Wednesday, 13 May 2015

မေမေ

 လောကဓံကို အံ့တုခဲ့တဲ့မေမေ
လောကဓံကို ခါးစည်းခံခဲ့တဲ့မေမေ
နေပူထဲလည်း မေမေ
မိုးစက်တွေကြားလည်း မေမေ
အသဲခိုက်အောင် အေးခဲ့ဖူး
ဒီဇင်ဘာဆောင်းညတွေလည်း မေမေ


ဆံသသည် မေမေ
အပ်ချုပ်သည် မေမေ
ဆန်ကုန်သည် မေမေ
မီးသွေးလည်ရောင်းတဲ့ မေမေ
အုန်းခက်ထုံးရောင်းတဲ့ မေမေ
သစ်ဝါးရောင်းခဲ့တဲ့ မေမေ
အရပ်တကာလှည့် ရင်း
သားတို့ကို ရှာဖွေကျွေးမွေးခဲ့တဲ့မေမေ


ရနောင်းကော့သောင်း ကူးသန်းရင်း
သားသမီးငါးယောက်ကို
ရှာဖွေကျွေးခဲ့တဲ့မေမေ
သား မှတ်မိသမျှ
အမေ ခါးကုန်းအောင်ရုန်းခဲ့
အမေ့ ဘ၀ကိုဖြန့်ခင်း
သားတို့ကို နင်းလျှောက်စေခဲ့တယ်လေ။
လက်ဖမိုးနဲ့ သုတ်ခဲ့ရတဲ့
မျက်ရည်တွေက မနည်းတော့ဘူးမေမေ
နာကျင်ခြင်းတွေ နှစ်ချို့ခဲ့ပြီ မေမေ
ဘ၀ကို ရုန်းကန်ဖြတ်သန်း
လောကဓံရဲ့ ခပ်ပြင်းပြင်းရိုက်ချက်တွေကို
ကျရာအခန်းက
မေမေ အပြုံးမပျက်
တွန်လှန်ခဲ့တာကို သားမမေ့ဘူး မေမေ။

မေမေ့
မေတ္တာတရားတွေက
သားတို့အတွက် အနှိုင်းမဲ့ပါ မေမေ
သားရဲ့ ညီလေး နှမလေးတွေ နားလည်ပါ့မလား
သား စိုးရိမ်မိတယ်မေမေ။

မေမေရေ့
တစ်နေ့တော့ သားပြန်လာခဲ့မှာပါ
မေမေ ကျန်းမာပါစေ
မေမေ ကျန်းမာစွာရှိနေပါစေ

မောင်ဝေလွင်
၁၀.၀၅.၁၅
၀၁:၀၀ pm

No comments:

Post a Comment