Tuesday, 13 October 2015
ကဗျာနဲ့ပတ်သက်လို့ မောင်ယုပိုင်ရဲ့စကား
သုခမိန်လှိုင် အောင်ချိမ့်တို့ရဲ့ အနည်းဆုံးရေးစပ်နည်းနဲ့အရင်
ဒီကဗျာလေးက ဖြစ်လာခဲ့တာ။(သူတို့လိုတော့ မစွမ်းဘူးပေါ့ဗျာ) အိုင်ဒီယာကို
အဓိကယူမယ်၊ အကောင်းဆုံးစကားလုံးတွေရွေးချယ်
ကျစ်လျစ်စွာနဲ့လိုရင်းကိုပြောမယ်။
ဒါကလည်းတစ်နည်းပေါ့။ ကဗျာအရွေ့အပြောင်းတွေမှာ ပုံသဏ္ဍာန်ကစားဟန်တွေသာ
ရှိသယောင်ထင်ရပေမယ့် အော်လ်တာနေးတစ်ဖြစ်တဲ့အတွေးထောင့်ဟာလည်း ကဗျာကို
လတ်ဆတ်ဆွဲဆောင်မှုရှိစေတာ အောင်ချိမ့်ရဲ့ကဗျာတွေက ဥပမာပဲ။
ခေတ်မီဆန်းသစ်စွာပုံသဏ္ဍာန်ကစားသူတို့ရဲ့ကဗျာတစ်ရာနှစ်ရာမှာမတွေ့ရနိုင်တဲ့
ဘ၀အမြင် အတွေးစိတ်ကူးကို သူ့ရဲ့ လိုတိုရှင်းကဗျာသုံးလေးပါဒမှာ
သွားသွားတွေ့ရတတ်လို့လည်း အောင်ချိမ့်ဟာ အောင်ချိမ့်ဖြစ်နေတာ ဖြစ်နေဆဲ
ဖြစ်လိမ့်မယ်။ ပြီးတော့ ပုဒ်ရေနည်းသလောက် တစ်ပုဒ်ဆိုတစ်ပုဒ်
တစ်ကြောင်းဆိုတစ်ကြောင်း ကိုယ့်ကိုအချိုးပြောင်းသွားစေတဲ့
မောင်ပြည့်မင်း၊ ပြီးတော့ အခု
ကိုမိုးဝေးရဲ့တတိယအကြိမ်ပြောင်းလဲရေးဖွဲ့ဟန်တွေ။
ကဗျာဗေဒတွေအများကြီးသူတို့ပတ်ဝန်းကျင်မှာဖြတ်စီးနေတဲ့ကြားမှာ သူတို့ဟာ
ခနတော့ မျှောပါသွားဟန်ရှိတယ်။ ဒါပေမယ့် အခု သူတို့ကိုပြန်တွေ့တယ်။ ဒါဟာ
အံ့သြစရာပဲ။ မောင်ပြည့်မင်းနဲ့မိုးဝေး(ကျီးကန်းနှစ်ကောင်)ကိုကြည့်ရင်
ကဗျာဗေဒကဗျာရေးဖွဲ့ဟန်အမျိုးအစားမြောက်များစွာကိုတွေ့ရတာထက် သေချာတာက
မောင်ပြည့်မင်းနဲ့မိုးဝေးကိုပဲတွေ့ရလိမ့်မယ်။ ဆိုလိုတာက
သူတို့သိမှုအပေါ်မှာ ကပ်ငြိနေတဲ့ တခြားကဗျာဗေဒတွေအကုန်လုံး
တဖြည်းဖြည်းကွာကျသွားပြီး ကဗျာရေးသူတွေရဲ့ ဘ၀နေမှု ဘ၀သိမှုတွေသာလျင်
ကဗျာအပေါ်ပြန်လည်လွမ်းမိုးကြီးစိုးရုပ်လုံးပေါ်လာတာ။ အချိန်ကာလတစ်ခုတော့
စောင့်ခဲ့ကြရလိမ့်မယ်။ ကျွန်တော့်တစ်ယောက်တည်းအနေနဲ့တော့ ဒါဟာ
ကဗျာဆရာသဘာဝတရားလို့တောင် မှတ်ယူထားတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့
မတူကွဲပြားတဲ့ကဗျာသဘာဝတွေ
အပြန်အလှန်ပဲ့တင်ထပ်တွန်းတိုက်တုံ့ပြန်နေခြင်းသာလျင်
အစဉ်အမြဲရွေ့လျားနေတဲ့သဘာဝရှိတဲ့
