Monday, 1 February 2016

မှတ်တမ်း‬(၁)


အမှောင်တစ်ခြမ်းက အလင်းကိုကွယ်ဝှက်
မိုးကညိုလျက်နဲ့
ဇင်ယော်တွေတောင် အိပ်တန်းပြန်ပြီ။
ကွန်ကရစ်တိုင်းရင်းမှာ ခရင်းအထပ်ထပ်နဲ့
ငါလည်းပဲ အိပ်တန်းပြန်ပြီ။

တောင်ပေါ်က စေတီအဆူဆူနဲ့
မိန်းမတစ်ယောက် နှုတ်ခမ်းနီထုတ်ဆိုးတဲ့
မှန်ဝိုင်းဝိုင်းတစ်ချပ်ထဲ
ရွှေနန်းတော်ကိုတွေ့ရ
ငယ်ငယ်တည်းကတွေ့ရတဲ့ အဲဒီကျွန်းမှာ
သဘောင်္ပျက်တွေက အခုထက်ထိရှိတုန်း
ဂျက်စပဲရိုးရုပ်ရှင်ထဲကလိုပေါ့။
စိမ်းစိုတဲ့ မြို့မှာလူတွေက ညစ်ထေးနေကြ
၁၈ရာစု ပန်းချီကားတစ်ချပ်ထဲကလို
အဖေ့ခေါင်းက အိုခြင်းရဲ့သင်္ကေတတွေ
ငေးမောရင်း ငေးမောရင်း
မိုးတဖွဲဖွဲကျလာပြီ
တလတ်ပါတွေချ
သက်ကယ်အကျီဟန်ပြ၀တ်ရင်း
ငါတို့က ခရီးဆက်နေကြ
တကယ်တန်းတော့
ငါ့နာမည်လည်း Sparrow ပါပဲ။

မောင်ဝေလွင်‬
၁၇.၁၀.၁၅

မှတ်တမ်း‬(၂)


မြတ်ဆရာပူဇော်ပွဲ တံဆိပ်တပ်ထားတဲ့
ဘီယာပွဲတော်ဟာ ကြက်ပျံမကျစည်ကားလို့
လူတွေဟာ တရုန်းရုန်းပေါ့။
ခြေဆန့်လက်ဆန့် လမ်းလျှောက်ကြည့်ရင်း
ဖုန်တထောင်းထောင်းနဲ့
ဘယ်မုန့်မှ မစားဖြစ်ဘူး။

လူငယ်တွေ အော်ကြဟစ်ကြနဲ့
ဓာတ်လိုက်ခံထားရသလို စက်သေနပ်လို
တရစပ်ပစ်ပေါက်နေလိုက်ကြတာ
ကုန်ဈေးနှုန်းကြီးတာတွေလည်း မပြောပါနဲ့တော့
မျက်စိရှုပ်နားငြီးတဲ့ အဲဒီဈေးပွဲတော်က
အသံတိတ်ထွက်ခွာလာ
တချို့လူတွေသွားဖို့
ငါ လမ်းဘေးပဲကပ်ပေးလိုက်တယ်။

လက်ဖက်ရည်ဆိုင်လေးရဲ့ ထောင့်ကျကျစားပွဲမှာပဲ
စိတ်အေးလက်အေး အကြမ်းပန်းကန်လုံးထဲ
အကြည့်အာရုံတွေ နှစ်ပစ်ထားမိတော့တယ်။

မောင်ဝေလွင်‬
၃၁.၁၀.၁၅

မှတ်တမ်း‬(၃)


နေပူပူအောက် ချွေးပြိုင်းပြိုင်းနဲ့
ဘယ်ဘက်လက်သန်းတွေ
သမိုင်းသစ်ကို ရေးထိုးနေကြ။

သူ့လက်ကို ငါ ကြည့်
ငါ့လက်ကို သူကြည့်
အသဲကြားက မဲတစ်ပြားအတွက်
မျက်လုံးခြင်းစကားပြောနေကြ။

မေမေရေ့
သား တာဝန်ကျေခဲ့ပြီ
အဲဒီစစ်ဘီလူးတွေကို
သား ဘယ်ဘက်လက်သန်းထောင်ပြခဲ့။


မောင်ဝေလွင်‬
၈.၁၁.၁၅

ပါရီရဲ့ဆယ့်သုံးဂဏန်း‬


စိတ္တဇပန်ချီးကားတစ်ချပ်ထဲက
သေမင်းက ၀တ်ရုံနက်နဲ့ထွက်လာ
အဲဒီသောကြာနေ့ညဟာ ၁၃ ဂဏန်းဖြစ်တယ်။
အဲဒီနေ့ ဆယ့်သုံးဂဏန်းဟာ
ပါရီကားစင်တင်ခံရတဲ့ သမိုင်းတစ်ခုပေါ့။
တရစပ်ပစ်ခတ်မှုမှာ
ပါရီဟာ ငိုသံတွေနဲ့သွေးရဲရဲသံရဲရဲ
ကော်ဖီဆိုင်ရဲ့မှန်မှာ သွေးစတွေနဲ့
ဘာတန်ကလန်ပြဇာတ်ရုံရဲ့
ကြမ်းပြင်မှာသွေးအိုင်ထွန်းလို့
တစ်ခြမ်းစောင်းနေတဲ့ ပါရီမျှော်စင်ကို
သေမင်းဝတ်ရုံနက်တွေ
သွေးအေးအေး ပစ်ခတ်ခဲ့ကြ။
ပါရီက မသိလိုက်ဘူး။
သေမင်းဟာ အကြမ်းဖက်ဝါဒဖြစ်
သေမင်းဟာ အစွန်းရောက်ဝါဒဖြစ်
သူတို့ဟာ ကမ္ဘာကြီးကို ခလုတ်တိုက်ခြင်းဖြစ်
ပါရီက မသိလိုက်ဘူး။
သွေးချောင်းစီး အကြမ်းဖက်မှုက
AK-47မှာ ယမ်းခိုးယမ်းငွေ့တွေနဲ့
ပတ်ဝန်းကျင်တစ်ခုလုံး
သေခြင်းတရားက ကစဥ့်ကလျား
မီးရောင်တွေကြားမှာ ပါရီဟာချောက်ချားဖွယ်
အတုန်းအရုန်း လဲကျဆုံးခဲ့ပေမယ့်
ပါရီဟာအရင်အတိုင်း မကြောက်မလန့်
စီးကရက်တစ်လိပ်ဖွာနေတယ်။
ငါတို့က ၀မ်းနည်းကြောင်း
မျက်နှာတွေပေါ် အလံတင်ကြ
နေရာအနှံ့ အဆောက်အုံတွေပေါ် အလံတင်ကြနဲ့
တကယ်တန်းတော့
ပါရီတစ်မြို့လုံး ကိုက်ခဲနေရော့မယ်။


မောင်ဝေလွင်
၁၅.၁၁.၁၅

စစ်ပွဲတွေကဘယ်သူ့အတွက်လဲ‬


ကမ္ဘာမြေပြင်မှာ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့
အဖေရဲ့ စိုက်ခင်းလေး
နံနက်နေရောင်ကြောင့် ပြန့်ကားလာတဲ့
အရွက်နှင့်ပင်စည်တို့က အဖေရဲ့အိပ်မက်
နေရောင်က အဖေ့ကိုချွေးထွက်စေတယ်။
ကျည်ဆံတွေက အဖေ့ကိုသွေးထွက်စေတယ်။
အဖေဘေးကင်းလုံခြုံစွာပြန်လာနိုင်ပါစေ။
အဖေ့အိပ်မက်ဆုလာဘ်အသီးအနှံကိုရိတ်သိမ်းနိုင်ပါစေ။

စစ်ပွဲတွေငြိမ်းချမ်းပါစေ။
မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။
သားကိုရှင်ပြုပေးချင်တဲ့အဖေ အိပ်မက်
တဖြည်းဖြည်းနီးကပ်လာတဲ့ စစ်မြေပြင်
နေ့ရောညပါ သေနတ်သံတွေ
ဗုံးကျသံတွေ ကြားနေရပြီ။
ရွာလမ်းလေးလည်း တိတ်ဆိတ်
မီးထဲကမီးခိုး ရေပွက်ပွက်ဆူလို့
လက်ဖက်ခြောက်ရနံ့တွေလွင့်ပြန့်နေခဲ့။
စစ်ပွဲများ စစ်သားများ
ပျောက်ဆုံးသွားတဲ့ ငါ့အစ်ကိုနဲ့
သေဆုံးသွားတဲ့ ငါ့ အဖေကိုပြန်ပေးပါ။
ငါတို့က ဝဋ်ဒုက္ခကိုယူ
သူတို့က သံယဇတကိုယူ
ဖျက်ဆီးခံရတဲ့အိပ်မက် သိမ်ငယ်စိတ်နှင့်
ယာတဲ့ကလေးလည်း မီးလောက်လျှက်ရှိပြီ။
စစ်ပွဲက ဘယ်သူအတွက်လဲ။
ပြောပါ စစ်ပွဲက ဘယ်သူအတွက်လဲ။
စစ်ပွဲက အသက်နှင့်ဖန်တီး
နှစ်အကြာ ငတ်မွတ်ခေါင်းပါးမှုတွေကြား
နေရာအများစုက မီးလောင်ပြင်
ကြောက်လန့်မှုက အရိုးစွဲ
နောက်တစ်ဖန်သတိပေးဖို့မလိုအပ်
ဖြစ်ခွင့်မရတဲ့ အဖေ့ဆန္နတွေက
အဖေ့နဲ့အတူပါသွားခဲ့ပြီ။
ငါ့ အဖေပြန်ပေးပါ။
စစ်ပွဲတွေက ဘယ်သူအတွက်လဲ။
ပြောပါ စစ်ပွဲက ဘယ်သူအတွက်လဲ။
အဆုံးမသတ်သေးတဲ့ စစ်ပွဲတွေက
မိသားစုတွေအစားပြန်မရတော့ဘူး။
စစ်ပွဲတွေအဆုံးသတ်
မျှော်လင့်ခြင်းတွေ ရှင်သန်ခွင့်ပေး။
နောက်ဆုံးတော့လည်း အိပ်မက်ဆိုးတွေအောင်နိုင်ခဲ့ရပြန်ပေါ့။
ရင်ဝမှာကျည်ဆံတန်းလန်းနဲ့
လူတိုင်းကိုအမိဖမ်းဖို့
နိုင်ငံတော်အလံအောက်မှာ
ဒုက္ခတွေထုတ်လုပ်နေကြ
ဒုက္ခ၌နစ်မြုပ်နေစဉ် မုန်းတီးမှုတက်တူးကိုထိုးကြ။
ဖျက်ဆီးခံရတဲ့အိပ်မက်တွေက လယ်ကွင်းပေါ်မှာ
လက်ချည်ပြန်သွားခဲ့ရတဲ့ လူ့ဘ၀မှာ
လောဘကထွန်းကား ဒေါသတွေချက်လုပ်
သေးငယ်တဲ့အိပ်မက်တွေမက်ရင်း
ကတိသစ္စာဆိုတာ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ပါပဲ။
လယ်တဲစောင့်အိမ်ကလေးရဲ့ အရှေ့ဘက်မြစ်ဖျားမှာပေါ့
တငွေ့ငွေလောင်မြိုက်လျှက် နိုင်ငံရဲ့ကတိတွေခမ်းခြောက်နေတယ်။

မောင်ဝေလွင်
၂၁.၀၇.၁၅
၀၇း၃၄

အရပ်ဆန်တဲ့ဇာတ်ကောင်


မျက်စိရှေ့ရောက်လာတဲ့ မြင်ကွင်းတွေက
ရုပ်ရှင်ထဲကလို အနေးပြကွက်နဲ့
နံနက်ခင်းက အသက်ဝင်နေတာမှ ဟုတ်ရဲ့လား
အော်ကြ ဟစ်ကြ သွားကြတယ် လာကြတယ်
နားထဲ ထော်လာဂျီတစ်စီးခုတ်မောင်းဝင်သွားခဲ့သလို
အဲဒီမျက်နှာတွေက ထောင့်မကျိုးခဲ့ဘူး။ 


အဲဒီမှာ ကျောင်းရှိတယ်
အဲဒီမှာ ကလေးရှိတယ်
အဲဒီမှာ လက်ဖက်ရည်ဆိုင်ရှိတယ်
အဲဒီမှာ လူတွေရှိတယ်
အဲဒီမှာ ငါ ရှိတယ်
အဲဒီအနေးပြကွက်ထဲက အဲဒီဇာတ်ကောင်တချို့ပေါ့။


ပြုံးပြရမှာ အသက်မပါသလိုနဲ့
လမ်းဆုံတစ်ခုလုံး လမ်းဆုံးနေတယ်
မြိန်ရေယှက်ရေ ခွေးခြေခုံပုပုလေးပေါ်ထိုင်ကြ
စကားလုံကြီးကြီးတွေ တစ်လိပ်ပြီးတစ်လိပ်ဖွာကြ
ပြီးတော့လည်း လွင့်ပစ်ထားလိုက်ကြ
အသံမျိုးစုံကြားနေရတဲ့ မနက်ခင်းဟာ
အဲဒီမနက်ခင်းဟာ အသက်ဝင်နေတာ
ဟုတ်မှ ဟုတ်ပါရဲ့လား။ 


ဆီတရွဲရွဲစကားလုံးတွေ စိတ်ပျက်ဖွယ်ချွဲကျိနေ
ကြာတော့လည် အဲဒီမှာ ငါမရှိသလိုနဲ့
အိမ်ပြန်လာတော့ မှန်မကြည့်ပဲ
ငါ့ စိတ်တွေချွတ်ချထားလိုက်တော့တယ်။ 


မောင်ဝေလွင်‬
၂၁.၁၁.၁၅

လရောင်းဆမ်းခြင်း‬


တစ်လတစ်လ
ဆုပ်လိုက် ဆန်းလိုက် ကွယ်လိုက်နဲ့
ဆာလောင်နေတဲ့လမင်းဟာ
ဗိုက်ပြည့်တော့ သူ့သဘာဝအတိုင်း
ဝိုင်းဝိုင်းစက်စက် ပြုံးခဲ့ပြီ။



 မောင်ဝေလွင်‬
၂၆.၁၁.၂၀၁၅