Wednesday, 13 May 2015

ကျွန်တော်ပြန်တွေ့တဲ့စာမျက်နှာများ


တကယ်တော့
ကျွန်တော်က ရွေ့ပြောင်းအလုပ်သမားပါ။
ဘ၀က ခဏခဏပြောင်းရွေ့ခံရလွန်းလို့
ဆယ်စုနှစ်တစ်ခုကြာ အမှောင်အတိကျသွားတဲ့
ကျွန်တော် အိပ်မက်တွေ
ကဗျာတွေနဲ့ ပြန်လင်းလက်လာခဲ့။
ကြမ်းရှနေတဲ့ နှလုံးသားတွေ ချောမွတ်လာခဲ့။

တစ်စုံတစ်ခုတွေ့မလား မျှော်လင့်ချက်နဲ့
နေထိုင်ခဲ့ရတဲ့ အသက်ရှုသံတွေက
ငြီးငွေ့ခြင်းတွေနဲ့ အသားကျခဲ့ရတာ ကြာခဲ့ရောပေါ့။
ဟက်ဟက်ပက်ပက် မရယ်မောရတာကြာပြီ။
စာအုပ်တွေ မဖတ်ရတာကြာပြီ။
ကဗျာတွေ မဖတ်ရတာကြာပြီ။

ဖတ်စရာစာအုပ်မရှိတဲ့ အရပ်မှာ
ရှင်သန်ရင်း နှလုံးသားက
ရွက်ကြွေတစ်ရွက်လို နွမ်းလျလျနဲ့
ကျွန်တော် လူမဆန်ခဲ့ရတာ ကြာခဲ့ပြီ။

ဆယ်စုနှစ်ကြာပြီးနောက်
ခြောက်လကြာ ကဗျာတွေနဲ့
ရေလောင်းပေါင်းသင်တော့
ကျွန်တော့် နှလုံးသားလေး
တဖြည်းဖြည်း အစိမ်းရောင်ပြန်သန်းလာခဲ့။

ရင်ထဲမှာ စကားလုံး မျိုးဆက်သစ်တွေ
ပြန်လည်မွေးဖွားလာခဲ့။
ကျွန်တော်နိုင်သလောက်
ပါဝင်ထမ်းပိုးပါရစေ။
ဆင်ပြောင်ကြီးတစ်ကောင်လို
သစ်လုံးကြီးတွေ မထမ်းနိုင်ပေမယ့်
စာကလေးငှက်တစ်ကောင်လို
ကျွန်တော် ထမ်းပိုးနိုင်တဲ့
မြက်ပင်လောက်တော့
ကျွန်တော့်သဘောနဲ့ ကျွန်တော် ထမ်းပိုးပါရစေ။

ပြတ်တောက်သွားတဲ့ ခေတ်တစ်ခေတ်မှာ
ဆရာသစ္စာနီကို သိတဲ့ ကျွန်တော်
ဆရာဇေယျာလင်းကို ကျွန်တော်မသိတော့ဘူး။
ဆရာတာရာမင်းဝေကို သိတဲ့ ကျွန်တော်
ဆရာမင်းခက်ရဲကို ကျွန်တော်မသိတော့ဘူး။
ဆရာဇော်ဇော်အောင်ကို သိတဲ့ ကျွန်တော်
ဆရာဇော်ဇော်ထွန်းကို ကျွန်တော်မသိတော့ဘူး။
ဆရာအောင်ဝေးကို သိတဲ့ ကျွန်တော်
ဆရာအောင်ခင်မြင့်ကို ကျွန်တော်မသိတော့ဘူး။

ဘ၀ကပေးတဲ့ ဇာတ်ညွန်းဇာတ်ကွက်တွေကို
ကျရာအခန်းက ကပြအသုံးတော်ခံရင်း
မျိုးဆက်သစ်ဖြစ်လျှက်
စာပေမျိုးဆက်သစ်ကို
မျက်ခြေပြတ်သွားတဲ့ ကျွန်တော်
စားပွဲထိုးတစ်ယောက်အဖြစ် ရှင်သန်ရင်း
နံနက်အိပ်ရာထ ညအိပ်ရာဝင်
ဗလာအခင်းအကျင်းတွေနဲ့
အဆုံးသတ်ခဲ့ရတယ်။

ရင်သားထွားထွား စကားလုံးအတိုအပြတ်
ယဉ်ကျေးမှုမှာ ပျော်ဝင်ခဲ့ရတာ
ဆယ်စုနှစ်တိုင်တိုင်
တစ်ခါတစ်ရံ အလည်လာတဲ့
ကဗျာမမည် စာမမြောက်
ခံစားချက်တွေ
စွန့်လွတ်ထားခဲ့လိုက်ရတာကြာခဲ့ရောပေါ့။

ဘာသာစကားအသစ်တွေ ကျက်မှတ်ရင်း
လက်တွေ့ဘ၀တစ်ခု တည်ဆောက်ရင်း
နှလုံးသားတွေ ရင့်ထော်လာခဲ့။
ကျွန်တော် နားမလည်တဲ့ ဘာသာစကားကို
ကျွန်တော် နားလည်ပေးခဲ့ရတယ်။

ခိုးဝှက်ခံလိုက်ရတဲ့ ရရစားစား
ခံစားမှုတွေက
အမြင်တွေ ဝေး၀ါးလာခဲ့
ရှင်သန်မှုတွေ ဝေး၀ါးလာခဲ့
တစ်ခါတစ်ရံ ယဉ်ကျေးမှုခြင်း
စီးချင်းထိုးခဲ့ရတယ်။
တစ်ခါတစ်ရံ ၀မ်းနည်းခြင်းတွေနဲ့
နေ၀င်ခဲ့ရတယ်။

ဘ၀က အပိုင်းပိုင်းအစစ မျောနေတဲ့
အမှိုက်သရိုက်လို ဒီသောင်ဒီကမ်းမှာ
ကမ်းကပ်ပေးလိုက်ရတာ ကြာခဲ့ရောပေါ့။
စနစ်တကျဖျက်ဆီးခံလိုက်ရတဲ့ အိပ်မက်မာ
တစ်ခါတစ်ရံ ကိုယ့်ခါးကိုယ်
ကွေးညွတ်ပေးခဲ့ရတယ်။
ဒါက လမ်းကြုံခြင်းမဟုတ်တဲ့
ကျွန်တော့်ရှင်သန်ခြင်းတွေ

မောင်ဝေလွင်‬
၂၉.၀၄.၁၅

No comments:

Post a Comment