ကဗျာလုံးဆိုင်ရာကဗျာရဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုနေတာမဟုတ်လား။
ကိုယ့်ရဲ့ကဗျာသဘာဝကဗျာမိုဒယ်နဲ့မတူလို့ ငြင်းပယ်တာဟာ
တစ်နည်းအားဖြင့်ဘေးဖယ်ထုတ်တာပဲ။ ဒါက မိုးဝေ ဒါကရယ်စရာ ဒါက ခေတ်ပေါ်
ဒါကခေတ်ပြိုင် ဒါက အယ်လ်ပီ ဒါက အွန်လိုင်းလို့
ပုံသဏ္ဍာန်တွေနဲ့ချဉ်းကပ်တာဟာ ယေဘုယျကျလွန်းအားကြီးတဲ့
စွပ်စွဲချက်ဖြစ်ရုံကလွဲလို့ ကဗျာရေးသူတစ်ဦးတစ်ယောက်ချင်းရဲ့ စတိုင် အလှ
ဟန်တွေကိုတော့ လျစ်လျူရှုရာကျလိမ့်မယ်။ တစ်ယောက်ချင်းရဲ့ထူးခြားကဗျာဓာတ်
ကဗျာရေးဟန်တွေကို မမြင်နိုင်ဘဲ ခပ်လွယ်လွယ်သာ အသစ်အဟောင်းအကောင်းအဆိုး
ခွဲခြားဆက်ဆံမိကြလိမ့်မယ်။ ကျွန်တော့်အနေနဲ့တော့ အောင်ချိမ့်
မောင်ပြည့်မင်း နေမျိုး စသည်တို့ကို လက်မလွတ်နိုင်သေးသလို
ဇေယျာလင်းနဲ့မောင်ဒေးတို့ထံမှလည်း သင်ယူလို့ကောင်းဆဲ ထို့အတူ မိုးဆတ်
ပန်စကူး လွန်းဆက်နိုးမြတ် နေမြဲ ငြိမ်းစိုးဦး လင်းဇင်ယော် မှသည် ကနေ့
ကောင်းကင်ကို မြတ်သူ တေးခက် ဟံလင်း ဇက်ကကြိုး သကောင့်သား မင်းခိုင်မြဲ
ညံလင်း ဟိန်း စသူလူငယ်များအထိ လေ့လာလို့ကောင်းဆဲ။ ကျနော့အနေနဲ့တော့
သူတို့ (ပရင့်၊အွန်လိုင်း) ဘယ်လိုင်းကဆိုတာ စိတ်မ၀င်စား၊
သူတို့ကဗျာတွေဟာ ခေတ်ပေါ်ဟန်လား ရယ်စရာဟန်လား သရဖူ(ငြိမ်းအေးအိမ်)ဟန်လား
တာရာမင်းဝေစုတုပြုလား နယူးရော့ခ်ဂိုဏ်းဝင်တွေလား ဘာသာစကားအခြေပြုသူတွေလား
ဖလပ်တွေလား ပီအယ်လ်ပီတွေလား ကျွန်တော်နားမလည်။ ကျွန်တော်သိတာက
သူတို့တစ်ယောက်ချင်းစီရဲ့ကဗျာစာသားတွေဟာ သူတို့ကျင်လည်ရှင်သန်နေရတဲ့
ကာလဒေသကို ဘယ်လောက်ထိ နားလည်ထားလဲ သူတို့အပေါ်ဖိစီးထားတဲ့ပယောဂတွေကို
ဘယ်လောက်ထိ ကလန့်ကြည့်နိုင်လဲ ဆွကြည့်နိုင်လဲ
မေးခွန်းထုတ်တုံ့ပြန်နိုင်လဲ ပြီးတော့ သူတို့လက်ရာတွေမှာ
မြန်မာစာဝေါဟာရ၀မ်းစာဘယ်လောက်ရှိလဲ စူပါမင်း စပိုက်ဒါမင်းတို့လို
ပေါ်ရက်ထရီမင်းတွေဆိုပါစို့ သူတို့ဟာ
ကဗျာအာရုံပါဝါဘယ်လောက်ထုတ်သုံးသွားနိုင်သလဲ အဲဒါတွေနဲ့ပဲ
သူတို့ကဗျာကိုချဉ်းကပ်ဆက်ဆံတယ်။ ဒါက စာဖတ်သူအမြင်ပါ။
ကဗျာညွှန်ကြားရေးမှူးအမြင်လို့ မထင်စေချင်ပါဘူး။
ခေတ်စားနေတဲ့ကဗျာမိုဒယ်တစ်ခုခုနောက်လိုက်ပြီး အတူတူမရေးဖွဲ့ကြပဲ
