Monday, 1 February 2016
သမိုင်း_ နှင့်ကဗျာ (သစ္စာနီ)
ယနေ့ခေတ်ပေါ်ကဗျာကို လူငယ်တွေ ဘာကြောင့်ရေးနေကြသနည်း၊ ဖတ်နေကြသနည်းဆိုသော မေးခွန်းမှာ ယနေ့စတီရီယို(ခေတ်ပေါ်ဂီတ)ကို
လူငယ်တွေ ဘာကြောင့်ဆိုနေရသနည်း၊ နားထောင်နေကြသနည်း ဆိုသောမေးခွန်းနှင့် အတူတူပင်ဖြစ်ကာ အဖြေတစ်ခုတည်းသာ ရှိလေသည်။ ခေတ်က တောင်းဆိုသောကြောင့်ဟူ၍ ဖြစ်၏။ ဒီထက် လေးနက် အောင်ပြောရလျှင် ခေတ်ပေါ်ကဗျာဆိုသည်မှာ သမိုင်း၏ ပြဋ္ဌာန်းချက်အသစ်ပင်ဖြစ်လေသည်။
ဖြတ်သန်းသွားသော ကာလများမှာ သမိုင်းဖြစ်လာသည်။
အနုပညာအပါအ၀င် ယဉ်ကျေးမှုကိစ္စများကို သမိုင်း ကာလများက ကန့်သတ်ဖော်ဆောင်ပေးခဲ့လေသည်။ မြန်မာကဗျာ၏စဉ်ဆက် ဆင့်ကဲတိုးတက်ခြင်းသည်လည်း အခြား အရာများလိုပင် သမိုင်းနှင့်အတူ ဖြစ်ထွန်းလာရသည်မှာ ငြင်းပယ်၍ မရနိုင်သော သဘာဝတရားဖြစ်၏။ ပုဂံမှ ကုန်းဘောင် ခေတ်နှောင်း(ရတနာပုံခေတ်)ထိ ထွန်းကားခဲ့သော အစဉ်အလာရိုးရာ မြန်မာကဗျာသည် ခေတ်စမ်း၏ ဖြစ်ထွန်းမှုကြောင့် ချုပ်ငြိမ်းပျောက်ကွယ်ခဲ့လေသည်။ ယင်းမှာ ၀မ်းနည်းစရာ အခြေအနေမဟုတ်သည့် သမိုင်းဆိုင်ရာ အမှန်တရားပင်ဖြစ် သည်။ စစ်ပြီးခေတ် အကြီးအကျယ် ဖွံ့ဖြိုးခဲ့သော ခေတ်စမ်း၏အမွေကို ဆက်ခံခဲ့သည့် ခေတ်စမ်းသစ်ဝါဒမှာ ယခုအခါ မြ၀တီနှင့် ငွေတာရီမဂ္ဂဇင်း စာမျက်နှာပေါ်တွင်သာ
ကုတ်တွယ်ရှင်သန်နေသော အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။
ဇော်ဂျီ၊ မင်းသုဝဏ် ခေါင်းဆောင်သည့် ခေတ်စမ်းနောက်တွင် ဒဂုန်တာရာခေါင်းဆောင်သည့် စာပေသစ်သဘော တရားနှင့်အတူ အမျိုးသားလွတ်မြောက်ရေး၊ အရင်းရှင်ဆန့်ကျင်ရေး၊ ကိုလိုနီစနစ်တိုက်ဖျက်ရေး ကြွေးကြော်သံများဖြင့် ကဗျာသစ်တစ်ခေတ် ဖြစ်ခဲ့သည်။ (ဒေါင်းနွယ်ဆွေတို့နှင့် ဒဂုန်တာရာ အကွဲအပြဲမှာ အုပ်စုတွင်း ၀ိဝါဒပဋိပက္ခသာဖြစ်၍ ပန်းတိုင်းနှင့် အခြေခံသဘောတရားမှာ အတူတူပင်ဖြစ်လေသည်။) ထိုကဗျာသဘောတရားမှာ မိုးဝေကဗျာခေတ်၊ တော်လှန်ကဗျာ၊ နိုင်ငံတကာဝါဒအထိ သက်တမ်းမြင့်ကြာခဲ့သည်။
ယနေ့ခေတ်ကား ပီပီသသ ထင်ထင်ရှားရှားပင် ခေတ်ပေါ်ကဗျာခေတ် ဖြစ်တော့သည်။ သမိုင်းသည် ကျွန်တော်တို့ကို ဘယ်သောအခါမှ မညာပေ။ ကျွန်တော်တို့ကလည်း သမိုင်းကို မညာသင့်ပေ။
[၂]
ကျွန်တော်တို့သည် သမိုင်းကို အလေးပေးတန်ဖိုးထားရန် လိုသည်။ ကျွန်တော်သည် ခေတ်စမ်းစာပေသစ်နှင့် နောက်ဆုံးတော်လှန်ကဗျာတို့အထိ ယင်းတို့၏ ဖြစ်တည်မှု(ဖြစ်တည်ခဲ့မှု)ကို စောဒကတက် ငြင်းဆန်ရန် စိုးစဉ်းမျှ ဆန္ဒမရှိ ပေ။ ထိုဝါဒနှင့် ကဗျာသဘောတရားများသည် ခေတ်ကာလ၏ တောင်းဆိုချက်အရ ထွက်ပေါ်လာသော သမိုင်းပြဋ္ဌာန်းချက် များဖြစ်ပေသည်ဟု နားလည်လက်ခံနိုင်ခဲ့သည်။ ပြဿနာတစ်စုံတစ်ရာ ရှိစရာမမြင်ပါ။
ကျွန်တော့်စာအုပ်စင်တွင် ယနေ့တိုင်အောင် ဇော်ဂျီ၏ကဗျာစာအုပ်ရှိနေကာ
ဗေဒါလမ်းကဗျာအတွဲကို မကြာ မကြာ ဖတ်ရှုမိဆဲဖြစ်၏။
ဒေါင်းနွယ်ဆွေ၏ ကဗျာများထဲမှ အားကောင်းပြင်းထန်လှသော ဒေါသမာန်နှင့် အံ့မခန်းကြွယ်ဝ သော ရူပကအလင်္ကာများ အသုံးများကိုလည်း ကြုံတိုင်းချီးကျူးစကားဆိုဖို့ နှုတ်လျှာလေးလံခြင်းမရှိပါ။ သဒ္ဒါဆန်သော ကဗျာအရေးအသားနှင့် ကြည်လင်ချိုသာသော အဖွဲ့အနွဲ့များကိုလည်း ရှုတ်ချရန် ရည်ရွယ်ချက်မရှိပါ။ သို့သော် ယနေ့ ခေတ်သည်ကား ဇော်ဂျီ၊ ဒေါင်းနွယ်ဆွေခေတ် မဟုတ်သည်မှာ သေချာပါသည်။ နောက်ဆုံးစကားဆိုရလျှင်
(မလိုလှသော် လည်း ဒါဆို ဘယ်သူ့ခေတ်လဲ၊ မင်းခေတ်လားဟု ခွတိုက်မေးချင်သူ တချို့အတွက်ဖြေရလျှင် ကျွန်တော့်ခေတ်ဟု မဆိုလို ပါ။ ဆိုခွင့်လည်း မရှိပါ။ ထိုသို့ဆိုရမည်ကိစ္စလည်းမဟုတ်ပါ။) သို့သော် ကျွန်တော်တို့ခေတ်ဟုတော့ ဆိုချင်ပါသည်။ ကျွန်တော်တို့ဆိုသည်မှာ တစ်စုံတစ်ရာပုဂ္ဂိုလ် အမည်နာမထက်စစ်မှန်သော ခေတ်ပေါ်ကဗျာတစ်ခေတ် ဖြစ်ပေါ်လာ အောင် ကြိုးပမ်းထူထောင်နေသော ကဗျာဆရာအားလုံးကို ရည်ညွှန်းလိုရင်းဖြစ်သည်။
ခေတ်စမ်းနှင့် စာပေသစ်တို့ကို ခေတ်၏လိုအပ်ချက်၊ တောင်းဆိုချက်အရ
ဖြစ်ထွန်းလာရသည်ဆိုသောအဆိုကို ကျေကျေနပ်နပ်ခံယူကြမည့် ရှေးအစဉ်အဆက်က ဆရာကြီး၊ ဆရာငယ်တို့သည် ခေတ်ပေါ်ကဗျာသည် ခေတ်၏တောင်း ဆိုချက်အရ ဖြစ်ထွန်းလာရသည်ဆိုသော အဆိုကျမှ ဘာကြောင့် မျက်စိမှိတ်ငြင်းပယ်ရန် ကြံရွယ်နေကြရသနည်း။ စဉ်းစား စရာအကြောင်းခံတစ်ချက်သာ ရှိပါသည်။
သူတို့ သြဇာယုတ်လျော့မှာ စိုးရိမ်ပူပန်သောကြောင့်သာ ဖြစ်ဟန်ရှိပါသည်။
အာဂသတ္တိဟု ခေါ်ရပေတော့မည်။ အနုပညာသင်္ခါရ၊ အနုပညာသံဝေဂကင်းသူဟုတ်လည်း ခေါ်ရပေတော့မည်။
သီပေါမင်းစီးခဲ့သော ခြေနင်း(ရွှေချထားသောခုံဖိနပ်)ကို ယနေ့နိုင်လွန်ကတ္တရာလမ်းမပေါ်တွင် ချစီးရန် မသင့် လျော်တော့ပါ။
သို့သော် အမှိုက်ပုံသို့လည်း သွားလွှင့်မပစ်သင့်ပါ။
သူ့တွင် အသုံးချတန်ဖိုးရှိမနေတော့သော်လည်း သမိုင်း ၏ တန်ဖိုးရှိနေသောကြောင့် ဖြစ်ပါသည်။ ခေတ်ပေါ်ကဗျာမတိုင်မီကာလက ကဗျာများသည်လည်း တချို့သမိုင်းတန်ဖိုး သာရှိတော့ကာ (ဥပမာ-ခေတ်စမ်း)၊
တချို့လည်း အသုံးချတန်ဖိုး ယုတ်လျော့ကျဆင်းလာနေပါသည်။ (ဥပမာ-စာပေသစ်)။
ကျွန်တော်တို့ကတော့ ခေတ်ပေါ်ကဗျာကိုပင် ရေးဖွဲ့ရပါတော့မည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့သည် ကုန်းဘောင်ခေတ်
လူသားသော်လည်းကောင်း၊ စစ်ပြီးခေတ်လူသားသော်လည်းကောင်း မဟုတ်ဘဲ
၂၁ရာစု အကြို ခေတ် ပေါ်လူသားများ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
နတ်သျှင်နောင်နှင့် လှိုင်ထိပ်ခေါင်တင်တို့ နန်းဆန်သော အသုံးအနှုန်း ဖြင့် ရတုနှင့်ဘောလယ်သာ ရေးခဲ့ရကောင်းလားဟု ကျွန်တော်တို့ အပြစ်တင်ရန်မသင့်ပါ။
အနုပညာဆိုသည်မှာ တခြား ယဉ်ကျေးမှုကိစ္စများလိုပင် ခေတ်ကာလ(သမိုင်း)၏
ပြဋ္ဌာန်းကန့်သတ်ချက်အရသာ ဖြစ်ထွန်းနိုင်ကြောင်း တင်ပြခဲ့ပြီးပါပြီ။
ခေတ်ပေါ်လူသားသည်လည်း ခေတ်ပေါ်ကမ္ဘာနှင့် သူ့ဆက်ဆံရေး(ခေတ်ပေါ်ဘ၀အတွေ့အကြုံ အထွေထွေကို)ခေတ်ပေါ်
အာရုံခံစားမှုဖြင့် ကဗျာရေးဖွဲ့ပေလိမ့်မည်။ ယင်းမှာ ခေတ်ပေါ်ကဗျာရေးသူတို့၏ တသမတ်တည်းသော ၀တ္တရားသာလျှင် ဖြစ်သည်။
ခေတ်ပေါ်ကဗျာရေးသူတို့သည် ဘယ်သူဘယ်ဝါ ရိုက်ချိုးရမည်ဟု လည်းကောင်း၊ ဘယ်ဝါဒ ဘယ်အယူအဆ ကျဆုံးပါစေဟု လည်းကောင်း မအော်သင့်ပါ။ အော်ရုံဖြင့် မကျဆုံးနိုင်ပါ။ (မိုးသည် အချိန်အခါကြောင့်သာ ရွာခြင်းဖြစ်ပြီး ဖားအော်သံကြောင့် ရွာခြင်းမဟုတ်ချေ။) တစ်ဘက်က ကျဆုံးပါစေဟု ဆန့်ကျင်အော်ဟစ်ခြင်းကိုလည်း တုန်လှုပ်စရာမရှိ ချေ။ (တုန်လှုပ်သူများမှာ နဂိုကပင် ကိုယ့်အလုပ်ကိုယ် ယုံကြည်မှုမရှိသော၊ ခိုင်မာသော အသိမရှိသော အတုယောင်များ သာဖြစ်ပေမည်။)
သစ္စာနီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment