယ်လို့ဆိုပြန်တယ်။

မောင်ဝေလွင်

၂၉.၀၃.၁၅

ကျွန်တော်လမ်းလျှောက်နေသည်


မေမေ့ကို
အရမ်းချစ်တယ် ပြောရုံနဲ့
အမေ အချစ်ဆုံး
သားတစ်ယောက် ဖြစ်ပြီလို့
ကျွန်တော် မခံယူချင်ပါ။

ပိုက်ဆံရှာပြီး မိသားစုကို ပေးရုံနဲ့
မိသားစုရဲ့ သူရဲကောင်း ဖြစ်ပြီလို့
ကျွန်တော် မခံယူချင်ပါ။

ကျေးဇူးတင်ပါတယ်လို့ ပြောယုံနဲ့
ယဉ်းကျေးတဲ့သူ ဖြစ်ပြီလို့
ကျွန်တော် မခံယူချင်ပါ။

စားပါသောက်ပါ
လောကွတ်စကား ပြောယုံနဲ့
စိတ်ကောင်းရှိသူ ဖြစ်ပြီလို့
ကျွန်တော် မခံယူချင်ပါ။

သိပ်ချစ်ပါတယ်လို့ ပြောယုံနဲ့
သစ္စာရှိတဲ့သူ ဖြစ်သွားပြီလို့
ကျွန်တော် မယုံကြည်ပါ။

Facebook ပေါ်
ကဗျာရေး တင်ယုံနဲ့
ကဗျာဆရာဖြစ်သွားပြီလို့
ကျွန်တော် မခံယူချင်ပါ။

ကဗျာရေးပြီး မဂ္ဂဇင်းထဲ ပါရုံနဲ့
ကဗျာဆရာကြီး ဖြစ်သွားပြီလို့
ကျွန်တော် မခံယူချင်ပါ။

စာရေးပြီး စာစောင်ထဲပါရုံနဲ့
စာရေးဆရာ ဖြစ်သွားပြီလို့
ကျွန်တော် မခံယူချင်ပါ။

ကျွန်တော် ကဗျာရေးတယ်
ကျွန်တော် စာရေးတယ်
ဘယ်သူ ဘာပြောပြော
ဘယ်မဂ္ဂဇင်းမှ ပါပါမပါပါ
ကျွန်တော် ၀ါသနာပါတာ
ကျွန်တော်လုပ်
ကျွန်တော့်လမ်း ကျွန်တော်
လျှောက်ခဲ့တယ်။

ရူးတယ်လို့ တံဆိပ်လာတပ်လည်း
ကျွန်တော်ခံပါ့မယ်။
ကျေးဇူးပြု၍
ရယ်ရင်တော့ ခပ်လှမ်းလှမ်းကရယ်ပေးပါ
ကွမ်းဖပ်တွေ မျက်နှာမှာ
လာကပ်မှာစိုးလို့

မောင်ဝေလွင်
၎.၄.၁၅

သူစိမ်း‬


ငါ ကိုယ် ငါ
မှန်ထဲကြည့်မိတယ်
ငါ ဟာ ငါ
မဟုတ်ဘူး
သူစိမ်း

ညနက်နက်မှာ
သွေးသံတရဲရဲ
အိပ်မက်တွေ ရပ်စဲ
တောက်!!! တစ်ချက်
ခပ်ပြင်းပြင်းခါက်မိတယ်
ငါ ဟာ ငါ
မဟုတ်ဘူး
သူစိမ်း
ဂီတကို
ငါ နားမလည်ဘူး
ငါ ကိုယ် ငါ
တီးခတ်ကြည့်တယ်
ငါ ဟာ ငါ
မဟုတ်ဘူး
သူစိမ်း
ကာရန်တွေထဲ
ငါ ကိုယ် ငါ
ရှာကြည့်တယ်
ငါ ဟာ ငါ
မဟုတ်ဘူး
သူစိမ်း
ဟေ့ လူစိမ်း
မင်း ဘယ်သူလဲ.....................
..................................
မှန်ထဲ
အိပ်မက်ထဲမှာ
ဂီတထဲမှာ
ကာရန်ထဲမှာ
ငါ မရှိဘူး
ငါ ဟာ ငါ
မဟုတ်ဘူး
အဲဒါ သူစိမ်း
......................
ငါ ဘယ်ရောက်သွားလဲ


မောင်ဝေလွင်‬
၂၆.၀၄.၁၅

ကားအဓိက မရောင်းဘဲ နှလုံးသားဖြင့် ၀န်ဆောင်မှုပေးတဲ့ကြော်ငြာ


ဆင်ဖြူတော်ရေခဲချောင်းကြောင့် ငါ တို့ ငြိမ်းချမ်းရေးရခဲ့တယ်။
သမိုင်းမတင်မီ ယဉ်ကျေးမှုတွေက ပိုးသတ်ဆေးသောက်ပြီး လဲပြိုသွားတော့
မြစ်ကမ်းတလျှောက်မှာ ခရမ်းလွန်ရောင်ခြည် ဖြစ်ထွန်းခဲ့။
အနက်ရောင်ဝတ်ရင်ပိုဆိုးနိုင်တဲ့ ကျောက်စရစ်ခဲများ တင်ဆောင်
မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ကြောင်း ဖြေဆိုခဲ့တယ်။

ထွေထွေထူးထူး မရှိသေးတဲ့ ဒီအချစ်ရေးမှာ
ဆင်ဖြူတော်ရေခဲချောင်းလေး ထိန်းသိမ်းမှုအားနည်းတော့ အရည်ပျော်သွားခဲ့ရပြန်
နောက်ဆုံးတော့ အချစ်လိုက်သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့တယ်။

အထင်မှား အမြင်မှားဖြစ်အောင် လုပ်တဲ့နေရာမှာ သူကအရှေ့ဆုံး
မှန်ကန်စွာ ရှုမြင်တတ်ဖို့
"ကားကို အဓိက မရောင်းဘဲ နှလုံးသားဖြင့် ၀န်ဆောင်မှုပေးသည်" တဲ့
စကပ်တိုတိုနဲ့ ကောင်မလေးက ကြော်ငြာသွားတယ်။

ဟူး................မောလိုက်တာ
ယခင်အလုပ်အကိုင် အတည်တကျမရှိ ယခုအလုပ်အကိုင် အတည်တကျမရှိ
ငသတ်တစ်ခုသာ ခြားနားခဲ့ရ ဘ၀မှာ ဖက်လှဲတကင်းနေခဲ့ရတဲ့ ဘဝအဘိဓမ္မာတွေက
လက်လုပ်လက်စား ပိုင်ဆိုင်မှု့ ကို အတင်းအဓမ္မသိမ်းယူခဲ့
လုပ်ရပ်ကို မျက်ကွယ်ပြုနေမှတော့ လူကြီးမင်းများကို မတောင်းဆိုတော့ဘူး။
ရှိပါစေတော့ ကိုယ့်ဘ၀နှင့်ကိုယ်

မောင်ဝေလွင်‬
၀၅.၀၃.၁၅

ကြိုးစင်‬

အနက်ရောင် ပ၀ါချုံပြီး
ငါ့ စိတ်ဓာတ်တွေ
ကြိုးစင်တက်တဲ့နေ့
ကမ္ဘာမြေတစ်ခွင်
မျက်ရည်မိုးတို့နဲ့ မဲမှောင်လို့ပေါ့
ဝုန်းကနဲ ဆင်းသွားတဲ့
ခလုတ်မောင်းတစ်ခုကြောင့်
ငါ...ဘာဖြစ်သွားလဲ.......
ငါ..ဘာတွေဖြစ်သွားလဲ..........
ကိုယ့်ကိုကိုယ် မသိလိုက်ခင်မှာပဲ
ငါဟာ မှောင်မိုက်တဲ့
ကမ္ဘာကြီးထဲ ရောက်သွားတယ်...........
‪ေ
မောင်ဝေလွင်‬
၁၀.၀၅.၂၀၀၉