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွေ့လျားပြုလုပ်နေကြတာကိုတွေ့နေရသေးလို့လည်း
ကျွန်တော် သူတို့ကို ကျေးဇူးတင်ရတာပေါ့။
အထက်မှာတွေ့ရတဲ့ ကျွန်တော့်ဖိုင်းဒီရုပ်ရှင်ကဗျာလိုတိုရှင်းဟာ
ခေတ်ပေါ်လူကြီးကဗျာသမားတွေအတွက်တော့ လိုတိုရှင်းဖြစ်ပေမယ့်
အွန်လိုင်းမှာအတွေ့ရများတဲ့ မီးခဲတရဲရဲလူငယ်တွေကြားချပြဖို့ဆိုရင်တော့
ဒိထက်ဆွဲဆောင်မှုရှိဖို့တော့လိုမယ်လို့ တွေးမိပြန်တယ်။
အဲဒီလိုတိုရှင်းအိုင်ဒီယာဖရိန်ထဲကို
ကျွန်တော့်ရဲ့လတ်တလောဘ၀ဖြတ်သန်းမှုပြဿနာတွေကောက်ထည့်လိုက်ရင် ဘယ်လိုနေမလဲ
လူကြီးလူငယ်မရွေးသုံးစွဲနိုင်အောင် စဉ်းစားမိတယ်။ ကျွန်တော့်ရဲ့
နောက်ပိုင်းကဗျာတွေ ရေးသားခြင်းမှာ အယူသီးမှုတစ်ခုက ကဗျာကို
ဘယ်လိုပုံသဏ္ဍာန်နဲ့မွမ်းမံသည်ဖြစ်စေ အရှိတရားနဲ့မကင်းကွာစေချင်တော့တာပဲ။
ရိုမန်တစ် သရုပ်မှန် မော်ဒန် ပို့စ်မော်ဒန်
ဆိုတဲ့အရွေ့ကိုပဲကြည့်လိုက်ရင် အရှိတရားနဲ့နီးနိုင်သမျှနီးအောင်
တွန်းရွေ့လာကြတဲ့အရွေ့လို့ပဲမြင်တယ်။ အလွန်ဖတ်ရှုလို့ကောင်းတဲ့
မော်ဒန်(ခေတ်ပေါ်မဟုတ်ပါ) ကဗျာတွေ ကျွန်တော်ရေးဖွဲ့ခဲ့စဉ်က
အရှိတရားကနေရှောင်ဖယ်ဖုံးဖိနေသယောင်သာဖြစ်ခဲ့တာ အခုနေပြန်ကြည့်တော့မှ
မြင်နိုင်တာ။ နောက် ၂၀၀၅နှောင်းပိုင်း
ကဗျာဗေဒနဲ့အသစ်အဆန်းရေးဖွဲ့ဟန်တွေပေါ်ပေါက်လာပြန်တော့လည်း
လျှောက်လိုက်မိပြန်ရဲ့။ ဒါပေမယ့် ကိုယ့်အရေးအသားကိုယ်
မအီမသာဖြစ်နေတဲ့တစ်ချက်ကို ပြန်ဆင်ခြင်ကြည့်တော့
ကိုယ့်နောက်ဆုံးပေါ်ကဗျာတွေဟာ
ဟိတ်ကြီးဟန်ကြီးထုတ်ပြီးဂမ္ဘီရအမျိုးမျိုးသုံးစွဲပြီးသာ ရေးဖွဲ့နေပေမယ့်
အရှိတရားနဲ့ပိုပိုဝေးနေတဲ့အချက်ပါပဲ။ အရာရာဟာဟန်ဆောင်အမှောင်ချ
အတုအယောင်မျိုးစုံကို မီဒီယာမျိုးစုံကနေ တည်ဆောက်နေတဲ့ကာလကြီးမှာ
နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကဗျာအနုပညာကရော
ဘာအတွက်ကြောင့် ရှည်လျားထွေပြားလီဆည်နေအုံးမလဲ။ ဒီလိုနဲ့
ဟိုစမ်းဒီစမ်းနဲ့ရေးလာရာကနေ ကာလတစ်ခုကိုရောက်တော့
ကဗျာရဲ့အလုပ်လုပ်နိုင်မှု (မိမိသဘောကျတဲ့ကဗျာအလုပ်စွမ်းဆောင်နိုင်မှု)ဆိုတာ
ပုံသဏ္ဍာန်တွေ ရေးနည်းတွေနောက်လျှောက်လိုက်တာမဟုတ်ဘဲ ကျွန်တော်တို့
အမှန်တကယ်ကျင်လည်ရှင်သန်နေရတဲ့
ကိုယ့်ဘ၀ကိုယ့်ပတ်ဝန်းကျင်ကိုယ့်ခေတ်စနစ်ကို ဘယ်လောက်ထိ
မေးခွန်းထုတ်နိုင်သလဲ ဘယ်လောက်ထိပါးပါးနပ်နပ်နဲ့ဝင်ပူးကပ်ပြီး
တုံ့ပြန်အလုပ်လုပ်နိုင်သလဲဆိုတာပဲ ကြည့်တော့တယ်။ ဆိုတော့ ကျွန်တော်က
ကိုယ့်အယူနဲ့ကိုယ် ကိုယ့်အရှိတရားစကားပြေကို လိုတိုရှင်းအိုင်ဒီယာဖရိန်ထဲ
ကောက်ထည့်လိုက်တယ်။ သမအောင် စီမံလိုက်တယ်။ ခိုမြီးဆက်လို
သပ်လျှိုထည့်လိုက်တာလည်းရှိသလို ဆူဒိုခုလို
ဖင်ခေါင်းချိပ်ဆက်လိုက်တာလည်းရှိတယ်။
စိတ်ကူးစာသားနဲ့တကယ့်ဘ၀အကြောင်းအရာကို အလှည့်ကျစီလိုက်တာလည်းရှိတယ်။
အပြောလွယ်သလောက်အလုပ်ခက်တယ်။ အတွေးထည်ရသလောက် အကောင်ထည်ဖေါ်ရာမှာ
ကိုယ့်ညံ့ဖျင်းမှုတွေ မြင်ရနိုင်တယ်။ အရှိတရားကိုကဗျာထည့်ကောက်ထည့်တာဟာ
ကဗျာဓါတ်စီးမှုဇောကပ်မထားရင် စကားပြေထော့ကျိုးတွေဖြစ်ကုန်နိုင်တယ်။
နောက်ဆုံး လိုတိုရှင်းစိတ်ကူးထည်နဲ့တကယ့်ဘ၀အကြောင်းအရာ ခွဲခြားမရအောင်
အစပ်အဟပ်ပြုပြီးတော့မှ ဒီကဗျာကို လွတ်ထုတ်လိုက်တာပါ။ ကျွန်တော့်ဖက်က
စွမ်းသမျှပဲပေါ့။ ကျန်တာကတော့ ဖတ်ရှုဖျင်ယူသူတို့အပိုင်း။
5D ရုပ်ရှင် ကဗျာရဲ့ ပထမ FORM က ဒီလိုပုံစံဗျ။
ပရိသတ်နဲ့ ရုပ်ရှင်ကြားက
ပိတ်ကားကို ဖြိုလိုက်တယ်။
ကြည့်သူကိုယ်တိုင်ဟာ ဇာတ်ကောင်
ရုပ်ရှင်ဟာ ဘ၀ထဲခုန်ဝင်လာပြီး
ဘ၀ဟာ ရုပ်ရှင်ထဲ လူးလိမ့်ဝင့်သွား။
ဘ၀ရုပ်ရှင်ထဲမှာ
မီးတောင်တွေပေါက်နေတယ်၊ ငလျင်တွေလှုပ်နေတယ်
ကမ္ဘာလောကကြီး အိုးထိန်းစက်ပမာ သွက်သွက်ခါနေတယ်။
ရွေးချယ်စရာလမ်းမရှိ ပြန်လမ်းမရှိ
တံတားအကျိုးအပျက်တွေဟာ ကိုယ့်အောက်ကနေ ဖြတ်သွားနေတယ်။
ကိုယ်က အာကာသထဲကျွံဝင်နေတာလား
အာကာသက ကိုယ့်ထဲကျွံဝင်လာတာလား
လွှစက်ကိုင်စိတ္တဇလူသတ်သမားကြီး လိုက်လာနေတယ်။
အောင်မလေးဗျ ဖြစ်ရ
အိုးမိုင်ဂေါ့ဖြစ်ရ
ကြောက်ပါပြီဗျဖြစ်ရ။
မြင်နေရတာတွေက သုံးဖက်မြင်တွေပဲ
ရုပ်လုံးကြွတွေပဲ
တကယ်မြင်နေ ကြားနေရတာပဲ။
အစစ်အမှန်ဖြစ်ပျက်နေတာပဲ
အစစ်အမှန် ဖြစ်-ပျက်နေတာပဲ။
ကမ္ဘာကြီးရဲ့ကစားနည်းအသစ်မှာ
ပျော်ရွှင်ပါစ။
မောင်ယုပိုင်
Labels:
ဆောင်းပါး,
မောင်ယုပိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment